လေးဘက်ပြေးနည်းဖြင့် ကမ္ဘာ့စံချိန်တင် အမြန်ဆုံးလူသား ဖြစ်လာသူ

ပို့စ်တင်ချိန် - 3/16/2014 02:32:00 PM


ဂျပန်နိုင်ငံသား တစ်ဦးသည် လေးဘက်ထောက် ခုန်ဆွခုန်ဆွ ပြေးနည်းဖြင့် ကမ္ဘာ့စံချိန်သစ် တစ်ရပ်ကို ပိုင်ဆိုင်နိုင်ခဲ့ကြောင်း သိရှိရသည်။ ခြေရောလက်ပါ အသုံးပြုကာ ပြေးရသည့် ပြိုင်ပွဲတွင် မီတာ(၁၀၀)အဆင့်၌ ကန်နီချီ အိုင်တိုက (၁၆.၈၇)စက္ကန့်ဖြင့် ပန်းဝင်ခဲ့သည်။ အသက်(၃၀)ရှိ အိုင်တိုသည် ယခုကဲ့သို့ စံချိန်သစ် တင်နိုင်အောင် ဆယ်စုနှစ် တစ်ခုမျှ အချိန်ယူ လေ့ကျင့်ခဲ့သူ ဖြစ်သည်။ မျောက်လူသားဟု ချစ်စနိုး အမည်ပေးခြင်း ခံထားရသည့် အိုင်တိုသည် တိရစ္ဆာန်ရုံများသို့ သွားရောက်ကာ မျောက်များ၏ လှုပ်ရှားမှုများကို ဗီဒီယိုရိုက်ပြီး စနစ်တကျ လေ့လာခဲ့သည်။ (၂၀၁၂)ခုနှစ်က ၎င်းပင် မီတာ(၁၀၀)ကို (၁၇.၄၇)စက္ကန့်ဖြင့် စံချိန်တင်ထားပြီး ယခုတစ်ဖန် ကိုယ်တိုင်ပင် ကမ္ဘာ့စံချိန် ထပ်ချိုးခဲ့ခြင်း ဖြစ်သည်။

ခြေနှစ်ချောင်း၊ လက်နှစ်ချောင်းကို အသုံးပြုပြီး ပြေးရသော ပြိုင်ပွဲသည် မကြာမီ တရားဝင် အားကစား ပြိုင်ပွဲကြီးများ၌ အသိအမှတ်ပြု ထည့်သွင်းခံလာရအောင် ကြိုးပမ်းလျှက် ရှိသည်။ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စာအုပ်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ကားလို့စ် မာတီနက်ဇ်သည် ယခုပြိုင်ပွဲတွင် အိုင်တိုပြေးလွှားသည့် စံချိန်ကို ကိုယ်တိုင်မျက်မြင် မှတ်တမ်းယူပြီးနောက် စံချိန်သစ်ကို အတည်ပြုပေးခဲ့သည်။ သို့သော်လည်း အိုင်တိုအနေဖြင့် ခြေ(၂)ချောင်းထဲဖြင့် ပြေးသည့် ကမ္ဘာ့စံချိန်ကိုမူ လိုက်မမီသေးချေ။ ဂျမေကာသား အူစိန်ဘော့တ်သည် မီတာ(၁၀၀)ကို (၉.၅၈)စက္ကန့်ဖြင့် ပြေးပြထားသည်။ သက်ရှိအားလုံးတွင်မူ အပြေးအမြန်ဆုံးမှာမူ ချီတာကျားသစ်များ ဖြစ်သည်။ ၎င်းတို့သည် မီတာ(၁၀၀) အကွာအဝေးကို (၅.၉၅)စက္ကန့်ဖြင့် အရောက်ပြေးနိုင်ပြီး တစ်နာရီလျှင် (၆၁)မိုင် မြန်နှုန်းထိ အရှိန်မြှင့်နိုင်ကြောင်း သိရှိရသည်။

planet myanmar