သင်္ကြန်မဏ္ဍပ်များတွင် အ၀တ်လဲခန်းမှလွဲ၍ အခန်းပိုများ ဖျက်ခိုင်း

ပို့စ်တင်ချိန် - 4/08/2014 04:27:00 PM



Author: အေးသူစံ
Location: ရန်ကုန်


ရန်ကုန်သင်္ကြန်မဏ္ဍပ်အချို့တွင် စုံတွဲများ နှစ်ကိုယ်ကြားတွေ့ဆုံနိုင်သည့် အခန်းများ ထည့်သွင်း တည်ဆောက်ထားခြင်းကြောင့် အ၀တ်လဲခန်းမှလွဲ၍ အခြားအခန်းများ ပြန်လည်ဖျက်သိမ်းရန် မဏ္ဍပ်တည်ဆောက်သူများကို သတိပေးထားသည်။

‘‘ဒီနှစ်မဏ္ဍပ်တွေ ဘေးနဲ့အနောက်မှာ ရိပ်သာလို၊ တည်းခိုခန်းလို စုံတွဲနှစ်ကိုယ်ကြား တွေ့ နိုင်တဲ့ အခန်းတွေ ထူးထူးခြားခြား လုပ်လာကြတယ်။ သာမန်အ၀တ်လဲခန်းလောက်ဆို ကျွန်တော်တို့ ဘာမှမပြောဘူး။ နှစ်ကိုယ်ကြား တွေ့တဲ့အခန်းနဲ့ အ၀တ်လဲခန်းဆိုတာ အရမ်းသိသာပါတယ်။ ဒါတွေ လုံးဝထည့်မဆောက်ဖို့၊ ဆောက်ထားရင် ပြန်ဖျက်ဖို့ မြို့ နယ်မှူးတွေကတစ်ဆင့် သတိပေးထားတယ်’’ ဟု ရဲမှူးကြီးမြင့်အေးက ပြောသည်။

သတိပေးညွှန်ကြားချက်အတိုင်း လုပ်ဆောင်ထားခြင်းရှိ၊မရှိ ကို သင်္ကြန်မကျမီ ဧပြီ ၁၁ နှင့် ၁၂ ရက်တို့တွင် လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မဏ္ဍပ်များတွင် သင်္ကြန်လက်မှတ်များကို ရိုးရိုးတန်းနှင့် VIP တန်းဟု ခွဲခြားသတ်မှတ်ထားပြီး VIP တန်းအတွက် အထူး နားနေခန်းများတွင် အနားယူရန် ပြင်ဆင်ထားကြောင်း၊ အထူးတန်းဈေးမှာ တစ်ရက်လျှင် ကျပ် တစ်သိန်းကျော် ဈေးရှိပြီး ယမကာနှင့် အခြားဖျော်ဖြေမှုများ ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

မဏ္ဍပ်တွင် အလုံပိတ်နားနေခန်းများကို ဧည့်သည်များနားနေခန်းအဖြစ် အမည်တပ်၍ စီးပွားရှာစားခြင်းသည် ရိုးရိုးသားသား မဏ္ဍပ်ထိုးသူများအတွက် ထိခိုက်မှုများဖြစ်ပေါ်နိုင်ကြောင်း The Invaders မဏ္ဍပ်မှ အဆိုတော် ရန်ရန်ချမ်းကပြောသည်။

မဏ္ဍပ်များတွင် ရေပက်ကစားသူများ နားနေရန် အခန်းများကို ယခင် သင်္ကြန်နှစ်များတွင်လည်း ထည့်ဆောက်လေ့ရှိကြောင်း အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းတို့တွင် နေထိုင်ခဲ့ဖူးသည့် စာရေးဆရာ နေနော်က ပြောကြားသည်။

‘‘အရင်မဏ္ဍပ်တွေ ဆောက်ခွင့်ပြုခဲ့တဲ့ အင်းလျားလမ်းတို့၊ တက္ကသိုလ်ရိပ်သာလမ်းတို့ဆို ကျွန်တော်နေခဲ့တာပဲ။ သင်္ကြန်တွင်းဆို တွေ့နေရတာပဲ။ ပါတီတွေပေးတာ။ မဏ္ဍပ်ကဆောက်ထားတဲ့ အခန်းတွေထဲမှာ နေချင်ရင် စုံတွဲတွေက မဏ္ဍပ်ဆောက်တဲ့သူတွေကိုဈေးညှိရတယ်။ ရိုးရာသင်္ကြန်က ပျက်သွားတာကြာပါပြီ။ ကိုယ့်ကလေးတွေအတွက် စိတ်ပူတယ် ဒါမျိုးတွေ’’ဟု အရွယ်ရောက်ကလေးနှစ်ဦး ဖခင် စာရေးဆရာ နေနော်က ပြောသည်။

‘‘ကျွန်တော်တို့ မဏ္ဍပ်မှာလည်း VIP အခန်း ရှိပါတယ်။ ဒါအလုံပိတ် မဟုတ်ဘူး။ ကိုယ့် မဏ္ဍပ်လာတဲ့ ဧည့်သည်တွေ ခဏတစ်ဖြုတ်နားလို့ရအောင် ထည့်ထားတာ။ အထဲမှာ ထိုင်နေတဲ့သူကိုလည်း မြင်နေရတယ်။ အခုလို VIP လို့ နာမည်တပ်ပြီး အလုံပိတ်စီးပွားရှာစားတာမျိုးကို တာဝန်ရှိသူတွေ သေချာစစ်ပါ။ တွေ့ရင် အရေးယူပေးပါ’’ဟု ၎င်းကပြောသည်။

သင်္ကြန်မဏ္ဍပ်အနီးတွင် အရက်သေစာမရောင်းရ၊ သောက်စားခြင်းမရှိရဟု အစိုးရက ပုံမှန် စည်းကမ်းချက် ထုတ်ပြန်ထားသော်လည်း နှစ်စဉ် သင်္ကြန်ပွဲတော်တွင်း အမျိုးသား၊ အမျိုးသမီးများ၏ အရက်သေစာသောက်စား မူးယစ်နေသည့်ပုံများမှာ လူမှုကွန်ရက်များတွင် ပျံ့နှံ့လျက်ရှိသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်အကြီး၊ အသေး စုစုပေါင်း ၁၄၀ ကျော် ခွင့်ပြုထားပြီး ယခင်နှစ်ထက် နှစ်ဆခန့် ပိုမိုများပြားလာကာ ရန်ကုန်သင်္ကြန်မှာ အစွမ်းကုန် စည်ကားမည့်သဘောတွင် ရှိနေသည်။

7day daily