NLD ပါတီအား ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်က ဒုတိယအကြိမ် စာမျက်နှာပေါ်မှ တိုက်ခိုက်

ပို့စ်တင်ချိန် - 3/01/2014 01:04:00 PM


ရန်ကုန်၊ ဖော်ဖော်ဝါရီ ၂၆

အာဏာရ ကြံ့ခိုင်ရေးပါတီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ)၌ ဒေါ်အောင်ဆန်းစုကြည် မှလွဲ၍ ကျန်သောသူများမှာ အသုံးမကျသူဖြစ်ကြောင်း Hot News နှင့် တွေ့ဆုံ မေးမြန်းခန်း ဖြေဆိုမှု၌ ထည့်သွင်း ပြောဆို တိုက်ခိုက်ခဲ့သည်။

Hot News ဂျာနယ်အတွဲ (၄)၊ အမှတ် (၁၈၁) ၌ ““NLD မှာ ဒေါ်အောင်ဆန်းစုကြည်က လွဲရင် ကျန်တဲ့ကောင်တွေ တစ်ကောင်မှ သောက်သုံး မကျဘူး””ဟု ပြောဆို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယခုကဲ့သို့ NLD ပါတီအား စာမျက်နှာပေါ်မှ တိုက်ခိုက်ခြင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ်အဖြစ် ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကလည်း မြန်မာသံတော်ဆင့် ဂျာနယ်မှ တစ်ဆင့် NLD ပါတီအား တိုက်ခိုက် ခဲ့ဖူးသည်။

၂၀၁၅ ရွေးကောက်ပွဲ၌ NLD အနေဖြင့် ကိုယ့်ပုံကိုယ် မပြရဲသူများသာ ထွက်ပေါ်လာမည် ဖြစ်ကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း NLD မှ မဲဆွယ်သည့် အခါတွင်လည်း ကိုယ့်ပုံကိုယ် မပြရဲဘဲ ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံကိုသာ သုံးခဲ့ကြောင်း၊ မိမိတို့ ကြံ့ခိုင်ရေးပါတီမှ ၀င်ရောက် ယှဉ်ပြိုင်သူ၏ ဓာတ်ပုံဖြင့်သာ မဲဆွယ်စည်းရုံးခဲ့ကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင်လည်း ဗိုလ်ချုပ် အောင်ဆန်း ပုံနှင့် ဒေါ်အောင်ဆန်း စုကြည်ပုံသာ ဖော်ပြပြီး မိမိပုံမဖော်ဘဲ ရွေးကောက်ပွဲ ၀င်ပြိုင်မည်ဆိုပါက သတ္တိမရှိလို့ဘဲ”” ဟူ၍ Hot News ဂျာနယ်ပါ တွေ့ဆုံမေးမြန်းခန်း၌ ဦးလှဆွေက ပြောကြားထားသည်။ …

ထို့ပြင် လွှတ်တော်အတွင်း၌လည်း NLD မှ ရွေးကောက်ခံရသည့် ကိုယ်စားလှယ်များမှာ ဘာမှ ပြောရဲသူများ မဟုတ်ကြောင်း၊ လွှတ်တော်အတွင်း နင်လား၊ ငါလား အစိုးရကို အတိုက်အခံ လုပ်သူများမှာ ကြံ့ခိုင်ရေး အမတ်များသာ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ချင်းတောင်သို့ မသွားရန်နှင့် ကျန်းမာရေး ထိခိုက်မည်စိုး၍ ပြောဆိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် NLD အနေဖြင့်လည်း တိုင်းရင်းသား ဒေသများတွင် ၀င်ရောက် ယှဉ်ပြိုင်ခြင်း မလုပ်ဘဲ တိုင်းရင်းသားများကိုသာ  ပေးသင့်ကြောင်းလည်း အဆိုပါ အင်တာဗျူး၌ ပါရှိသည်။

ယခုကဲ့သို့ ကြံ့ခိုင်ရေး ကိုယ်စားလှယ် ဦးလှဆွေက NLD ပါတီအား စာမျက်နှာပေါ်မှ မတိုက်ခိုက်ခင် ကြံ့ခိုင်ရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းကလည်း NLD တွင် ဒေါ်စုကြည်ပဲ ရှိကြောင်း၊ နောက်လိုက် သိပ်မရှိကြောင်း မြန်မာသံတော်ဆင့် ဂျာနယ်အတွဲ(၂)၊ အမှတ်(၄၃)ပါ တွေ့ဆုံမေးမြန်းခန်း၌ ပြောကြား ခဲ့ဖူးသည်။

““ဟိုတုန်းက ကြံ့ခိုင်ရေးရဲ့ အတိုင်ပင်ခံဆိုတဲ့ ပုဂ္ဂိုလ်ကြီးကလည်း ဒီစကားကို ပြောခဲ့ပြီးပြီ။ ဒီချုပ်အမတ်တွေ လွှတ်တော်ထဲမှာ မေးခွန်းမမေးဘူးဆိုတာ ဘာမေးစရာလိုမလဲ။ အကုန်လုံး စည်းဝါးရိုက်ပြီးတော့ လွှတ်တော် ထဲမှာ ဘာမှ ဟုတ်တိပတ်တိ ပြောတာမှ မဟုတ်ဘဲ။ ပြောလို့လည်း မထူးတဲ့ဟာတွေ ရှိနေတယ်။ အဲဒါကြောင့် မေးသင့်မှပဲ မေးတယ်။ ဒီချုပ် လွှတ်တော်အမတ်တွေက မတန်ဘဲနဲ့ မပြောဘူး။ တန်မှပြောတယ်လို့ ယူဆတယ်”” ဟု NLD သဘာပတိ ဦးဝင်းတင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာသံတော်ဆင့်၌ ဖော်ပြခဲ့သည့် အဆိုပါ တွေ့ဆုံမေးမြန်းခန်း၌ပင် ဦးအောင်သောင်းက ““အာဃာတတွေနဲ့ လက်စားချေလိုတဲ့ နိုင်ငံရေးသမား၊ အာဃာတကို ဖော်ဆောင်နေတဲ့ နိုင်ငံရေးသမား၊ မကျေနပ်ချက်ကို အခြေခံပြီး ဖြစ်လာတဲ့ နိုင်ငံရေးသမား၊ အခွင့်အရေးရမလား ဆိုပြီးတော့ ၀င်လာတဲ့ နိုင်ငံရေးသမား ဖြစ်နေတယ်”” ဟူ၍လည်း NLD နှင့် ပတ်သက်၍ ဖြေကြားခဲ့သည်။

Hot News ဂျာနယ်ပါ ဦးလှဆွေ၏ ပြောကြားချက်နှင့် ပတ်သက်၍““မနာလိုဝန်တိုဖြစ်ပြီး အင်တာဗျူးမှာ ဒီလိုဝေဖန် တာကတော့ ပြည်သူတွေကပဲ ဆုံးဖြတ်ကြမှာပါ။ သူက မနာလိုဝန်တို ဖြစ်ပြီး လျှောက်ပြောနေတော့ ဘယ်ဖြစ်မလဲဗျာ။ မြတ်စွာဘုရားတောင် ဒေ၀ဒတ်ရှိသေးတာပဲ။ ကျွန်တော်တို့က သည်းခံရမှာပေါ့။ ဒေါ်အောင် ဆန်းစုကြည်ကို ဖော်ပြချင်ရင် သူ့ရဲ့အဖေ ဗိုလ်ချုပ်အောင်ဆန်းလည်း ပါမှာပေါ့ဗျာ။ အဖေ မပါဘဲနဲ့ ဘယ်ဖြစ် မလဲ။ ဘယ်မျိုးရိုးစဉ်ဆက်ကနေ နိုင်ငံတော်အတွက် ဦးဆောင်လာကြတာကို အစဉ်အလာလေးတွေနဲ့ ဖော်ထုတ်ရမှာပေါ့””ဟု NLD နာယက ဦးတင်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူအများစု လက်မခံသည့် အခြေခံဥပဒေအား ပြင်ဆင်၍ ရွေးကောက်ပွဲ အား သန့်ရှင်းလွတ်လပ်စွာ ကျင်းပမည် ဆိုပါက လက်ရှိ ကြံ့ခိုင်ရေးပါတီ အမတ်များအနေဖြင့် နေရာရမှာ မဟုတ်ကြောင်း၊ ရွေးကောက်ပွဲကသာလျှင် အဆုံးအဖြတ် ပေးသွားမည် ဖြစ်ကြောင်း NLD သဘာပတိ ဖြစ်သူ ဦးဝင်းတင်က ပြောသည်။

““ဒေါ်အောင်ဆန်းစုကြည်မှ တစ်ပါး ကျန်တဲ့သူတွေ အသုံးမကျဘူးဆိုရင် ဒေါ်အောင်ဆန်စုကြည်ကို ကြံ့ခိုင်ရေးက ဘာလို့ ကန့်ကွက်သေးလဲ။ ဒီချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်တစ်ယောက် ရှိသေးတယ်။ ကြံ့ခိုင်ရေးမှာ ဘယ်သူရှိသေးလဲ။ ဒေါ်အောင်ဆန်းစုကြည်လို အရည်အချင်းရှိတဲ့ သူတစ်ယောက်နားမှာ ၀န်းရံ နေတဲ့ ဒီချုပ်က လူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထက်မြက်တဲ့ အရည်အချင်းတွေ ရောင်ပြန်ဟပ်လာပြီး ခေါင်းဆောင် အရည်အချင်းရှိတဲ့သူ၊ တန်ဖိုးရှိတဲ့သူတွေ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ကြံ့ခိုင်ရေးမှာတော့ အဲဒီလိုလူမျိုး တစ်ယောက်တောင် မရှိတဲ့အတွက် ကြံ့ခိုင်ရေး အသုံးမကျဘူးလို့ ပြောမယ်ဆိုရင်တောင် ဦးလှဆွေအပါအ၀င် အကုန်လုံး ဘယ်သူမှ အသုံးမကျဘူးလို့ ပြောရမှာပဲ”” ဟု ဦးဝင်းတင်က ပြောသည်။

MH-0025

Myanmartandawsint Newspaper