လူမျိုးအမည်တွင် ‘မြိတ်’ ဟု ဖြေရမည်ကို ဒေသခံအများစု မသိဟုဆို

ပို့စ်တင်ချိန် - 3/16/2014 04:14:00 PM


မြိတ်၊ မတ် ၁၅

လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုးအမည် မြိတ်လူမျိုးဟု ပြန်ဖြေရမည်ကို လက်ရှိအချိန် (သန်းခေါင်စာရင်း ကောက်ယူရန် နှစ်ပတ်ကျော်အလို) အထိ မြိတ်ဒေသခံ အများစု မသိသေးဟု မြိတ်ဒေသခံများထံမှ သိရသည်။

မြိတ်လူမျိုး အများစုသည် မြိတ်သည် လူမျိုးတစ်မျိုး ဖြစ်သည်ကိုပင် မသိကြဘဲ ဗမာလူမျိုးဟုသာ သိထားကြသည့်အတွက် သန်းခေါင်စာရင်း ကောက်ယူသည့် အချိန်တွင် ဗမာလူမျိုးဟုသာ ဖြေကြမည်ဟု ထင်ကြောင်း မြိတ်ဒေသခံ ဦးမောင်ဇော်ဇော်က မှတ်ချက်ပြုသည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် လူမျိုး ၁၃၅ မျိုးအတွက် ကုတ်နံပါတ်များ သတ်မှတ်ထားသည့် အနက် ဗမာစုတွင် ဗမာလူမျိုးအတွက် ကုတ်နံပါတ် ၅၀၁၊ ထားဝယ်လူမျိုး ၅၀၂၊ မြိတ်လူမျိုး ၅၀၃၊ ဆလုံ ၅၀၈ စသဖြင့် အသီးသီး သတ်မှတ်ထားသည်။
“လူမျိုးရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လူသိများအောင် ထားဝယ် လူမျိုးတွေပဲ လှုပ်ရှားမှု ရှိတယ်။ မြိတ်မှာ ဘာလှုပ်ရှားမှုမှ မတွေ့ဘူး” ဟု ဦးမောင်ဇော်ဇော်က ပြောကြားသည်။

မြိတ်လူမျိုး ရှိသည်ကို ဒေသခံများ ပိုမိုကျယ်ပြန့်စွာ သိရှိလာအောင် သန်းခေါင်စာရင်း အကြောင်း သိကောင်းစရာ ကျပန်း စကားပြော ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးက မြိတ်လူမျိုးစု ရှိတယ်ဆိုသော ခေါင်းစဉ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သဖြင့် ဒေသခံအချို့ မြိတ်လူမျိုး ရှိသည်ကို သိသွား လောက်မည်ဟု ထင်ကြောင်း မြိတ်မြို့ခံ ဦးကိုကိုထွေးက သုံးသပ်ပြောဆိုသည်။

အဆိုပါ သန်းခေါင်စာရင်း အကြောင်း သိကောင်းစရာများ ဖျော်ဖြေပွဲကို မတ်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက မြိတ်မြို့ ဆိပ်ငယ်ရပ်ရှိ နာရီစင်အနီးတွင် သီးလေးသီးအဖွဲ့နှင့် အဆိုတော် ဘန်နီဖြိုးတို့က တင်ဆက်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly