ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် စတစ်ကာကမ်ပိန်း သထုံတွင် ထပ်လုပ်မည်

ပို့စ်တင်ချိန် - 6/02/2014 08:23:00 AM

ဓာတ်ပုံ - ကမာရွတ် မီဒီယာ

ရန်ကုန်၊မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ သထုံမြို့ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ် ကောက်ခံသည့် နေရာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသော စတစ်ကာကမ်ပိန်းတစ်ခုကို ဇွန်လ ဒုတိယပတ်တွင် ထပ်မံပြုလုပ်မည်ဟု အဆိုပါကမ်ပိန်း လှုပ်ရှားမှု၏ ပြောရေးဆိုခွင့်ရှိသူ ကိုဝေဖြိုးအောင်က မဇ္ဈိမကို ပြောသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ် လာထိုးသည့် ပြည်သူများကို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသော စာသားများပါဝင်သည့် စတစ်ကာများ ဝေငှသွားမည်ဖြစ်သည်။ မေ ၃ဝရက်က မြို့နယ် ၁၄ဝတွင် တစ်ပြိုင်နက် စတစ်ကာကမ်ပိန်းပြုလုပ်ခဲ့ရာမှ မွန်ပြည်နယ် သထုံမြို့တွင် စတစ်ကာပေးဝေမှု အစီအစဉ် ပြုလုပ်ရန် ဆက်သွယ်ခဲ့ခြင်းကြောင့် ထပ်မံပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

“သူတို့က တောင်းဆိုလို့လုပ်ပေးမှာပါ” ဟု ကိုဝေဖြိုးအောင်ကပြောသည်။

၂ လက်မအရွယ် စတစ်ကာ ၁ သောင်းခွဲနှင့် ၄ လက်မအရွယ် စတစ်ကာ ၁ သောင်းခွဲကို သထုံမြို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးသည့် နေရာများတွင် ထားရှိရန် ပေးပို့သွားမည်ဖြစ်သည်။

စတစ်ကာပါ စာသားများမှာ "အောင်ဆန်းသွေးကို ဒို့ယုံကြည်၊ အောင်ဆန်းမသေဘူး၊ အောင်ဆန်းတွေ့ချင်ရင် အောင်ဆန်းစုကြည်ကိုကြည့်" တို့ဖြစ်သည်။ ယင်းကမ်ပိန်းကို ၂ဝဝ၈ ဖွဲ့စည်းပုံခြေခံဥပဒေ ပြင်ဆင်နိုင်ရေး၊ ပြည်သူရွေးချယ်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်လာရေး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာနိုင်ရေး တို့အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

Written by ယုဝေ
Mizzima Burmese