ငွေကြေးဆိုင်ရာ ပေါ်လစီများကို ဖြေလျှော့နိုင်ရန် တရုတ် မျှော်လင့်

ပို့စ်တင်ချိန် - 3/01/2014 03:53:00 PM


မတ် ၁။

နိုင်ငံ ထုတ်လုပ်မှု ကဏ္ဍ အညွှန်းကိန်း (PMI) ကျဆင်းနေသည့်ကြားမှ စီးပွားရေး တိုးတက်မှုနှုန်းကို ထိန်းသိမ်းရန် အတွက် တရုတ်အနေဖြင့် ငွေကြေးဆိုင်ရာ ပေါ်လစီများကို ဖြေလျှော့ ဆောင်ရွက်နိုင်ဖွယ် ရှိကြောင်း သြစတြေးလျနှင့် နယူးဇီလန် ဘဏ်လုပ်ငန်းစု (ANZ) ၏ စနေနေ့တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှု စစ်တမ်းမှ ဖော်ပြလျှက် ရှိသည်။

“ တကယ်လို့ တရုတ် အာဏာပိုင်တွေ အနေနဲ့ လာမဲ့ အမျိုးသား ပြည်သူ့ ကွန်ဂရက်မှာ စီးပွားရေး တိုးတက်မှုနှုန်း ၇.၅ ရာခိုင်နှုန်းကို မပြောင်းလဲဘူးဆိုရင် အစိုးရက ငွေကြေးဆိုင်ရာ ပေါ်လစီ တင်းကျပ်မှုတွေကို ဖြေလျှော့ပြီး စီးပွားရေး လုပ်ငန်းတွေကို အားပေးမြှင့်တင်သွားရမှာပါ ” ဟု စစ်တမ်းတွင် ပါဝင်သည်။တရုတ် အစိုးရ၏ တရားဝင် ထုတ်ပြန်ခဲ့သော PMI အညွှန်းကိန်းမှာ ဖေဖော်ဝါရီလတွင် ၅၀.၂ အမှတ် ရှိပြီး သုံးလတာ ဆက်တိုက် ကျဆင်းမှုလည်း ဖြစ်သည်။ စနေနေ့တွင် ထုတ်ပြန်ခဲ့သည့် နောက်ဆုံး အချက်အလက်များ အရ ၂၀၁၃ ခုနှစ် ဇွန်လ နောက်ပိုင်း အနိမ့်ဆုံး ကျဆင်းမှုလည်း ဖြစ်ကြောင်း သိရှိရသည်။

ပုဂ္ဂလိက ကဏ္ဍကို အခြေခံသည့် HSBC မှ PMI အညွှန်းကိန်းမှာလည်း နှစ်လ ဆက်တိုက်အဖြစ် ပုံမှန်စံနှုန်း အမှတ် ၅၀ အောက် လျော့နည်းလျှက် ရှိသည်။ အခြားသော ညွှန်ပြချက်များ အရလည်း စီးပွားရေး တိုးတက်မှုနှုန်းမှာ မျှော်မှန်းထားသည်ထက် လျှော့နည်းလျှက် ရှိကြောင်း ANZ မှ သံရိုင်းထုတ်လုပ်မှု နည်းပါးပြီး သံထည် ပစ္စည်းများ ထုတ်လုပ်မှု များပြားနေသည်ကို ထောက်ပြ ပြောဆိုခဲ့သည်။

“ တကယ်လို့ ကျဆင်းမှုနှုန်း ဆက်ရှိနေဦးမယ် ဆိုရင် အခုနှစ် ပထမဝက်အတွင်းမှာ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၇ ရာခိုင်နှုန်းအောက် ရှိနေပါလိမ့်မယ် ” ဟုလည်း ပြောကြားခဲ့သည်။ တရုတ်အနေဖြင့် ယခုနှစ် ဒုတိယဝက်တွင် ငွေကြေးဆိုင်ရာ ပေါ်လစီများကို လျှော့ချသွားနိုင်ကြောင်း ဂျပန် အကျိုးဆောင် ကုမ္ပဏီ နိုမူရာမှ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည့် စစ်တမ်းတွင် ပါဝင်သည်။

REF: Focus Taiwan
The Myanma Age