၁၄ရက်၊ ၅လ၊ ၂၀၁၄ခုနှစ် သတင်းထူးများ

စိတ်ဝင်စားသည့်သတင်းအား နှိပ်၍ ဖတ်ရှုပါ။



၁၃ရက်၊ ၅လ၊ ၂၀၁၄ခုနှစ် သတင်းထူးများ




စာအုပ်တစ်အုပ်ဖတ်လျှင် သုံးရက်လျော့ပေးတော့မည့် အီတလီ အကျဉ်းထောင်များ


အီတလီနိုင်ငံမှာ ထောင်ကျအကျဉ်းသားတွေကို စာအုပ်တစ်အုပ် ဖတ်တိုင်း သုံးရက်လျော့ ဥပဒေပြဌန်းပေးတော့မှာ ဖြစ်ပါတယ်။

တစ်နှစ်အတွင်း အများဆုံး ၄၈ ရက်ထိ လျော့ရက်ရမှာဖြစ်ပြီး ဒါဟာ စာအုပ်ပေါင်း ၁၆အုပ်နဲ့ညီမျှပါတယ်။
အီတလီအရာရှိတွေရဲ့ ပြောကြားချက်အရ ထောင်အာဏာပိုင်တွေ ခွင့်ပြုတဲ့  စာမျက်နှာ ၄၀၀ အထက်ရှိ စာအုပ်တွေကို ဖတ်သွားရာမှာဖြစ်ပြီး ကာတွန်းနဲ့ ရုပ်ပြစာအုပ်တွေ မပါဘူးလို့ဆိုပါတယ်။

ဒီဥပဒေကို အီတလီတောင်ပိုင်းဒေသ Calabria ထောင်တွေမှာ စတင်ပြဌန်းတော့မှာဖြစ်ပြီး ဒီဒေသဟာ Camorra လို့ခေါ်တဲ့ ဒေသခံမာဖီးယား လူဆိုးဂိုဏ်းတွေရဲ့ အမာခံနယ်မြေတွေ ဖြစ်ပါတယ်။

ဒီအကြံညဏ်ကို တင်ပြခဲ့တဲ့ ဒေသတွင်းကောင်စီ ယဉ်ကျေးမှုဆိုင်ရာအကြီးအကဲ Mario Caligiur က “စာဖတ်ခြင်းက မတည်ငြိမ်မှုအတွက် လုံးဝဖြေဆေးတစ်ခုပါ။ လူမှုအသိုင်းအဝိုင်းနဲ့ဆိုင်တာတွေ၊ ကိုယ်ကို့ကိုယ် သိမြင်လာတာတွေအပြင် နားလည် သဘောပေါက်မှုကို သူက ရရှိစေပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် 

မြတ်စွာဘုရား၏ နောက်ဆုံးသာဝက


 ရှင်အာနန္ဒာကား နွမ်းလျနေသောဘုရားရှင်ကို ခြေဆုံးခေါင်းဆုံးဖူးလိုက်၊ မိမိ၏ ရှေ့ရေးနောင်ရေး တွေးလိုက်နှင့် တလှိုက်လှိုက် ပူဆွေး၍ ဘုရားရှင်နှင့် မနီးမဝေး ကျောင်းတိုင်ကို
မှီလျက် ရိုက်ကြီးတငင် ငိုကြွေးနေ၏။

ထိုအချိန်မှ “သုဘဒ္ဒပရိဗိုဇ်”သည် မိုးသောက်ယံ၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော့မည့် သတင်းကိုကြား၍ ပြဿနာမေးလျှောက်ရန်မြတ်စွာဘုရားအထံသို့ တိုးဝင်လာရာ ရှင်အာနန္ဒာက
သုံးကြိမ်တိုင်တိုင် တားမြစ်လေသည်။

သုဘဒ္ဒပရိဗိုလ်နှင့် ရှင်အာနန္ဒာတို့ အချီအချေ ပြောဆိုနေသော စကားကို မြတ်စွာဘုရား ကြားတော်မူ၍ ရှင်အာနန္ဒာအား မတားမြစ်ရန် မိန့်တော်မူ၏။

သုဘဒ္ဒပရိဗိုဇ်သည် မြတ်စွာဘုရားအား - လာက၌ မိမိကိုယ်ကို ဘုရားဟု ၀န်ခံ၍နေကြသော
ပူရဏကဿပ စသော ဆရာကြီးတို့သည် သဗ္ဗညုတဉာဏ်ရသော ဘုရားဟုတ် - မဟုတ်ကို မေးလျှောက်သည်။ မြတ်စွာဘုရားက ထိုသို့ မေးလျှောက်ရန် တားမြစ်တော်မူ၏။

မြတ်စွာဘုရားက သုဘဒ္ဒပရိဗိုဇ်အား -

“မဂ္ဂင်ရှစ်ပါးကျင့်စဉ် မရှိသော အယူဝါဒ၌ ကိလောသာငြိမ်းသော အရိယာများ မဖြစ်ပေါ်နိုင်၍
အချည်းနှီးဖြစ်ပုံ၊ မဂ္ဂင်ရှစ်ပါးကျင့်စဉ် ရှိသော ဤသာသနာတော်၌သာ ကိလေသာ ငြိမ်းသူ အရိယာရှိပုံ။
ဤသာသနာတော်၌ ရဟန်းတို့သည် ကိုယ်တိုင်လည်းကျင့်၊တဆင့်လည်း ဟောပြကာ ကောင်းစွာကျင့်ကြံနေသမျှ
ကာလပတ်လုံး ဤလောက၌ ရဟန္တာ မဆိတ်သုဉ်းနိုင်ကြောင်း” ဟောပြတော်မူ၏။

သုဘဒ္ဒပရိဗိုဇ်လည်း သာသနာဘောင်သို့ ၀င်ရောက်ကာ ရဟန္တာဖြစ်ပြီး မြတ်စွာဘုရား၏ “နောက်ဆုံးသာဝက”ဖြစ်ပေတော့သည်။ ရာသီဥတုကလည်းကြမ်း၊ သွေးဝမ်းရောဂါကလည်း ပြင်းထန်စွာ
ဖိစီးသည့်ကြားက (၂၅)ထောက်တိုင်တိုင် တန့်နား၍ “ကုသိနာရုံ” အရောက် ဆင်းရဲ ပင်ပန်းခံကာ
ကြွသွားတော်မူသည်မှာ ပဓာနအားဖြင့် တစ်ဦးတည်းသော သုဘဒ္ဒပရိဗိုဇ်အား ချေချွတ်တော်မူရန်ဖြစ်သည်။
ကရုဏာကြီးမားတော်မူလှပါပေ၏။

၄၅-၀ါ တိုင်တိုင် သတ်မှတ်ထားသော နေ့စဉ် ဆောင်ရွက်မြဲ လုပ်ငန်းစဉ်အရ ကိုယ်တော်အင်အားချည်းနဲ့၍
ယဲ့ယဲ့မျှသာ ရှိတော့သော ဤနောက်ဆုံးနေ့မှာပင် ပြုလုပ်မြဲလုပ်ငန်းစဉ်ကို ဖျက်တော်မမူ။
ညဉ့်ဦးယံ၌ မလ္လာမင်းသားတို့အား ဟောကြား၍ ၊ညဉ့်လယ်ယံ၌ သုဘဒ္ဒအား သီးခြား ချီးမြှောက်တော်မူသည်။

( ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော်
အခြေံခံအဆင့် စာအုပ်မှ -)

YoungBuddhistAssociation

ရွေးကောက်ပွဲကော်မရှင် ဒီချုပ်မနိုင်အောင် ညစ်မှာလား


လာမည့်ရွေးကောက်ပွဲတွင်မဲဆွယ်စည်းရုံးသောကာလ၌ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး၏ မဲဆန္ဒနယ်တွင် ပါတီခေါင်းဆောင်အပါအဝင် အခြားသူတစ်ဦးဦးက သွားရောက်မဲဆွယ်စည်းရုံးမည်ဆိုပါက ခွင့်ပြုချက်တောင်းခံရမည်ဆိုသော ညွှန်ကြားချက်တစ်စောင်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
 နိုင်ငံရေးပါတီများထံ မေလဒုတိယပတ်အတွင်း ဖြန့်ဝေလိုက်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများစုဝေးဟောပြောခွင့်၊မဲဆွယ်စည်းရုံးခွင့်တို့နှင့်ပတ်သက်၍
 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်မည့် ညွှန်ကြားချက်အမှတ် ၁/၂၀၁၄ မူကြမ်းကို လေ့လာနိုင်ရန် နိုင်ငံရေးပါတီများထံ ဖြန့်ဝေထားခြင်းလည်းဖြစ်သည်။

မူကြမ်းအရ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း၏ မဲဆန္ဒနယ်ကို ပါတီခေါင်းဆောင်က သွားရောက်မဲဆွယ်စည်းရုံး ဟောပြောပေးမည်ဆိုပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာတင်ကာ ခွင့်ပြုချက်တောင်းခံရမည့်သဘောဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

ထိုသို့ ခွင့်ပြုချက်တောင်းခံရာတွင် သက်ဆိုင်ရာမဲဆန္ဒနယ်မြေ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း (သို့မဟုတ်)၎င်း၏ ရွေးကောက်ပွဲဆိုင်ရာကိုယ်စားလှယ်တို့ကလာရောက်ဟောပြောမည့်သူအတွက်
 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ စာဖြင့်တင်ပြရမည်ဟုလည်း ၎င်းကဆိုသည်။

  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်မူကြမ်းတွင် ယင်းသို့ ထည့်သွင်းထားခြင်းသည် ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရေးထက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ်
 ပြည်သူလူထု၏ ထောက်ခံမှုအားကိုထိန်းချုပ်လိုခြင်းဖြစ်သည်ဟုဒီမိုကရက်တစ်အင်အားစု
 ခေါင်းဆောင်အချို့က သုံးသပ်ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၎င်းပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များသို့ သွားရောက်ဟောပြောမည်ဆိုပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ထိုအချက်အရ ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်ကပြောသည်။

‘‘လူပုဂ္ဂိုလ်တစ်ယောက်အတွက် ရည်ရွယ်ပြီးလုပ်တာဆိုရင်တော့ မလုပ်သင့်ပါဘူး။ ရွေးကောက်ပွဲဆိုတာ ဘယ်သူမဆို လွတ်လပ်စွာ မဲဆွယ်စည်းရုံးဖို့ လိုအပ်ပါတယ်။ ဘယ်သူက ပိုစည်းရုံးရေးကောင်းလဲဆိုတာကို ပြိုင်ကြတာပါ။ ကြောက်နေစရာမလိုပါဘူး’’ဟု ဦးအေးသာအောင်ကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က လစ်လပ်မဲဆန္ဒနယ်များရှိရာ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ သွားရောက်ပြီး မဲဆွယ်စည်းရုံးရေးခရီးစဉ်များ ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူများ၏ ထောက်ခံမှုကို ရာနှုန်းပြည့်နီးပါး ရရှိခဲ့သည်။

‘‘ခွင့်ပြုချက်နဲ့ ကန့်သတ်ထားတော့ ပါတီခေါင်းဆောင်တစ်ဦးက မြို့နယ်ပေါင်းစုံကို သွားပြီးတော့ ဟောပြောလို့ မရတော့ဘူးလေ။ စာတင်တဲ့ရက်တွေကို ဖြတ်သန်းရမှာ ရှိသေးတယ်’’ဟု ဦးခင်မောင်ဆွေက ခွင့်ပြုချက်တောင်းခံရမည့်အချက်ပေါ် ဝေဖန်ထောက်ပြသည်။

  နိုင်ငံတကာတွင်လည်းမဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်ပြီးလွတ်လပ်စွာမဲဆွယ်စည်းရုံးခွင့်ကို
 ပေးထားသည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆွယ်စည်းရုံးခွင့် ကန့်သတ်ခြင်းကို မလုပ်ဆောင်သင့်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက 7Day News ဂျာနယ်အား ပြောကြားထားသည်။

သို့သော် ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်ပြီး ဟောပြောမည့်နေရာ၊ အချိန်နှင့် လူပုဂ္ဂိုလ်တို့ကို တင်ပြစေခြင်းမှာ တစ်ချိန်တည်း၊ တစ်နေရာတည်း၊ တစ်ပြိုင်နက်တည်း မဲဆွယ်စည်းရုံးရာတွင် ပြဿနာတစ်စုံတရာ ပေါ်ပေါက်လာခြင်းကို ရှောင်ရှားစေလိုခြင်း၊ ဟောပြောမည့်သူများ၏ လုံခြုံရေးကိစ္စရပ်များကိုထည့်သွင်းစဉ်းစားရခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကပြောသည်။

‘‘ဒီဟာက အတည်မပြုရသေးပါဘူး။ ကျွန်တော်တို့ချည်းပဲလည်း မလုပ်ပါဘူး။ အကြမ်းပဲရှိပါသေးတယ်။ နိုင်ငံရေးပါတီတွေဆီက အကြံပြုချက်တွေ ယူနိုင်အောင် ပေးထားတာပါ။ သူတို့တင်ပြချက်တွေက သင့်မြတ်တယ်ဆိုရင် လက်ခံမှာပါ’’ဟု ၎င်းကဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက် မထုတ်ပြန်မီကပင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် လွတ်လပ်စွာမဲဆွယ်စည်းရုံးခွင့်ကို ကန့်သတ်မည့် အရိပ်အခြေရှိသော စကားတို့ကို ထုတ်ဖော်ပြောကြားခဲ့သည်။

‘‘လာမယ့်ရွေးကောက်ပွဲမှာ Election Campaign (ရွေးကောက်ပွဲမဲဆွယ်မှု) ကာလသတ်မှတ်ပေးပါမယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေပြောပါ။ မဆိုင်တဲ့လူ လာမပြောပါနဲ့။ ဝင်ချင်ဝင် မဝင်ချင်နေ။ ကျွန်တော် ဒီမြို့ဒီရွာမှာ အရွေးခံမယ်ဆို ကျွန်တော်ပြောဖို့ပဲလိုတာပေါ့။ အခြားလူ လာပြောလို့ ဘာလုပ်မတုံး။ ဒါကြောင့် ကျွန်တော်က အချိန်၊ လူ၊ နေရာ ကန့်သတ်ပါမယ်။ ဒါ ကျွန်တော့်လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပါတယ်’’ဟု ဧပြီ ၇ ရက် ပုသိမ်ခရီးစဉ်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။

ယင်းသို့ လွတ်လပ်စွာမဲဆွယ်စည်းရုံးရေးကို ထိခိုက်လာနိုင်မည့် ကန့်သတ်ချက်များရှိလာပါက ဥပဒေကြောင်းအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်တုံ့ပြန်သွားမည်ဟုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောထားသည်။

‘‘ကျွန်တော်တို့ သတင်းစာတွေမှာ ဖတ်လိုက်ရကတည်းက ၉၀ ရွေးကောက်ပွဲလို ၂၀၁၅ မှာ အင်န်အယ်လ်ဒီကို မနိုင်စေချင်လို့ လုပ်တော့မယ်ဆိုတာ သိလာရတယ်။

ဘယ်လိုပဲလုပ်လုပ်ဗျာ။ ပြည်သူတွေကလည်း ဘယ်သူ့ကို မဲပေးရမလဲဆိုတာကို သိပါတယ်’’ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူ အစိုးရအငြိမ်းစားဝန်ထမ်း ဦးမြသိန်းက ပြောသည်။

သို့သော် ရွေးကောက်ပွဲဆိုသည်မှာ ပြိုင်ပွဲတစ်ခုဖြစ်သည့်အတွက် ဒိုင်လူကြီးဖြစ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် စည်းမျဉ်းများကို လိုက်နာသင့်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဦးသာဝင်းက သုံးသပ်သည်။

  ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ကိုယ်စားလှယ်လောင်းများ ရွေးချယ်ပွဲကို ဦးစီးကျင်းပရသည့် ရွေးကောက်ပွဲများ၏ဒိုင်လူကြီးသဖွယ်ဖြစ်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
အနေဖြင့် ရွေးကောက်ခံစရာမလိုဘဲ လွှတ်တော်တွင်းနေရာ အလိုအလျောက်ရနေသည့် တပ်မတော်သားများဘက်မှကာကွယ်ပြောဆိုခဲ့မှုသည်၎င်း၏ရပ်တည်ချက်အပေါ် မေးခွန်းထုတ်စရာဖြစ်
သည်ဟု 7Day Daily သတင်းစာ၏ ပင်တိုင်ဆောင်းပါးရှင် ရဲမိုးကလည်း ရေးသားဝေဖန်ခဲ့ဖူးသည်။

‘‘ရွေးကောက်ပွဲကော်မရှင်က ဒိုင်လူကြီးဖြစ်တယ်။ ရွေးကောက်ပွဲကော်မရှင်က ဒီဟာတွေ ဒီဟာတွေ စည်းကမ်းထုတ်တယ်။ အဲဒါတွေကို လိုက်နာနိုင်ကြမလား။ လိုက်နာနိုင်ကြတဲ့သူတွေက ပြိုင်ကြဆိုတာပါပဲ’’ဟု လွှတ်တော်ကိုယ်စားလှယ်လောင်းများ စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်မူကြမ်းနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သူ ဦးသာဝင်းကပြောသည်။

ယခုလ၁၅ရက်တွင်ရန်ကုန်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံရန်ရှိနေပြီး ယင်းတွေ့ဆုံပွဲတွင် မဲဆွယ်စည်းရုံးရေးကိစ္စရပ်များအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများက တင်ပြဆွေးနွေးကြမည်ဖြစ်သည်။

မဲဆွယ်စည်းရုံးရေး စည်းမျဉ်းများအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆင့်အသီးသီးတွင် စစ်ဗိုလ်ဟောင်းများအများစုဖြင့် ဖွဲ့စည်းထားသည့်အတွက် ရွေးကောက်ပွဲများတွင် ဘက်လိုက်မှု ရှိလာနိုင်ခြင်းနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများ မဖြစ်လာမည်ကို စိုးရိမ်နေကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ၎င်း၏စိုးရိမ်မှုကို ပြောပြသည်။

လွတ်လပ်တရားမျှတပြီး လွတ်လပ်သည့် ရွေးကောက်ပွဲတစ်ခု ဖြစ်၊ မဖြစ်ဆိုသည်မှာ မဲပေးသည့်ရက်ကို ကြည့်ရုံဖြင့် မလုံလောက်ဘဲ ရွေးကောက်ပွဲအကြိုကာလများတွင် ပါတီများမှ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် ရှိ၊မရှိမှာလည်းတိုင်းတာရမည့်အချက်တစ်ချက်အဖြစ်ပါဝင်သည်ဟု ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများက ပြောသည်။

  နိုင်ငံတော်သမ္မတ အပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့က ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရမည်ဟု ပြောထားသည့်စကားများ ရှိနေသည့်အတွက် ၎င်းတို့ ကတိတည်၊ မတည်ကို ယခုနှစ် ပွင့်လင်းရာသီတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှ စတင်ကာ စောင့်ကြည့်ရတော့မည်ဖြစ်သည်။  

7day news journal

အမြန်လမ်းမကြီးပေါ်တွင် လိုက်နာရမည့်စည်းကမ်းများ


၁။ ယာဉ်မောင်းသူသည် ရှေ့ မှသွားနေသော ယာဉ်နှင့် အန္တရာယ်ကင်းသော အကွာအဝေးမှ မောင်းနှင်ရမည်။ ယာဘက်ယာဉ်ကြောမှ မောင်းနှင်ရမည်။

၂။ လက်ဝဲဘက်အစွန်ဆုံးယာဉ်ကြောအား ကျော်တက်ရန်မှအပ သာမန်ချိန်များတွင် အသုံးမပြုရပါ။

၃။ ယာဉ်ကျော်တက်ရာတွင် လမ်းလုမောင်းနှင် ကျော်တက်ခြင်းမပြုရ။ မိမိကျော်တက်မည်ကို ရှေ့ ယာဉ်မှ သိရှိစေရန် အချက်ပြပြီး သိရှိကြောင်းသေချာမှ ကျော်တက်ရမည်။

၎။ လက်ဝဲဘက်အစွန်ဆုံးယာဉ်ကြောကို အသုံးပြု၍ ကျော်တက်ရာတွင် မိမိကျော်တက်ခဲ့သော ယာဉ်နှင့် အန္တရာယ်ကင်းသော အကွာအဝေးရောက်မှ မူလယာဉ်ကြောအတွင်း ပြန်လည်ဝင်ရောက်ရမည်။

၅။ယာဉ်ကြောပြောင်းလိုပါက အချက်ပြပြီးမှ ပြောင်းလဲမောင်းနှင်ရမည်။

၆။ မလိုအပ်ပဲ ယာဉ်ကြောပြောင်းခြင်း၊ ရုတ်တရက်ကွေ့ ခြင်း၊ ရပ်ဆိုင်းခြင်းမပြုရ။

၇။ အမြန်လမ်းမကြီးပေါ်တွင် ဆိုင်ကယ်များ၊ နွားလှည်းများ၊ စက်တပ်အနှေးယာဉ်များ၊ ကုန်တင်ယာဉ်များ တက်ရောက်မောင်းနှင်ခြင်း မပြုရ။

၈။ လမ်းသွယ်မှ အမြန်လမ်းမကြီးသို့  မောင်းဝင်ရာတွင် လက်ယာဘက်အစွန်ဆုံးရှိ ယာဉ်ကြောကို အသုံးပြုရမည်။

၉။ ကွန်ကရစ်လမ်းမကြီးပေါ်တွင် စက်ချို့ ယွင်းခြင်းနှင့် မီးလောင်မှု ဖြစ်ပွားစေနိုင်သော ၀ါယာကြိုးများ ချို့ ယွင်းခြင်းမှအပ မည်သည့်ရပ်နားခြင်းကိုမှ မပြုလုပ်ရ။ လမ်းဘေးမြေသားလမ်းပုခုံး လွတ်ကင်းသည့် နေရာများတွင်သာ ရပ်နားရမည်။

၁၀။ ယာဉ်ပျက်သည့် အခြေအနေမျိုးတွင် ယာဉ်ကို မြေသားလမ်းပုခုံးပေါ်သို့  အမြန်ဆုံးရွေ့ ပြောင်းရမည်။ ထိုသို့  ရွေ့ ပြောင်းခြင်း မပြုနိုင်ပါက အန္တရာယ် အချက်ပြမီး၊ ပါကင်မီးကို ဖွင့်ထားရမည်။ ကားပျက်နေသည့် ဆိုင်းဘုတ်ကို အခြားယာဉ်မောင်းများ မြင်နိုင်စေရန် မီတာ(၃၀)မှ (၅၀) အကွာအဝေးတွင် ထားရှိရမည်။

၁၁။ အမြန်လမ်းမကြီးပေါ်တွင် ခရီးသည်အတင်အချ မပြုလုပ်ရ။ အငှားယာဉ်ကို ရပ်တန့် ငှားရမ်းခြင်း မပြုလုပ်ရ။

၁၂။ ကွန်ကရစ်လမ်းမကြီးနှင့် လမ်းပုခုံးပေါ်တွင် ယာဉ်ကို လိုအပ်သည်ထက် ပို အချိန်ကြာမြင့်စွာ ရပ်နားထားခြင်း (သို့ ) ရပ်တန့် ပြုပြင်ခြင်း မပြုရ။

၁၃။ မည်သည့်ယာဉ်မျှ လမ်းပြောင်းပြန် မောင်းနှင်ခြင်း မပြုရ။

၁၄။ မိုးရွာသည့်အချိန်တွင် ယာဉ်ကို အရှိန်လျှော့၍ မောင်းနှင်ရမည်။

၁၅။ ယာဉ်မောင်းသူသည် ယာဉ်ကို ဂရုစိုက်၍ မောင်းနှင်ရမည်။ အမြန်နူန်းမြင့် မောင်းနေစဉ် ရေသောက်ခြင်း၊ နောက်လှည့်စကားပြောခြင်း၊ ကွမ်းတံတွေးထွေးခြင်း စသည့် ပေါ့ဆမှုကြောင့် ယာဉ်မတော်တဆ ဖြစ်ပွားနိုင်ပါသည်။

၁၆။ အရက်နှင့် အခြားမူးယစ်စေတတ်သော အရာများ သောက်စားသုံးစွဲပြီး ယာဉ်မောင်းနှင်ခြင်း မပြုရ။

Yangon-Mandalay Expressway

ဘုန်းကြီးခရိုနီ


 မနေ့က အသိဒကာကြီး တစ်ယောက်နဲ့ စကားပြောဖြစ်ပါတယ်။ "ခရိုနီဆိုတဲ့ အခုခေတ်စားနေတဲ့ စကားလုံးကို ဒကာကြီး ဘယ်လို နားလည်ထားလဲ" လို့မေးတော့ "တိုင်းပြည်နဲ့ လူမျိုးကို ချစ်သလိုလို၊ ကောင်းစားစေချင်သလိုလို၊ အများအကျိုးစီးပွားကို ရွက်သယ်ပိုးနေတာလိုလို ဟန်ရေးပြပြီး အာဏာရှိသူတွေနဲ့ အကျိုးတူ ပူးပေါင်းကာ မတရားမှုတွေကို တရားသယောင်ယောင် လုပ်ပြီး နောက်ဆုံး အာဏာရှင်တွေကိုပါ နားလှည့်ပါးရိုက်ပြီး သူ့ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်နဲ့ လူမျိုးကို ဖျက်ဆီးနေတဲ့သူလို့ မြင်ပါတယ်ဘုရား" လို့ ပြောပါတယ်။

ဒကာကြီးပြန်သွားတော့ သူပြောခဲ့တဲ့ ခရိုနီအဓိပ္ပာယ် ဖွင့်ဆိုချက်ကို ပြန်လည်စဉ်းစားရင်းနဲ့ မိမိတို့ သာသနာတော် အတွင်းမှာလည်းပဲ သာသနာတော်ရဲ့အကျိုးစီးပွားကို ဆောင်ရွက်နေတာ လိုလို တိုင်းပြည်နဲ့ လူမျိုးအတွက် သူတို့ဘဝကြီး တစ်ခုလုံးကို ပေးဆပ်နေတာ လိုလိုနဲ့ ဟန်ရေးပြပြီး ရာမြင်လို့ ထောင်စွန့်နေကြတဲ့ ဘုန်းကြီး စီးပွားရေးသမားတွေ၊ အာဏာပိုင်တွေ၊ အာဏာပိုင်ရဲ့ ကျောထောက်နောက်ခံ တွေနဲ့ ပူးပေါင်းပြီး သူတို့ထင်ပေါ်ကျော်ကြားဖို့ အတွက်၊ သူတို့ဘဏ်အကောင့် ထဲမှာ သိန်းထောင်ဂဏန်း၊ သောင်းဂဏန်း ရှိနေဖို့အတွက် သာသနာတော်ကြီးနဲ့ တိုင်းပြည်ကို ဖျက်ဆီးနေကြတဲ့ ဘုန်းကြီးခရိုနီတွေ သံဃာအဖွဲ့အစည်း အဆင့်ဆင့်နဲ့ အောက်ခြေ သံဃာထုထဲမှာပါ များပြားသထက် များပြားလာတာကို သတိပြုမိလိုက်ပါတယ်။

ပြီးခဲ့တဲ့စစ်အစိုးရက သူတို့ကုလားထိုင်ကို လာမလှုပ်ရင်ပြီးတာပဲ ဆိုပြီး ဘုန်းကြီးတွေ ဘာလုပ်လုပ် မသိသလို မမြင်သလို နေပေးခဲ့တာတွေကြောင့် ဘုန်းကြီးခရိုနီတွေ၊ ဘုန်းကြီး စီးပွားရေးသမားတွေ တိုးပွားလာခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စစ်အစိုးရသက်တမ်း တစ်လျှောက်လုံးမှာ မဟန အဖွဲ့ကြီး ကိုတောင်မှ စစ်အစိုးရနဲ့ အလွန်းသင့်တဲ့ ဘုန်းကြီးခရိုနီ ၇၅ ရာခိုင်နှုန်းလောက်က ကြီးစိုးထားနိုင် ခဲ့ပါတယ်။ မဟနအဖွဲ့ကြီးမှာ ဘုန်းကြီးခရိုနီတွေ တန်ခိုးထွားအောင် စစ်အစိုးရက မသိဟန်မမြင်ဟန် ဆောင်ခဲ့တာတွေ ရှိသလို ဘုန်းကြီးခရိုနီတွေ ရာထူးကနေ မည်သည့် အကြောင်းကြောင်းနဲ့မှ ပြုတ်မသွားရအောင်လည်း နောက်ကွယ်ကနေ တစ်မျိုး၊ ပေါ်ပေါ်တင်တင်တစ်မျိုးနဲ့ ပံ့ပိုးပေးခဲ့တာကြောင့် ဘုန်းကြီးခရိုနီ တွေဟာ ပုန်းလျှိုးကွယ်လျှိုးနဲ့ လာဘ်စားပြီး ဓမ္မကိုအဓမ္မ၊ အဓမ္မကို ဓမ္မလုပ်နေရာကနေ နောက်ပိုင်းမှာ ပေါ်ပေါ်တင်တင်ပါ ဗြောင်လုပ်လာ ကြပါတော့တယ်။

ထိုအခါမှာ မဟနအဖွဲ့ရဲ့ အကျိုးတော်ဆောင်ချုပ် ဖြစ်တော်မူတဲ့ မင်းကွန်း ဆရာတော်ဘုရားကြီးက "ဒီစီရင်ဆုံးဖြတ်ချက်တွေဟာ တရားနဲ့ လျော်ညီခြင်းမရှိလို့ ပြန်လည်ဆုံးဖြတ်ပါ" လို့ ပြောဆိုတဲ့ အခါတိုင်း မဟန အဖွဲ့ရဲ့ ဘုန်းကြီးခရိုနီခေါင်းဆောင်ကြီးက "ဆရာတော်မကျေနပ်ရင် မဲခွဲပြီး ဆုံးဖြတ်ကြမယ်လေ" လို့ ပြောဆိုပါတယ်။ မဲခွဲ ဆုံးဖြတ်တဲ့ အခါတိုင်းမှာလည်း ဘုန်းကြီးခရိုနီတွေက အင်အား ကောင်းနေတာကြောင့် မင်းကွန်းဆရာတော်ကြီးပဲ အမြဲရှုံးပါသတဲ့။

တစ်ခါတုန်းက အထက် မြန်မာပြည်က ဘုန်းကြီးခရိုနီတစ်ပါးနဲ့ အောက်မြန်မာပြည်က ဘုန်းကြီး ခရိုနီတစ်ပါးတို့ဟာ ကျောင်းမှုတစ်ခုကို ငွေသုံးသိန်း လာဘ်စားပြီး မတော်မတရား ဆုံးဖြတ်လိုက်တာကို သိရှိလိုက်ရတဲ့ မင်းကွန်းဆရာတော် ဘုရားကြီးဟာ "သုံးသိန်းကြီးများတောင်၊ သုံးသိန်းကြီးများတောင်" လို့ ပြောဆိုရေရွတ်ကာ မျက်ရည်ပေါက်ပေါက် ကျတော်မူ ခဲ့ရှာတယ်လို့ ဆရာဘုန်းကြီးက စာဝါချရင်း ပြောဆိုခဲ့တာကို ကိုရင်ဘဝတုန်းက မှတ်သားဖူးပါတယ်။

တစ်ခါတုန်းကတော့ လက်ရှိ မဟနဥက္ကဋ္ဌဖြစ်တော်မူတဲ့ ဗန်းမော် ဆရာတော်ကြီးကို မင်းကွန်းဆရာတော်ဘုရားကြီးက တိနိ ကျောင်းတိုက်ရဲ့ စာချနာယကအဖြစ် ခန့်အပ်တဲ့ပွဲ အခမ်းအနားမှာ ဗန်းမော်ဆရာတော်ကြီးကို ချီးကျူးတော်မူရင်း စကားစပ်သွားတာနဲ့ မဟနအဖွဲ့မှာ ဘယ်ဘုန်းကြီးတွေက ဘယ်လိုလာဘ်စားပြီး မှုခင်းဓမ္မ ကံတွေကို မတော်မတရား အဂတိလိုက်ပြီး ဆုံးဖြတ်တဲ့ အကြောင်းကို ပြောဆိုမိသွားပါတယ်။ ထိုအခါမှာ အနားမှာထိုင်နေတဲ့ မဟနအဖွဲ့မှာ တွဲဖက်အကျိုးတော်ဆောင် ရာထူးကို ရယူထားတဲ့ ဘုန်းကြီးခရိုနီ ခေါင်းဆောင်ကြီးက "ကိုယ်တော်ကြီး သေခါနီးနေမှ ဘာ သူများ မကောင်းကြောင်း ပြောနေရတာတုံး" လို့ ငေါက်ငမ်းလိုက်တာကြောင့် မင်းကွန်းဆရာတော် ဘုရားကြီးက လက်အုပ်ကလေးချီ၍ "တပည့်တော် အမှန်တွေပြောမိလို့ ခွင့်လွှတ်တော်မူပါဘုရား" လို့ ပြန်လည် တောင်းပန်လိုက်ရပါတယ်။

ဘုန်းကြီးခရိုနီတွေဟာ စစ်အစိုးရရဲ့ ပံ့ပိုးမှုကြောင့် မင်းကွန်း ဆရာတော်ဘုရားကြီးလို ပုဂ္ဂိုလ်မျိုးကို တောင်မှ ရိုင်းပျစွာ ဆက်ဆံခဲ့ကြတာပါ။ သေသေချာချာတွေး ကြည့်လိုက်တော့ ဆန်းတော့လည်း မဆန်းလှပါဘူး။ ခွေးတောင် သခင်အားကိုး ရှိနေရင် အစိမ်းအကျက် မရွေး ဟောင်ရဲကိုက်ရဲသေး တာပဲလေ။

မိမိငယ်စဉ်က ပညာသင်ကြားခဲ့တဲ့ စာသင်တိုက်ကြီးထဲမှာ သစ်ကုန်သည်ကြီး တစ်ယောက်က ကျောင်းဆောင်ကြီးတစ်ခုကို ဘုံပျံ နတ်နန်းကြီးသဖွယ် ဟီးထနေအောင် ဆောက်လုပ် လှူဒါန်းပါတယ်။ အဲဒီကျောင်းဆောင်ကြီး ဆောက်လုပ်နေစဉ် ကာလမှာ ကျောင်းဒကာနဲ့ ညှိနှိုင်းလုပ်ဆောင်နိုင်စေရန် အတွက် ဆရာတော်ဘုရားကြီးက လည်လည်ဝယ်ဝယ် ရှိတဲ့ ရဟန်းတစ်ပါးကို တာဝန်ပေးပါတယ်။ အဲဒီ ရဟန်းဟာ ကျောင်းဒကာနဲ့ ရင်းနှီးခင်မင် သွားရုံတင်မကဘဲ ကျောင်းဒကာရဲ့နောက်ခံဖြစ်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဆိုသူနဲ့ပါ ရင်းနှီးသွားပြီး ဝန်ကြီးချုပ်အားကိုးနဲ့ သင်္ကန်းမချွတ်ဘဲ စီးပွားရေး လုပ်တော့တာပါပဲ။ နောင်အခါ အဆိုပါ ဝန်ကြီးချုပ် အာဏာလက်မဲ့ ဖြစ်သွားချိန်မှာ ဝန်ကြီးချုပ်လောက် နီးနီး သြဇာအာဏာ ရှိသူနဲ့ ပြန်လည် ဆက်သွယ်မိသွားပြန် ပါတယ်။

၂၀၀၇ ခုနှစ် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရဟန်းသာမဏေများ လမ်းပေါ်ထွက်ပြီး မေတ္တသုတ် ရွတ်ကြတဲ့အခါ မှာ မိမိ ပညာသင်ကြားနေတဲ့ စာသင်တိုက်ကလည်း တစ်တိုက်လုံးနီးနီး လမ်းလျှောက်ပြီး မေတ္တသုတ် ရွတ်ဖတ်ကြပါတယ်။ အရေးအခင်းကြီး ပြီးသွားတဲ့အခါမှာ သက်ဆိုင်ရာ အရာရှိတွေက ဆရာတော်ဘုရားကြီးထံ ရောက်လာပြီးတော့ မိမိတို့ စာသင်တိုက်ထဲက ဆန္ဒပြခေါင်းဆောင် ရဟန်း ၁၀ ပါးဆိုပြီး ဘွဲ့နာမည် အတိအကျ၊ နေတဲ့ ကျောင်းဆောင်နာမည် အတိအကျနဲ့ စာရင်းပြသပြီးတော့ ဖမ်းဆီးမယ်ဆိုတဲ့ အကြောင်း ပြောကြားပါတယ်။ ဆန္ဒပြခေါင်းဆောင် ဆယ်ပါးစာရင်းကို သိရှိလိုက်ကြရတဲ့ တစ်တိုက်လုံးက ရဟန်းသာမဏေတွေ အားလုံး အံ့သြကုန်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မေတ္တသုတ် ထွက်ရွတ်ရာမှာ ခေါင်းဆောင် မဟုတ်ရုံ မျှသာမက မေတ္တသုတ် ရွတ်ဆိုရာသို့ လိုက်ပါခြင်းမရှိတဲ့ ရဟန်းတွေလည်း စာရင်းထဲ ပါရှိနေတာကြောင့် ဖြစ်ပါတယ်။

အဆိုပါစာရင်းကို စစ်အစိုးရက ကောက်ယူခဲ့ခြင်း မဟုတ်ဘဲ အထက်မှာ ပြောခဲ့တဲ့ ဘုန်းကြီးခရိုနီက သူ့ဘာသာ စာရင်းပြုလုပ်ကာ သူနဲ့ရင်းနှီးတဲ့ ဝန်ကြီးရဲ့လက်ထဲကို ထည့်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ သူနဲ့ပုဂ္ဂိုလ်ရေး အဆင်မပြေတဲ့ ရဟန်းတွေကိုပါ ဆန္ဒပြခေါင်းဆောင် စာရင်းထဲကို ထည့်ပေးပြီး အပြတ် ရှင်းလိုက်တာပါ။ ဆရာတော် ဘုရားကြီးက သူ့အရှိန်အဝါနဲ့ ကာကွယ်ပေးခဲ့လို့ တစ်ပါးမှအဖမ်း မခံရပေမယ့် စာသင်တိုက်ထဲက ထွက်ခွာပြီး ရှောင်ရတိမ်းရ တချို့ဆိုရင် ရူးမတတ် ခံစားရပြီး တစ်ပတ်အတွင်း အရိုးပေါ်အရေတင်တွေ ဖြစ်ကုန်ကြပါတယ်။ သူကတော့ စာရင်းပေးခ အဖြစ် သိန်းထောင်ကျော်တန် အကောင်းစား ကားကြီးတစ်စီး ရရှိသွားခဲ့ပါတယ်။

တချို့သော ခရိုနီဘုန်းကြီးများ ကတော့ ပါးနပ်လိမ္မာစွာဖြင့် အကွက် ရွှေ့တတ်လွန်းလို့ ခရိုနီဘုန်းကြီးမှန်းတောင် တော်ရုံနဲ့ မသိနိုင်ပါဘူး။ သူတို့က အာဏာရှိသူနဲ့ ကြိုတင် လက်ဝါးချင်းရိုက်ထားပြီး အာဏာရှင်ကို ဆန့်ကျင်တာ လိုလို၊ အာဏာရှင်ကို မလိုလား မနှစ်သက် တာလိုလိုနဲ့ အာဏာရှင် မကောင်းကြောင်းကို အာပေါင်အာရင်း သန်သန်နဲ့ပြော၊ လူထုဘက်က ပါဟန်ဆောင် လူထုအကျိုးစီးပွားကို ဆောင်ရွက်ဟန်ပြုပြီး နောက်ဆုံးမှာတော့ လူထုကို အာဏာရှင်ဘက် ပါအောင် မသိမသာလေး စည်းရုံး သိမ်းသွင်းလိုက်ပါတယ်။ လူထုက အဆိုပါ ဘုန်းကြီးခရိုနီရဲ့ လေကြောမှာ မျောသွားပြီး အာဏာရှင်ကို ကယ်တင်ရှင်ကြီး တွေလိုလို၊ ကျေးဇူးရှင်ကြီးတွေ လိုလို၊ တိုင်းပြည်နဲ့ လူမျိုးကို ကယ်တင်ပေးနေတဲ့ သူတွေလိုလို ထင်ယောင်ထင်မှားတွေ ဖြစ်ပြီး ကိုယ့်လည်ပင်းလှီးမယ့် ဓားကို ကိုယ်တိုင် သွေးပေးနေလို့ သွေးပေးနေမှန်း မသိတဲ့ဘဝကို ရောက်မှန်းမသိ ရောက်သွားကြ ပါတော့တယ်။ လူထုရှေ့မှာ အာဏာရှင်မကောင်း ပြောနေပေမယ့် နောက်ကွယ်မှာတော့ အာဏာရှင်တွေ ပေးသမျှ ကျွေးသမျှစားပြီး တဟီးဟီး တဟားဟားနဲ့ ဖရဏာပီတိဂွမ်းဆီထိသို့ အာဏာရှင် နဲ့အတူ အောင်ပွဲခံ နေကြပါတယ်။ ကြိုတင် လက်ဝါးချင်းသာ ရိုက်မထားရင် အာဏာရှင်က ကဘော်ချိုင့်ဝှမ်း ပို့လိုက်တာကြာပါပြီ။

ရန်ကုန်မြို့က စာသင်တိုက်တစ်ခုကို ဘုန်းကြီးနှစ်ပါးက တွဲဖက်ပြီး အုပ်ချုပ်ပါတယ်။ သူတို့နှစ်ပါးဟာ ကျောင်းမှာ စာသင်သားကိုရင် အပါး ငါးဆယ်ခြောက်ဆယ်လောက် မွေးထားပါတယ်။ ဒီစာသင်သားတွေကို ပြပြီး ကျောင်းကို အဝင်အထွက်ရှိတဲ့ ဒကာ ဒကာမတွေဆီကို ဝါဆိုချိန် ဝါဆိုသင်္ကန်း၊ ကထိန်ချိန် ကထိန်သင်္ကန်း အလှူခံပါတယ်။ ပွဲပြီးတာနဲ့ သင်္ကန်းအကောင်းစား မှန်သမျှ သူတို့နှစ်ပါးက ခွဲယူပြီး ဆိုင်မှာ ပြန်ရောင်းစားပါတယ်။ စာသင်သားလေးတွေ ကိုတော့ ဝတ်လို့ အဆင်မပြေတဲ့ မလေးရှား စီဝိုင်စီလို သင်္ကန်းအညံ့စား တွေကိုသာ တစ်ပါးတစ်စုံ ခွဲဝေပြီးပေးပါတယ်။ ဆွမ်းစားကွမ်းစား လိုက်ရာက ရရှိသမျှပိုက်ဆံ တွေကို ရေဖိုးမီးဖိုး ဆိုပြီး သိမ်းဆည်းကာ သူတို့ပဲ ခွဲဝေပြီးတော့ ယူပါတယ်။ အဲဒီကျောင်းမှာ ပထမလတ်တန်း အထိ ကိုရင်တွေကို စာသင် ပေးပါတယ်။ စေတနာရှိလို့ သင်ပေးတာမျိုးတော့ မဟုတ်ပါဘူး။ ဆန်တောင်းဖို့အတွက် ပြသစရာ မျောက်ကလေးတွေ အဖြစ် မွေးထားတာပါ။

(ဆက်လက်ဖော်ပြပါမည်)

ဆက်စပ်
ဘုန်းကြီးခရိုနီ ၁
ဘုန်းကြီးခရိုနီ ၂
ဘုန်းကြီးခရိုနီ ၃

 Written by  မိုးသု (မန္တလေး)
The Voice Weekly

ဘောလုံးလောကအတွက် အကြီးမားဆုံး တော်လှန်ရေး




မြန်မာနေရှင်နယ်လိဂ် သက်တမ်းခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သက်တမ်းအလိုက် လူငယ်ပြိုင်ပွဲဝင် ကစားသမားများ၏ အသက်မှန်ကန်မှုအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တင်းကျပ်စွာ စတင်စစ်ဆေးခဲ့သည်။

အဖွဲ့ချုပ်သည် မြန်မာလိဂ်- ၁ လူငယ်ပြိုင်ပွဲအတွက် အသက်(၂၀)နှစ်အောက်နှင့် မြန်မာလိဂ်- ၂ လူငယ်ပြိုင်ပွဲအတွက် အသက်(၁၈)နှစ်အောက် သတ်မှတ်ကာ ပြိုင်ပွဲဝင်အသင်း ကစားသမားများအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ကစားသမားများ၏ အသက်မှန်ကန်မှုအတွက် စစ်ဆေးခြင်းအား အဆင့်လေးဆင့် သတ်မှတ်ထားသည်။ ပထမအဆင့်မှာပင် အသက်လိမ်ညာထားသည့် ကစားသမားအရေအတွက်သည် ကစားသမားစုစုပေါင်း ခြောက်ရာဝန်းကျင်ကို စစ်ဆေးရာ ၆၅ ရာခိုင်နှုန်းခန့်အထိရှိကြောင်း ပြည်တွင်းလူငယ်ကစားသမားများ အသက်စစ်ဆေးစိစစ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ပထမအဆင့်မှာ လာမယ့်လူငယ်ပြိုင်ပွဲမှာ သတ်မှတ်ထားတဲ့အသက်ထက်ကျော်နေတဲ့ ကစားသမားအရေအတွက်က စစ်ဆေးတဲ့ ကစားသမားအရေအတွက် ခြောက်ရာဝန်းကျင်ရဲ့ ၃၅ ရာခိုင်နှုန်းခန့် ရှိပါတယ်။ ပြိုင်ပွဲဝင်သတ်မှတ်ထားတဲ့ အသက်တော့မီသေးတယ်။ ဒါပေမဲ့ အသက်အမှန်အတိုင်းမဟုတ်ဘဲ လိမ်ညာထားတဲ့ ကစားသမားအရေအတွက်က ၃၀ ရာခိုင်နှုန်းကျော်လောက် တွေ့ရပါတယ်။ လိုအပ်တဲ့အထောက်အထားတွေကို ထပ်မံတောင်းခံပြီး ပထမအဆင့်ရဲ့ နောက်ဆုံးအဆင့်မှာ ထပ်မံစစ်ဆေးသွားမှာပါ’’ ဟု အဆိုပါကော်မတီအဖွဲ့ခေါင်းဆောင် ဦးရဲမျိုးဟိန်းကပြောသည်။

နောက်ဆုံးတွင် ပြိုင်ပွဲဝင်ကစားသမားများ၏ အသက်လိမ်လည်မှုများနှင့် သံသယရှိသူများက ထင်မှတ်ထားသည်ထက် များပြားသည့်အတွက် ပြိုင်ပွဲကျင်းပမည့်ရက်ကိုပင် နောက်ဆုတ်ခဲ့သည်။ ပြိုင်ပွဲဝင်အသင်းများမှာ အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း အသက်မှန်ကန်မှု စစ်ဆေးသည့်ကိစ္စကိုမူ မြန်မာ့ဘောလုံးအသိုင်းအ၀ိုင်းက ကြိုဆိုခဲ့ကြသည်။

ပြိုင်ပွဲဝင်ကစားသမားများအနေဖြင့်လည်း အသက်လိမ်ညာရခြင်း၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဘောလုံးကစားချင်၍ဖြစ်ပြီး အသက်လိမ်ညာမှုပြုလုပ်ထားသည့် (အမည်မဖော်လိုသည့်) ကစားသမားတစ်ဦးက ၎င်းတွင် မှတ်ပုံတင်သုံးခုရှိကြောင်း ပြောသည်။

‘‘ကျွန်တော့်မှာ မှတ်ပုံတင်သုံးခုရှိပါတယ်။ မှတ်ပုံတင်အတုကို အပြင်မှာ လုပ်ပေးတဲ့သူတွေ ရှိပါတယ်။ အဲဒီမှာ လုပ်ခဲ့တာပါ။ ခုလောလောဆယ်တော့ စိတ်ဓာတ်ကျနေပါတယ်။ ဒါပေမဲ့ အခွင့်အရေးရှိတဲ့ ကစားလို့ရတဲ့ ပြိုင်ပွဲတွေမှာ ၀င်ကစားခွင့်ရအောင် ကြိုးစားသွားမှာပါ’’ ဟု အဆိုပါကစားသမားက ဆိုသည်။

ပြီးခဲ့သည့် အာရှ ယူ-၂၂ ပြိုင်ပွဲ ခြေစစ်ပွဲအောင် အသင်းများအနက် အာဆီယံဒေသတွင်းမှ မြန်မာတစ်သင်းတည်းသာ ပါဝင်ခဲ့သည်။ အဆိုပါ မြန်မာအသင်းအား အသက်မှန်ကန်မှု ရှိ၊ မရှိနှင့် ပတ်သက်၍ မလေးရှားနည်းပြက စွပ်စွဲမှုများ ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင်မူ ခိုင်လုံသည့် သက်သေများမရှိဟုဆိုကာ မလေးရှားဘောလုံးအဖွဲ့ချုပ်ကလည်း ကန့်ကွက်မှုရုပ်သိမ်းသွားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်တွင်း၌လည်း ဝေဖန်မှုများထွက်ပေါ်ခဲ့ပြီး ‘‘နောက်ပွဲတွေကျရင် အာဆီယံမှာ မြန်မာနိုင်ငံအနေနဲ့ အသက်အမှန်ကန်ဆုံးဖြစ်အောင် ဥက္ကဋ္ဌတာဝန်ယူတယ်’’ဟု ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၁၅ ရက်က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သည့် မြန်မာ ယူ-၂၂ အသင်း ဂုဏ်ပြုအခမ်းအနား၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က မီဒီယာများအား ပြောကြားခဲ့သည်။

အဖွဲ့ချုပ်ဥက္ကဋ္ဌက အထက်ပါကဲ့သို့ ပြောကြားပြီး ၂ နှစ်နီးပါးအကြာတွင် ဘောလုံးသမားများကို အသက်မှန်ကန်မှု စစ်ဆေးစိစစ်ရေးကော်မတီ ပေါ်ပေါက်လာခဲ့သည်။

‘‘အသက်မှန်မှန်ကန်ကန်လုပ်ခြင်းအားဖြင့် ရေရှည်အတွက် ကောင်းတာပေါ့။ ဒါက အခြားနိုင်ငံတွေလည်း လုပ်နေတာကြာပြီလေ။ ချက်ချင်းလုပ်တဲ့အတွက် လတ်တလောမှာ အခက်အခဲတော့ရှိမယ်။ ဘာလို့လဲဆိုတော့ သက်တမ်းအလိုက် လုပ်တာတွေက ပြောရမယ်ဆိုရင်တော့ သိပ်မမှန်တာများတယ်ဆိုတော့၊ ခုအစစ်အမှန်လုပ်လိုက်တာ၊ အခုတောင်မှ တချို့အသင်းတွေဆိုရင် ပွဲကစားလို့မရအောင် ဖြစ်သွားတာရှိတယ်လို့ ကြားရတယ်။ ချက်ချင်းကြီးလုပ်လိုက်တဲ့ အကျိုးကတော့ အဲဒါတော့ရှိတာပေါ့။ ပြိုင်ပွဲကိုတောင် နောက်နည်းနည်းဆုတ်ထားရတဲ့ အနေအထားရှိတယ်လေ။ ဒါက ဒီတစ်နှစ်တော့ အခက်အခဲဖြစ်မှာပေါ့။ နောက်ဆို ဒီလိုမျိုးလုပ်လာနိုင်ရင်တော့ နိုင်ငံအတွက် တအားကောင်းမှာပါ’’ ဟု ရွှေခေတ်မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးအေးမောင်ကြီးကပြောသည်။

ဒေသတွင်း သက်တမ်းအလိုက် ဘောလုံးပြိုင်ပွဲများတွင် မြန်မာဘောလုံးအသင်းအနေဖြင့် အောင်မြင်မှုအချို့ ရရှိနေဆဲဖြစ်သော်လည်း အာဆီယံဒေသတွင်း လက်ရွေးစင်အသင်းများ၏ အဆင့်မြင့်ဆုံးပြိုင်ပွဲများတွင် အောင်မြင်မှု မည်မည်ရရမရှိပါ။ အာဆီယံချန်ပီယံရှစ် (ဆူဇူကီးဖလား) ပြိုင်ပွဲတွင် ၂၀၀၄ ခုနှစ်က အကြိုဗိုလ်လုပွဲအဆင့် ရောက်ရှိခြင်းက ပြိုင်ပွဲသမိုင်းတစ်လျှောက် အမြင့်ဆုံးအောင်မြင်မှုတစ်ခုသာ ဖြစ်သည်။

သက်တမ်းအလိုက် လက်ရွေးစင်အသင်းများတွင် ခြေစွမ်းပြခဲ့သည့် မြန်မာကစားသမားများအနေဖြင့် လက်ရွေးစင်အသင်းအရောက်တွင်မူ ခြေစွမ်းများပျောက်ဆုံးကုန်ပြီး ဒေသတွင်းပြိုင်ဘက်အသင်းများကို မယှဉ်နိုင်တော့ပေ။ ထို့အပြင် အသက်လိမ်သော အသင်းအများစုမှာ သက်တမ်းအလိုက် ပြိုင်ပွဲများတွင် အောင်မြင်မှုရလေ့ရှိပြီး အသက်ကန့်သတ်ချက်မရှိသော လက်ရွေးစင်အသင်းများ ယှဉ်ပြိုင်သည့်ပွဲများတွင် အောင်မြင်မှုရလေ့မရှိပေ။ အာဆီယံတွင် မြန်မာနှင့် လာအိုအသင်းတို့မှာလည်း သက်တမ်းအလိုက် ပြိုင်ပွဲများတွင် စွာလေ့ရှိကြသည်။

အမြင်သာဆုံး ဥပမာမှာ ၂၀၀၃ ယူ-၁၈ အာဆီယံပြိုင်ပွဲတွင် ခြေစွမ်းပြဗိုလ်စွဲခဲ့သော မြန်မာအသင်းကို အားပေးရင်း ထိုကစားသမားများ ဆယ်နှစ်ကျော်အားကိုးရမည်ဟု   ထင်ခဲ့သော်လည်း အများစုမှာ အကောင်းဆုံး အသက်အရွယ်ရောက်ရှိချိန် မတိုင်ခင်ပင် ခြေစွမ်းကျဆင်းကာ အနားယူကုန်သည်။ ဘာမှားယွင်းသလဲဆိုသည်ကို ဘောလုံးဝါသနာရှင်တိုင်း သိသည်။

‘‘လက်ရှိ အခြေအနေမှာ လက်ရွေးစင်အဆင့်မှာ မြန်မာအသင်းအနေနဲ့ အာဆီယံအသင်းတွေကို မနည်းလိုက်ပြီး ကစားနေရတာ တွေ့ရမှာပါ။ လက်ရွေးစင်အသင်းမှာဆိုရင် ကိုယ်တို့ဆီက ကစားသမားတွေက တော်တော်အသက်ကြီးနေပြီ။ သူတို့လက်ရွေးစင်ကစားသမားတွေက ငယ်ကြတယ်။ ရေရှည်အလုပ်မှာတော့ စကားပြောတာပေါ့’’ဟု ဦးအေးမောင်ကြီးက ပြောသည်။

ပြည်တွင်းတွင် ငယ်ရွယ်သည့် လူငယ်များအနေဖြင့် ဘောလုံးကစားနိုင်ခြင်းမရှိသည့် အခြေအနေနှင့် အခွင့်အလမ်းများ နည်းပါးနေခြင်းကြောင့်လည်း မျိုးဆက်သစ်ကစားသမားများ ရှားပါးနေပြီး အသက်ကြီးသည့် ကစားသမားများအနေဖြင့် မိမိအသက်မှန်ကို လိမ်ညာကာ သက်တမ်းအလိုက်ပြိုင်ပွဲများကို ၀င်ရောက်ကစားခွင့်ရရှိရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာ့အားကစားလေ့လာသူများက ဆိုသည်။

‘‘ပြောရမယ်ဆိုရင်တော့ ခု ကျောင်းတွေမှာလည်း ကစားတာပျောက်ကုန်ပြီ။ ပြည်နယ်၊ တိုင်းတွေမှာလည်း ပျောက်ကုန်ပြီ။ ဘယ်လိုလုပ်ကြမလဲ။ ကစားသမားတစ်ဦးအနေနဲ့ အသက်(၁၆)နှစ်လောက်မှ ဘောလုံးစကစားရင် အဆင်မပြေနိုင်ဘူး။ ဘောလုံးအဖွဲ့ချုပ်ကတော့ အကယ်ဒမီသက်တမ်းအလိုက် ပြိုင်ပွဲတွေ လုပ်ပေးနေတာ တွေ့ရတယ်။ များလာရင်တော့ ကောင်းလာမယ်။ အားကစားတိုးတက်ချင်ရင် နိုင်ငံတော်ကအစ အားလုံးဝိုင်းလုပ်မှရမယ်’’ဟု မြန်မာ့အားကစားလေ့လာသူတစ်ဦးက သုံးသပ်သည်။

ကစားသမားများ အသက်စိစစ်ရေးကော်မတီသည် ပထမအဆင့်တွင် စစ်ဆေးတွေ့ရှိမှုကြောင့် လူငယ်ဘောလုံးပြိုင်ပွဲတွင် ၀င်ရောက်ကစားခွင့်မရတော့သည့် ကစားသမားများ နေရာတွင် အသက်မီသည့် ကစားသမားများကို ထပ်မံမှတ်ပုံတင်ခွင့်ပေးခဲ့သည်။ ပထမအဆင့်၏ နောက်ဆုံးအဆင့်တွင် ကလပ်အသင်းများ၏ ပြိုင်ပွဲဝင်ကစားသမားများကို မေလ ၁၂ ရက်မှစတင်ကာ ဆက်လက်စစ်ဆေးနေပြီဖြစ်သည်။

‘‘ပြိုင်ပွဲဝင်ကလပ်အသင်းတွေကိုလည်း တကယ်အသက်အမှန်နဲ့ ကစားသမားတွေကိုပဲ စာရင်းသွင်းဖို့ အကြောင်းကြားထားပါတယ်။ ပထမအဆင့်ရဲ့ နောက်ဆုံးအဆင့် စစ်ဆေးပြီးသွားရင်တော့ လက်ရှိအဆင့်အထိ အသက်လိမ်ညာမှု စစ်ဆေးတွေ့ရှိမှုမတွေ့ရတဲ့ ကစားသမားတွေကို ပြိုင်ပွဲမှာ ၀င်ရောက်ကစားခွင့်ပေးသွားမှာဖြစ်ပါတယ်’’ဟု ဦးရဲမျိုးဟိန်းကပြောသည်။

အဖွဲ့ချုပ်သည် ၂၀၁၄ ခုနှစ် မြန်မာလိဂ်-၁ လူငယ်ဘောလုံးပြိုင်ပွဲကို မေလ ၂၀ ရက်တွင်လည်းကောင်း၊ မြန်မာလိဂ်-၂ လူငယ် ဘောလုံးပြိုင်ပွဲကို မေလ ၂၃ ရက်တွင်လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။ သို့သော် ပြိုင်ပွဲကျင်းပနေစဉ်အတွင်း ပြိုင်ပွဲဝင်ကစားသမားများ၏ အသက်မှန်ကန်မှုအတွက် စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးရဲမျိုးဟိန်းကဆိုသည်။

‘‘ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်မှာ ကစားသမားတွေကို ဒုတိယအဆင့်အနေနဲ့ ထပ်မံစစ်ဆေးသွားမှာဖြစ်ပြီး ဒီအဆင့်မှာ အသက်လိမ်ညာထားတာ တွေ့ရရင်တော့ ၂ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်သွားမှာ ဖြစ်ပါတယ်။ တတိယအဆင့်အနေနဲ့က လ.၀.ကရုံးကိုပို့ပြီး ထပ်စစ်မှာပါ။ ဒီအဆင့်မှာ အသက်လိမ်ညာထားတာတွေ့ရင်လည်း ကစားသမားကို ၂ နှစ်ပွဲပယ်ပြစ်ဒဏ် ချသွားမှာပါ။ နောက်ဆုံးအဆင့်ကတော့ တစ်နိုင်ငံလုံးကို အသက်စစ်ဆေးပြီးတဲ့ ကစားသမားများကို ကြေညာသွားမှာဖြစ်ပြီး ကန့်ကွက်သူရှိလို့ အသက်လိမ်ညာထားတာတွေ့မယ်ဆိုရင်လည်း ၂ နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်သွားမှာပါ’’ဟု အသက်စစ်ဆေးစိစစ်ရေးကော်မတီ၏ လုပ်ဆောင်မည့် အဆင့်ဆင့်ကို ဦးရဲမျိုးဟိန်းက ရှင်းပြသည်။

ကော်မတီအနေဖြင့် ပထမအဆင့်တွင် စစ်ဆေးတွေ့ရှိသည့် အသက်လိမ်ညာထားသော ကစားသမားများအား ပြစ်ဒဏ်ချမှတ်သွားမည် မဟုတ်သော်လည်း အနာဂတ် ၎င်းကစားသမား ၀င်ရောက်ယှဉ်ပြိုင်မည့် ဘောလုံးပြိုင်ပွဲများတွင် မူရင်းအသက်အမှန်နှင့် မှတ်ပုံတင်အစစ် အထောက်အထားပြမှသာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပေးသွားမည်ဖြစ်သည်။

ကစားသမားများ၏ အသက်မှန်ကန်မှုစစ်ဆေးခြင်းကို တင်းကျပ်စွာပြုလုပ်ခြင်းမှာ နောက်ကျသည်ဟု ဝေဖန်မှုများရှိနေသော်လည်း အကောင်အထည်ဖော်ခြင်းအတွက် ကြိုဆိုရမည်ဖြစ်ကြောင်း လေ့လာသူများကဆိုသည်။

‘‘ဒီစီမံကိန်းကြီး အကောင်အထည်ဖော်တာကို နောက်ကျတယ်လို့တော့ မမြင်တော့ဘူး။ မလုပ်တာထက်စာရင်တော့ လုပ်တာကောင်းတာပေါ့။ ဒီလိုမှမလုပ်ရင် မြန်မာ့ဘောလုံးလောကကြီးက စမ်းတ၀ါးဝါးနဲ့ အရင်လိုလိမ်နေဦးမှာပဲ’’ဟု အားကစားကလောင်ရှင် အလင်းဖြူက ပြောသည်။

ကစားသမားများ အသက်မှန်ကန်စွာဖြင့် ၀င်ရောက်ယှဉ်ပြိုင်ပါက နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာဘောလုံးအသင်းများအနေဖြင့် လတ်တလော အောင်မြင်မှုမရနိုင်သော်လည်း စိတ်ရှည်စွာ ဆက်လက်ပြုစုပျိုးထောင် လေ့ကျင့်ပါက အနာဂတ်မြန်မာ့ဘောလုံးလောက တိုးတက်ရန်သာရှိကြောင်း ဧရာဝတီအသင်းနည်းပြချုပ် ဦးဆန်းဝင်းကပြောသည်။

အကြောင်းမှာ ကစားသမားများက အသက်လိမ်ထားသည့်အတွက် စာရွက်ပေါ်တွင်ငယ်နေပြီး အကောင်းဆုံးကစားနိုင်ရမည့်အချိန်တွင် အသက်အမှန်မှာ ကြီးရင့်နေကာ အရွယ်လွန်နေ၍ လက်ရွေးစင်အသင်းတွင် ဒုက္ခရောက်နေသော ကစားသမားများစွာ ရှိနေသည်။ ယခင်ကလည်း ထိုအတိုင်းပင်ဖြစ်သည်။

‘‘ရှုံးတဲ့ဒဏ်ကိုတော့ ခံနိုင်ရည်ရှိဖို့ လိုပါမယ်။ အရင်က လူငယ်အသင်းတွေက နိုင်ဖို့ပဲ အဓိကလုပ်ခဲ့ကြတော့ ခုတကယ် အသက်အမှန်နဲ့ ယှဉ်ပြိုင်ကြမယ်ဆိုရင် အောင်မြင်မှု ချက်ချင်းရချင်မှ ရမယ်လေ။ ဒါပေမဲ့ အရင်ကမှားခဲ့ကြလို့ အာဆီယံမှာ လက်ရှိမြန်မာ့လက်ရွေးစင်အသင်း ရုန်းကန်နေရတဲ့အခြေအနေ ဖြစ်နေတာပါ။ နောက်ဆယ်နှစ်လောက် ဒီအတိုင်းသွားရင် မြန်မာဘောလုံးလောကတောင် ပျောက်သွားနိုင်ပါတယ်။ ဒါကြောင့် အသက်မှန်ကန်ရေး စစ်ဆေးမှုဟာ ရေရှည်တိုးတက်ဖို့အတွက် ကောင်းတဲ့လုပ်ဆောင်ချက်ဖြစ်ပါတယ်’’ဟု ဦးဆန်းဝင်းကဆိုသည်။

စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် အသက်(၁၆)နှစ်အောက် ခြင်္သေ့မြို့တော်ဖလား ဘောလုံးပြိုင်ပွဲ၌ မြန်မာလူငယ်အသင်း ချန်ပီယံဆုရရှိခဲ့သော်လည်း အရွယ်လွန်ကစားသမားများ ပါဝင်မှုကြောင့် ဆုဖလားပြန်အပ်ခဲ့ရမှု။ အာရှ ယူ-၂၂ ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင် မြန်မာအသင်း၌ အသက်ကြီးကစားသမားများ ပါဝင်နေသည်ဟု မလေးရှားနည်းပြ၏ စွပ်စွဲမှုများက မြန်မာဘောလုံးလောကအတွက် မျက်နှာပျက်စရာများ ဖြစ်ခဲ့သော်လည်း အနာဂတ် မြန်မာ့ဘောလုံးကစားသမားများ၏ အသက်မှန်ကန်မှုအရေး အထောက်အပံ့များ ဖြစ်ခဲ့သည်ဆိုပါက ယင်းအဖြစ်အပျက်များအား မြန်မာဘောလုံးပရိသတ်များက ကျေးဇူးတင်နေဦးမည်သာဖြစ်သည်။


7day news journal

ဆွာတိုးဂိတ်အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွား ဆရာမတဦးသေဆုံး



 ရေတာရှည် မေ ၁၄

 မေလ (၁၁) ရက်နေ့၊ မွန်းလွဲ (၂း၄၅) နာရီအချိန်က ရန်ကုန်- မန္တလေး ကာလမ်းအတိုင်း ဆွာမြို့မှ ရှေတာရှည် မြို့သို့ ပြန်လာသည့် ကျောင်းဆရာမ စီနင်းသည့် ဆိုင်ကယ်အား နောက်မှ မောင်းနှင်လာသော ကားမှ အရှိန်လွန်ကာ ဝင်တိုက်မိခဲ့သဖြင့် သေဆုံးသွား ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ရေတာရှည်မြို့ အမှတ် (၂) ရပ်ကွက်နေ ဒေါ်ခင်မာဦး (၄၅) နှစ် (ပညာရေး ဝန်ထမ်း) သည် ဆွာမြို့မှ ရေတာရှည်သို့ ဝေ့အယ်ဖာ အမျိုးအစား ဆိုင်ကယ်ဖြင့် ရန်ကုန်- မန္တလေး ကားလမ်းအတိုင်း မောင်းနှင်ပြီး ပြန်လာစဉ် မိုင်တိုင်အမှတ် ၁၉၇/၇နှင့် ၁၉၈/၀ အကြား ဆွာတိုးဂိတ် အနီးအရောက် နောက် မှ ဇော်လွင်ထွန်း (၃၀) နှစ်၊ အမှတ် (၂၁) ရပ်ကွက် တောင်ငူမြို့ နေ သူမောင်းနှင်လာသော တိုယိုတာ မတ်တူးယာဉ်မှ နောက်မှ ဝင်ရောက် တိုက်မိသဖြင့် ဆိုင်ကယ် တိမ်းမှောက် သွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ဒေါ်ခင်မာဦးတွင် ဝဲဂျိုဇောင်း ဖူးရောင်၊ ဝဲနားသွေး ထွက်၊ ဝဲနားသွေးထွက် ဒဏ်ရာများရရှိခဲ့ပြီး ဆွာတိုက်နယ် ဆေးရုံမှ တဆင့် နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံကြီးသို့ လွဲပြောင်းတင်ပို့ ကုသစဉ် မေလ (၁၂) ရက်နေ့ နံနက် (၈း၃၀) နာရီအချိန် တွင် သေဆုံး သွားခဲ့၍ ဆွာနယ်မြေ ရဲစခန်းမှ ယာဉ်(ပ) ၁၂/ ၂၀၁၄ ပြစ်မှု ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

ဘုရားရင်ပြင်ပေါ် မန်းတိုင်းဝန်ကြီးချုပ် ဖိနပ်စီးပြီး တက်ရောက်ခဲ့ခြင်း မရှိဟုဆို ဖွင့်ပွဲအခမ်းအနားမှာ ဘုရားအပြင်တွင် ကျင်းပခြင်း ဖြစ်ကြောင်း ပြောကြား



 မေလ( ၁၄ ) ရက် ၂၀၁၄ ။ မန္တလေးမြိ့။

ကဆုန်လပြည့်နေ့က ဆိုရှယ်မီဒီယာ ပေါ်တွင် မန္တလေးတိုင်း ၀န်ကြီးချုပ်မှ ကုသိုလ်ဘုရား ရင်ပြင်တော်ပေါ် ဖိနပ်စီး သည်ဟု အငြင်းပွား ဖွယ်ဓာတ်ပုံများ ပျံ့နှံ့လာခြင်း ကိစ္စနှင့် ပက်သက်ကာ ရင်ပြင်ပေါ်သို့ တက် ရောက် ခဲ့ခြင်းမရှိကြောင်း ၀န်ကြီးချုပ်ကိုယ်ရေး အရာရှိမှ တဆင့် မေ ၁၄ရက်နေ့က ပြောသည်။

‘ ဘုရားပုရိဝုဏ်အပြင်ဘက်မှာ ဖွင့်ပွဲလုပ်တာ၊ ဂေါပကအဖွဲ့က ဘုရားထဲက ထွက်လာတာမို့ သူတို့က ဖိနပ်မ ပါဘူး၊ ရင်ပြင်ပေါ်ကို ဖိနပ်နဲ့တက်တာ မဟုတ်ဘူး၊ မယုံလို့၊ မရောက်ဘူးလို့ သွားကြည့်ခြင်တယ်ဆိုရင် ၀န်ကြီးချုပ်ဦးရဲမြင့်က စရိတ် ထုတ်ပေးမယ်လို့ ပြောပါတယ်၊ ကတ္တရာ လမ်းပေါ်မှာကောဇော ခင်းထားတာဖြစ်ပါတယ်၊ ပုရ၀ုဒ်အတွင်းမှာ လုံးဝမဟုတ်ပါဘူး ’ ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ဖြေရှင်းချက်များအပြင် အဆိုပါပွဲသို့တက်ရောက်ခဲ့သော မန္တလေးအခြေစိုက်သတင်းသမားတစ်ဦးက ဘုရားပုရိဝုဏ်အပြင်ဘက် မုခ်ဦးအရှေ့တွင် ပြုလုပ်ခြင်းဖြစ်ပြီး ဘုရားဝင်းအတွင်းမဟုတ်ကြောင်း အတည်ပြု ပြောကြားသည်။

အဆိုပါနေ့က ဆိုရှယ်မီဒီယာပေါ် ၀န်ကြီးချုပ်ဦးရဲမြင့် ဘုရားရင်ပြင်ပေါ်တွင် ဖိနပ်စီးသည်ဟူသော ဓာတ်ပုံနှင့် အတူ ပဲခူးရွှေမောဓောဘုရားရင်ပြင်တော်ပေါ်သို့ အစိုးရကားများ တက်ရောက်လာသည့် ဓာတ်ပုံများထွက် ပေါ်လာခဲ့ပြီးနောက် အငြင်းပွားစရာများဖြစ်ပေါ်ခဲ့ရာ Facebook သုံးစွဲသူအချို့က နိုင်ငံရေးထိုးနက်ချက်တစ် ခုဖြစ်နိုင်ကြောင်းဓာတ်ပုံများအောက်များတွင် ၀င်ေ၇ာက်မှတ်ချက်ပေးခဲ့သည်။

ဝန်ကြီးချုပ်ရဲမြင့်၏ ဓာတ်ပုံသည် မေ၈ရက်နေ့က မန္တလေးမြို့မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရားအ ပြင်ဘက်တွင် စိုက်ထူသည့် ယူနက်စကိုကမ္ဘာ့မှတ်တမ်းအမွေအနှစ် ပါဝင်သည့် အထိမ်းအမှတ်ကျောက်စာ စိုက် ထူခြင်းအခမ်းအနားပုံဖြစ်ပြီး ပဲခူးမြို့ ရွှေမော်ဓောဘုရားရင်ပြင်ပေါ်သို့ ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုး ရအဖွဲ့ ယာဉ်တန်းများ တက်ရောက်ခဲ့သည့် ဓာတ်ပုံများလည်း ထွက်ပေါ်ခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးရဲမြင့်၊ ပြည်ထောင်စုယဉ်ကျေးမှု ဒုဝန်ကြီး ဒေါ်စန္ဒာခင်၊ တိုင်းဒေသကြီးအစိုး ရအဖွဲ့ဝန်ကြီးများတက်ရောက်ခဲ့သည်။

မင်းမင်းလတ် , အောင်သန့်ခိုင်
Mandalay News Agency

ယာဉ်မတော်တဆ တိမ်းမှောက်မှုကြောင့် အသက်ဆုံးရှုံးခဲ့သော ခရီးသည်များ အတွက် အထူးခရီးသွား အာမခံလျော်ကြေးငွေ ပေးအပ်


နေပြည်တော် မေ ၁၄

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၉၇/၆)အနီး ဝက်လက်တံတား အောက်သို့ ကျရောက် တိမ်းမှောက်သွားသော ရာဇာမင်းမှန်လုံယာဉ်ပေါ်ပါ သေဆုံးသွားသော ခရီးသည်(၁၄)ဦးအတွက် “အဝေးပြေး လမ်းမကြီးများအတွက် အထူးခရီးသွားအာမခံ” လျော်ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၁)နာရီတွင် နေပြည်တော်ရှိ ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မေ(၁၂)ရက် ညနေပိုင်းတွင် မတော်တဆ တိမ်းမှောက်ခဲ့သည့် ရာဇာမင်းခရီးသည်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအနက် အသက်ဆုံးရှုံး သွားသော ခရီးသည်များအတွက် အထူးခရီးသွားအာမခံ လျော်ကြေး ပေးအပ်မည် ဖြစ်ကြောင်း၊ ယာဉ် မတော်တဆဖြစ်၍ အသက်ဆုံးရှုံး မှုများသည် သက်ဆိုင်ရာ မိသားစုများအတွက် အစားထိုး မရသောဆုံးရှုံးမှုများ ဖြစ်ပြီး ယင်းဆုံးရှုံးမှုအတွက် ကျန်ရစ်သူ မိသားစုများနှင့်အတူ ထပ်တူထပ်မျှဝမ်း နည်းမိပါကြောင်း၊ မြန်မာ့အာမခံ လုပ်ငန်းနှင့် ဧရာမြန်မာအာမခံ ကုမ္ပဏီတို့ အနေဖြင့် ကျန်ရစ်သူ မိသားစုများ အတွက် အာမခံလျော်ကြေးငွေ ထောက်ပံ့နိုင်၍ မိသားစုများအတွက် အထောက်အကူ ဖြစ်လိမ့်မည်ဟု မျှော်မှန်းပါကြောင်း။

တိမ်းမှောက်သွားသည့် ယာဉ်ပေါ်တွင် လိုက်ပါခဲ့သည့် ခရီးသည်များသည် ဘဏ္ဍာရေး ဝန်ကြီးဌာန အာမခံလုပ်ငန်းကြီး ကြပ်ရေးအဖွဲ့ကစီစဉ်ပြီး ယခုမေ(၈)ရက်က စတင်ဖြန့်ချိ ရောင်းချခဲ့သော အထူးခရီးသွား အာမခံဝယ်ယူ ထားသူများဖြစ်ပါကြောင်း၊ အဆိုပါအာမခံ ဝယ်ယူထားလျှင် သေဆုံးခဲ့ပါက လျော်ကြေးငွေကျပ် သိန်း(၃၀)ရရှိမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိလျှင် ဒဏ်ရာရရှိမှု ပေါ်မူတည်၍ အများဆုံးငွေကျပ် (၂၄)သိန်းအထိ လျော်ကြေး ရရှိမှာဖြစ်ပါကြောင်း။

ထို့အပြင် တိမ်းမှောက်သွားသည့် ခရီးသည်ယာဉ်သည် အလုံးစုံမော်တော်ယာဉ် အာမခံနှင့် သူတစ်ပါး ထိခိုက်မှုအာမခံကိုပါ ထားရှိခဲ့သည့် အတွက် အလုံးစုံမော် တော်ယာဉ်အာမခံက ခရီးသည်တစ်ဦး သေဆုံးလျှင် လျော်ကြေးငွေကျပ်(၁၀)သိန်း၊ သူတစ်ပါးထိခိုက်မှုအာမခံက ငွေကျပ်(၅)သိန်း ရရှိကြမှာဖြစ်သည့် အတွက် ယခု တိမ်းမှောက်သွားသည့် ယာဉ်ပေါ်ပါ ခရီးသည်များအနက် သေဆုံးသွားသည့် ခရီးသည်တစ်ဦးအတွက် အာမခံ လျော်ကြေး ငွေကျပ်(၄၅)သိန်းစီ ရရှိမှာဖြစ်ပါကြောင်း။

သာမန်အားဖြင့် သူတစ်ပါး ထိခိုက်မှု အာမခံသာလျှင် ထားရှိလေ့ရှိသဖြင့် ငွေကျပ်(၅)သိန်းသာ ရရှိနိုင်ပြီး ယခုဖြစ်ရပ်တွင်မူ အလုံးစုံမော်တော် ယာဉ်အာမခံနှင့် အထူးခရီးသွား အာမခံထားရှိသည့်အတွက် လျော်ကြေးငွေ ကျပ်သိန်း(၄၀) ထပ်ဆောင်းရရှိခြင်းဖြစ်၍ မော်တော်ယာဉ်နှင့်ခရီးသွားပါက အထူးခရီးသွား အာမခံ ထားရှိသင့် ပါကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများအနေဖြင့် ဆေးမှတ်တမ်းပေါ်မူတည်၍ ဒဏ်ရာရရှိမှု အနည်းအများ အလိုက် အများဆုံး အာမခံလျော်ကြေးငွေ ကျပ်(၂၄)သိန်းအထိ ရရှိမှာဖြစ်ပါကြောင်း၊ အာမခံ လျော်ကြေးငွေများ ကိုလည်း ဆက်လက်စိစစ်ထုတ်ပေးသွားမှာဖြစ်ပါကြောင်းနှင့် ယခုအဖြစ်အပျက်ကဲ့သို့ ဝမ်းနည်းဖွယ်ရာ အဖြစ်များ ထပ်မံမဖြစ်ပွားစေရေး အတွက်လည်း အားလုံးဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အသက်ဆုံးရှုံး သူများကိုယ်စား နေပြည်တော် မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းဆွေထံ လျော်ကြေးငွေ တစ်ဦးလျှင် ကျပ်(၄၅)သိန်းစီ စုစုပေါင်းကျပ် သိန်း(၆၃၀)ကိုပေးအပ်သည်။
ဆက်လက်၍ အသက်ဆုံးရှုံး သူများအတွက် ရာဇာမင်းမော်တော် ယာဉ်လိုင်းမှ ပေးအပ်သော ဂရုဏာကြေး တစ်ဦးလျှင် ငွေကျပ်(၁၅)သိန်းစီအား နေပြည်တော်ကောင်စီဝင် ဦးစောလှက မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိန်းရေး ကော်မတီ အတွင်းရေးမှူး ဦးမြတ်မိုးထံပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက အထူးခရီးသွားအာမခံ၊ အလုံးစုံ မော်တော်ယာဉ် အာမခံနှင့် သူတစ်ပါးထိခိုက်မှု အာမခံများအကြောင်း ရှင်းလင်းပြောကြားသည်။ အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်းကလည်း အဝေးပြေးလမ်း လုံခြုံရေး စီမံထားရှိမှု ကြိုတင် ကာကွယ်မှုများ အကြောင်း ရှင်းလင်း တင်ပြခဲ့သည်။
အာမခံလျော်ကြေး ပေးအပ်မှုနှင့် ပတ်သက်၍ ခရီးမကြာခဏသွားလေ့ ရှိသူတစ်ဦးက ယခုကဲ့သို့ နိုင်ငံတော်မှ အာမခံများ စီစဉ်ပေးပြီး လျော်ကြေးများကိုလည်း နှစ်ရက်အတွင်း ပေးချေသဖြင့် နိုင်ငံတော်နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနကို ကျေးဇူးတင်ကြောင်း၊ ခရီးသွားများဘက်မှလည်း အာမခံထားဖို့ မမေ့ရန်လိုကြောင်း၊ အာမခံထားသော ကားများ စီးရသည်မှာ ပိုလုံခြုံသည်ဟုခံစားရသဖြင့် အာမခံရှိသော ကားများကိုသာ ရွေးချယ် စီးနင်းတော့ မည်ဟု ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။

MOI

သမီးမွေးနေ့အတွက် ဖိတ်စာ လိုက်ဖိတ်သည့်ဖခင် ကားကြိတ်ခံရ၍သေဆုံး


ရေတာရှည် မေ ၁၄

ရေတာရှည်မြို့၊ အမှတ်(၄)ရပ်ကွက်တွင်နေထိုင်သည့် ကိုကျော်သူ (၄၄)နှစ် သည် မေလ(၁၃)ရက်နေ့တွင် သမီးဖြစ်သူ၏ မွေးနေ့ပွဲအတွက် ဖိတ်စာများလိုက်ဝေရင်း ရွှေကံ့ကော် စားသောက်ဆိုင်တွင် မိတ်ဆွေ သူငယ်ချင်းများကို ဧည့်ခံကျွေးမွေးခဲ့သည်။ ထို့နောက် ဖိတ်စာဝေရန် အဆိုပါဆိုင်မှ ဟွန်ဒါ အမျိုးအစား ဆိုင်ကယ်ဖြင့် ရန်ကုန်- မန္တလေး ကားလမ်းအတိုင်း တောင်ဘက်သို့ ထွက်ခွာသွားရာ ရွှေပြည်ကုန်း ဘုရားအနီးတွင် လူတစ်ဦး ကားကြိတ်ခံရ၍ သေဆုံးကြောင်း သတင်း အရ ရေတာရှည် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး ခဲ့ရာ ကားလမ်း အရှေ့ဘက် (၃)ပေခန့်၌ ကားကြိတ် ခံရ၍ အူများထွက် လျှက် သေဆုံးသူမှာ ကိုကျော်သူ ဖြစ်ကြောင်း သိရှိရပြီး ရေတာရှည်မြို့မ ရဲစခန်းက ယာဉ်(ပ) ၂၅/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့်အမှုဖွင့်ကာ ယာဉ် အား ဆက်လက် စုံစမ်းလျှက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar 

လုံခြုံရေးအားနည်းမှုကြောင့် Facebook နှင့် Google သုံးစွဲသူ အချက်အလက် ခိုးယူခံရနိုင်


ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြသည့် လုံခြုံရေးစံသတ်မှတ်ချက် နှစ်ခုရှိ အားနည်းချက်ကြောင့် Google, Microsoft, Facebook, Twitter နှင့် အခြားအွန်လိုင်း ဝန်ဆောင်မှုများမှ account အချက်အလက်များကို မည်သူမဆို ရယူအသုံးပြုနေကြောင်း သိရသည်။

Covert Redirect ဟု ခေါ်သည့် အားနည်းချက်သည် open-source session-authorization protocol နှစ်ခုဖြစ်သည့် OAuth 2.0 နှင့် OpenID တွင် ဖြစ်ပေါ်ခြင်းဖြစ်သည်။

အဆိုပါ စံသတ်မှတ်ချက်နှစ်ခုကို အင်တာနက်တစ်ဝန်း အသုံးချလျက်ရှိပြီး သုံးစွဲသူများအား ဝက်ဖိုရမ်ကဲ့သို့သော ဆိုက်များကို account အသစ်တစ်ခု ဖန်တီးစရာမလိုဘဲ Facebook နှင့် Twitter account ဖြင့် log in ဝင်ရောက်စေနိုင်သည်။

တိုက်ခိုက်သူများသည် အဆိုပါအားနည်းချက်ကို အသုံးချကာ တရားဝင်ဝက်ဘ်ဆိုက်များမှ phishing တိုက်ခိုက်မှုများအနေဖြင့် တိုက်ခိုက်နိုင်ကြောင်း စင်ကာပူရှိ နန်ယန်းနည်းပညာတက္ကသိုလ်မှ Ph.D ကျောင်းသား Wang Jing က ဆိုခဲ့သည်။

Wang ၏အဆိုအရ ၎င်းအားနည်းချက်အတွက် ပြင်ဆင်မှုကို မကြာခင်အတွင်း ရယူနိုင်ဖွယ်ရှိကြောင်း Google, Microsoft, Facebook, Twitter, LinkedIn ကဲ့သို့သော ကုမ္ပဏီများနှင့် cilent ကုမ္ပဏီများကလည်း ၎င်းပြဿနာကို ပြင်ဆင်ရန်အတွက် တာဝန်ယူခြင်းမရှိကြောင်း သိရသည်။

Covert Redirect ၏ အကြီးမားဆုံးသော အန္တရာယ်မှ အန္တရာယ် ရှိသည့် ဝက်ဘ်ဆိုက်များနှင့် ချိတ်ဆက်ထားသော link များပါဝင်သည့် email message များကို အသုံးပြုသည့် phishing တိုက်ခိုက်မှုဖြင့် login  အချက်အလက်များကို ဆိုက်ဘာဒုစရိုက်များ ရယူနိုင်ခြင်းဖြစ်သည်။

သာမန် phishing တိုက်ခိုက်မှုသည် အန္တရာယ်ရှိသည့် URL ကို သတိထားရုံဖြင့်သိရှိနိုင်သော်လည်း Covert Redirect သည် တိုက်ခိုက်သူများက တကယ့်အစစ်အမှန် ဝက်ဘ်ဆိုက်ကို အသုံးပြုပြီး အန္တရာယ်ရှိသည့် login popup dialogue box ဖြင့် တိုက်ခိုက်နိုင်ကြောင်း သိရသည်။

နောင်နောင်
Ref: FoxNews
Internet Journal 

iPhone တွင် email attachment ဖိုင်များကို ဟက်ကာများ ရယူနိုင်သည့် အားနည်းချက်ရှိ


iPhone ကို passcode ဖြင့် lock ပြုလုပ်ထားလျှင်ပင် email မှတစ်ဆင့် ပေးပို့ထားသည့် ဖိုင်များကို အသုံးပြုနိုင်သည့် အားနည်းချက်အား ဂျာမန်လုံခြုံရေးပညာရှင် Andreas Kurtz က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

၂၀၁၀ ခုနှစ်တွင် iOS 4 Software ကို မိတ်ဆက်စဉ်က ဖိုင်များကို လုံခြုံမှုရှိသည့် အလွှာတစ်ခုဖြင့် ထပ်မံကာကွယ်ထားကြောင်း Apple က အခိုင်အမာဆိုခဲ့သည်။ အဆိုပါစနစ်သည် ဖုန်းအတွင်းရှိ email attachment များကို သီးခြား lock လုပ်ပေးထားခြင်း ဖြစ်သည်။  ၎င်းစနစ်သည် အကယ်၍ ဟက်ကာများက ဖုန်းကိုထိန်းချုပ်ပြီး ကွန်ပျူတာနှင့် ချိတ်ဆက်ကာ passcode ကို ကျော်ဖြတ်နိုင်ခဲ့လျှင်ပင် email attachment များကို တွေ့မြင်နိုင်ခြင်းမရှိအောင် ပြုလုပ်ထားခြင်းဖြစ်သည်။

သို့သော်လည်း အမှန်တကယ်တွင် ဖိုင်များကို encrypt လုပ်ထားခြင်းမရှိဘဲ iPhone 4 ကို ကွန်ပျူတာတွင် တပ်ဆင်ပြီး passcode ကျော်ဖြတ်လိုက်သည်နှင့် email  attachment များကို တွေ့မြင်နိုင်ကြောင်း Kurtz က ပြောကြားခဲ့သည်။

Passcode နှင့် Lock ပြုလုပ်ထားသည့် iPhone အတွင်းမှ ဖိုင်များကို ဟက်ကာများမှ ရယူနိုင်သည့် နည်းလမ်းအချို့ ရှိသော်လည်း သီအိုရီအရ ဖိုင်များကို encrypt လုပ်ထားသောကြောင့် ရှုပ်ထွေးသည့် နံပါတ်များနှင့် စာလုံးများကိုသာ မြင်တွေ့ရမည်ဖြစ်သည်။ သို့သော်လည်း Kurtz ၏ တွေ့ရှိချက်တွင် email attachment များကို encrypt လုပ်ထားခြင်းမရှိကြောင်း သိရသည်။ အဆိုပါ နည်းလမ်းသည် ထုတ်ကုန်အသစ်များတွင် အလုပ်မလုပ်သော်လည်း အားနည်းချက်များမှာမူ ဆက်လက်ရှိနေသေးကြောင်း ၎င်းအားနည်းချက်ကို iPhone 4, iPhone 5S နှင့် iPad 2 တွင် စမ်းသပ်ခဲ့ပြီး Apple ထံသို့ အကြောင်းကြားခဲ့သော်လည်း update အနေဖြင့် ဖြန့်ချိခဲ့သည့် iOS 7.1.1 တွင် အားနည်းချက်ကို ပြင်ဆင်ထားခြင်း မရှိကြောင်း NESO Security Labs ကို တွဲဖက်တည်ထောင်သူ Kurtz က ပြောကြားခဲ့သည်။

နောင်နောင်
Ref: CNN
Internet Journal 

iPhone 6 ထုတ်လုပ်မှု စတင်နေဟုဆို


Apple သည် iPhone 6 ထုတ်လုပ်မှုကို အရှိန်တိုးမြှင့် ဆောင်ရွက်နေကြောင်း Apple စက်ရုံများထဲမှ တစ်ခုသည် iPhone 6 အမှာစာများ ရရှိနေပြီဖြစ်ကြောင်း Mac Rumors က ဖော်ပြခဲ့သည်။

Apple စက်ရုံ Pegatron သည် Apple ၏ 4.7 လက်မရှိသော iPhone 5s နောက်ထွက်ရှိလာမည့် iPhone 6 အမှာစာ ၁၅ ရာခိုင်နှုန်းကို ရရှိထားဖွယ်ရှိကြောင်း သိရသည်။ Pegatron သည် ယခုနှစ်အတွင်း Apple စမတ်ဖုန်း အလုံးရေသန်း ၅၀ ခန့် ထုတ်လုပ်ထားကာ ၎င်းတို့ထဲတွင် iPhone 6, iPhone 5c နှင့် iPhone 4s အလုံးရေများ ပါဝင်ဖွယ်ရှိသည်။ Apple ပစ္စည်းများ ထုတ်လုပ်ပေးသည့် Taiwan Semiconductor Manufacturing ကုမ္ပဏီသည် iPhone 6 မျိုးဆက်သစ် iPad Air နှင့် iPad min ထုတ်ကုန်များအတွက် TouchID လက်ဗွေအာရုံခံစနစ်များ လက်ခံရရှိထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Apple သည် ယခုနှစ်တွင် iPhone ကို 4.7 လက်မနှင့် 5.5 လက်မ display ဟူ၍ ဗားရှင်းနှစ်မျိုး ထုတ်လုပ်ဖွယ်ရှိသည်။ ၎င်း 5.5 လက်မဗားရှင်းသည် နောင်နှစ်မှသာ ထွက်ရှိနိုင်ဖွယ်ရှိပြီး Apple အနေဖြင့် လိုအပ်သည့် အရွယ်အစားအတိုင်း in-cell နည်းပညာထုတ်လုပ်မှုတွင် အခက်အခဲ ကြုံတွေ့နေရဖွယ် ရှိသောကြောင့်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။


စိုးထက်
Ref: BusinessInsider
Internet Journal

မိုင်းတွင်း ပေါက်ကွဲမှု သေဆုံးသူ ၂၃၀ ကျော်ပြီ

အလောင်းတွေ သယ်ထုတ်နေစဉ်

တူရကီ နိုင်ငံ အနောက်ပိုင်း Soma မြို့အနီးက ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် မိုင်းလုပ်သား ၂၃၀ ကျော် သေဆုံးခဲ့ပြီလို့ ဝန်ကြီးချုပ် Recep Tayyip Erdogan က အတည်ပြု ပြောပါတယ်။

Soma မြို့က ကျောက်မီးသွေးတွင်းကို ရောက်ရှိစဉ်မှာ မစ္စတာ အာဒိုဝမ်က အခုလို အတည်ပြု ပြောလိုက်တာ ဖြစ်ပါတယ်။

မိုင်းတွင်းထဲမှာ ပိတ်မိ နေသူ ၂၀၀ ကျော် ရှိနေပြီး ရှာဖွေ ကယ်ဆယ်ရေးတွေ ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။

မြေအောက် ၂ ကီလိုမီတာမှာ ပေါက်ကွဲခဲ့တာ ဖြစ်လို့ သေဆုံးရသူ အများစုဟာ လေဝင်လေထွက် စနစ် ပိတ်သွားခဲ့ပြီးတဲ့နောက် ကာဘွန်မိုနောက်ဆိုက် ဓာတ်ငွေ့ အဆိပ်သင့်ရာက သေဆုံးကြရတာလို့ အရာရှိတွေက ပြောပါတယ်။

ကယ်ဆယ်ရေး သမားတွေက အလောင်းတွေကို သယ်ထုတ်လာစဉ် မိုင်းတွင်းဝမှာ စိုးရိမ် ပူပန်နေကြတဲ့ ဆွေးမျိုး မိသားစုတွေ ရာနဲ့ချီ စုဝေး စောင့်ဆိုင်းနေကြသလို ဒေသဆိုင်ရာ ဆေးရုံမှာလည်း စောင့်ဆိုင်းနေကြဆဲ ဖြစ်ပါတယ်။

bbc burmese

ကျနော်တို့ ကို ဘာကြောင့် အမျိုးသား သစ္စာဖောက်လို့ သတ်မှတ်တာလဲ မသိဘူး

ရန်ကုန်တိုင်း သံလျင်မြို့နယ်အတွင်း ကျင်းပသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ၉၆၉ တရားပွဲ တခု။(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

မျိုးစောင့်ဥပဒေ ရေးဆွဲခြင်း အပေါ် အမျိုးသမီးအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ကန့်ကွက်မှု နှင့် ပတ်သက်ပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က အမျိုးသားရေး သစ္စာဖောက်သူများဟု သတ်မှတ်ထားကြောင်း သိရသည်။

မျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး အချိန်၊ နေရာနှင့် လူပုဂ္ဂိုလ် မရွေး ဆွေးနွေးနိုင်ကြောင်းကိုလည်း အမျိုးဘာသာ သာသနာ စောင့် ရှောက်ရေး အဖွဲ့၏ မေ ၉ ရက် ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။

အမျိုးသမီး အဖွဲ့များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ပေါင်း ၉၀ ကျော် က မေလ ၅ ရက်က ကြေညာချက် ထုတ်ပြန်၍ မျိုးစောင့် ဥပဒေ ရေးဆွဲခြင်း အပေါ် ကန့်ကွက်ထားခြင်း ဖြစ်သည်။ နောက်တိုး အဖွဲ့များနှင့် ဆိုလျှင် ကန့်ကွက်သည့် အဖွဲ့ပေါင်း ၁၃၀ ကျော် ရှိကြောင်း သိရသည်။

ကန့်ကွက်သည့် အဖွဲ့များတွင် ပါဝင်သော လူ့အခွင့်အရေး လှုပ်ရှားနေသော Equality Myanmar မှ ဦးအောင်မျိုးမင်းက“ကျနော်တို့ ကို ဘာကြောင့် အမျိုးသား သစ္စာဖောက်လို့ သတ်မှတ်တာလဲ မသိဘူး။ ကျနော်တို့ အခုလုပ်နေတဲ့ကိစ္စက အမျိုးဘာသာ သာသနာ

ကို သစ္စာဖောက်တာ မဟုတ်ပါဘူး”ဟု ဧရာဝတီ သို့ပြောသည်။

ယခု ကိစ္စနှင့်ပတ်သက်ပြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့၊ သမ္မတ စသည့် သက်ဆိုင်ရာများနှင့် တွေ့ဆုံ၍ ပွင့် လင်း စွာပြောဆို သွားမည် ဖြစ်ကြောင်း၊ တွေ့ဆုံရန်လည်း အဆင်သင့်ဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ပြောဆိုသည်။

“မကြာမီမှာ ဥပဒေ ထွက်လာတော့မယ် ဆိုတော့ ကျနော်တို့တွေ ပိုပြီး ဆွေးနွေးဖို့ ကောင်းတာပေါ့။ မျိုးစောင့်ဥပဒေမှာ ဘယ်လိုမျိုးတွေပါမယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်နေတာလဲဆိုတာ သိမယ်။ အခု ကျနော်တို့ ဒီဟာကို လေ့လာထားတာပဲ ရှိသေးတယ်။ အခက်အခဲတော့ ရှိတာပေါ့”ဟု ၎င်းက ဆက်ပြောသည်။

မျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲရန် အတွက် သက်ဆိုင်ရာ ရဟန်း သံဃာ ပညာရှင်များကို အကြံဉာဏ်များ တောင်းခံ ထားကြောင်း၊ ယခုလအတွင်း မူကြမ်းထွက်ရန်လည်း ရှိကြောင်း မန္တလေးမြို့ မစိုးရိမ်ကျောင်း ဆရာတော် ဦးဝီရသူက ဧရာဝတီသို့ မိန့်ကြားသည်။

“မျိုးစောင့်ဥပဒေက အမျိုးသမီးအခွင့်အရေး ဆုံးရှုံးနေတဲ့သူတွေကို ကယ်ဖို့နဲ့ အခွင့်အရေး ဘယ်တော့မှ မဆုံးရှုံးဖို့ပါ”ဟု လည်း ဆရာတော် ဦးဝီရသူ က မိန့်သည်။

ထိုဥပဒေ ပေါ်ပေါက်လာရေး အတွက် ပြည်ထောင်စု အစိုးရ အဖွဲ့ကို ပြည်သူ့ လက်မှတ်ပေါင်း လေးသန်းကျော် တင်ပြခဲ့ပြီး ယင်း ဥပဒေ တွင် အဓိကအားဖြင့် ဘာသာကူးပြောင်းခြင်း၊ တလင်တမယား စနစ်ကျင့်သုံးရေး ဥပဒေ၊ လက်ထပ် ထိမ်းမြားခြင်း ဥပဒေ နှင့် လူဦးရေ တိုးပွားနှုန်း ထိန်းချုပ်ရေး ဥပဒေတို့ ပါဝင်ကြောင်း သိရသည်။

မျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲရန် ပြင်ဆင်နေခြင်းနှင့်ပတ်သက်ပြီး ကန့်ကွက် ထားသည့် အမျိုးသမီး အဖွဲ့များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း ပေါင်း ၁၃၁ ဖွဲ့က အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် (စီဒေါ) သဘော တူညီချက်ပါ အခြေခံများနှင့်အညီ ကျား၊မ တန်းတူ ညီမျှ ဖော်ဆောင်ရန်၊ ဒီမိုကရေစီ အခြေခံသဘောတရားများ ပြည့်ဝသော ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် ကို ရေးဆွဲပြဌာန်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍနှင့် ငြိမ်းချမ်း မှု တည်ဆောက်ရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်လာရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ အမျိုးသမီး စွမ်းဆောင်ရည်နှင့် မှန် ကန်စွာ ဆုံးဖြတ်နိုင်စွမ်းကို မြှင့်တင် သွားမည် ဖြစ်ကြောင်း ပြောသည်။

“ကျမတို့က ဥပဒေပြုနိုင်တဲ့ အာဏာမရှိသလို လူမှုရေးလုပ်နေတာ ဖြစ်တာကြောင့် ထောက်ခံလက်မှတ် သန်းချီကောက်ဖို့ လုပ်ငန်း မျိုးဖြစ်စေ၊ တခြားစည်းရုံးရေးတွေ မလုပ်နိုင်ပါဘူး။ ဒီလိုလုပ်တာကိုလည်း နိုင်ငံရေးလှုပ်ရှားမှုတွေရဲ့ လှည့်ကွက်တခုလို့လည်း မြင် တယ်။ ဒီလို အရင်းအမြစ်များများနဲ့ ဟောပြောပွဲတွေ လုပ်နေနိုင်တာက နောက်ကွယ်က ဘယ်သူပံ့ပိုးပေးနေသလဲပေါ့”ဟု ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက် (Gender Equality Network) မှ မမေစံပယ်ဖြူ က ဧရာဝတီသို့ ပြောသည်။

နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် မျိုးစောင့်ဥပဒေရေးဆွဲရေး အပါအဝင် ဘာသာရေးကို အခြေခံသော နိုင်ငံရေး လှုပ်ရှားမှု ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူလူထုကို အာရုံလွှဲသော ကိစ္စရပ်များထဲမှ တခု ဖြစ်ကြောင်း၊ ပြည်သူအများစု လိုလားသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများအား အဟန့်အတား ဖြစ်စေပြီး ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းမှု အရှိန်ကို နှောင့်နှေးစေကြောင်း မေလ ၅ ရက်က အမျိုးသမီး အဖွဲ့များနှင့် အရပ်ဘက် လူ့မှုအဖွဲ့အစည်း ၉၇ အဖွဲ့ ၏ ကြေညာချက်၌ ဖော်ပြထားသည်။

Irrawaddy

အမြတ်ဆုံးကိုးကွယ်ရာနှင့် အမြတ်ဆုံးသီလ



       တစ်နေ့မှာ စုန္ဒီမင်းသမီးဟာ ဘုရားရှင်ထံရောက်လာပြီး မေးလျှောက်ပါတယ်။ အရှင်ဘုရား တပည့်တော်မရဲ့မောင် စုန္ဒက"ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကိုးကွယ်သူ၊ အကျင့်သီလ၌ ကောင်းစွာတည်သူဟာ ကောင်းတဲ့ဘ၀ကို ရောက် တယ်။ မကောင်းတဲ့ဘ၀ကို မရောက်ဘူးလို့ ပြောပါတယ်ဘုရား။ အဘယ်သို့သော ဘုရား၊ အဘယ်သို့သောတရား၊ အဘယ် သို့သောသံဃာ၊ အဘယ်သို့သော သီလတို့ကို ပြောတာပါလဲဘုရား။
       စုန္ဒီ၊ လောကမှာ ရှိသမျှသော အားလုံးသောသတ္တ၀ါတို့ထက် ပူဇော်အထူးကို ခံတော်မူထိုက်သော၊ အလုံးစုံသောတရား တို့ကို ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားရှင်ကို အမြတ်ဆုံးလို့ ဆိုအပ်ပါတယ်။ စုန္ဒီ၊ အမြတ်ဆုံးဖြစ်သော မြတ်စွာ ဘုရားအား ကိုးကွယ်ဆည်းကပ်သူဟာ အမြတ်ဆုံးသော အကျိုးတရားတွေ ရပါတယ်။

       စုန္ဒီ၊ ပြုပြင်သမျှ သင်္ခတတရားအားလုံးတို့ထက် မဂ္ဂင်ရှစ်ပါးတရားတော်မြတ်ဟာ အမြတ်ဆုံးပါပဲ။ အမြတ်ဆုံးဖြစ်သော တရားကို ကိုးကွယ်သူ၊ လိုက်နာကျင့်သုံးသူဟာ အမြတ်ဆုံးအကျိုးတရားတွေ ရနိုင်ပါတယ်။
       စုန္ဒီ၊ ရှိရှိသမျှ သံဃာဂိုဏ်းတို့ထက် အဝေးမှလာသောအလှူကို ခံယူထိုက်သော၊ ဧည့်သည်အလို့ငှါဆာင်ယူအပ်သောဝတ္ထုကို ခံယူထိုက်သော၊ တမလွန်အတွက်ရည်မှန်းထားတဲ့အလှူကို ခံထိုက်သော၊ လက်အုပ်ချီခြင်းငှါထိုက်သော၊ သတ္တ၀ါအပေါင်းတို့ ၏ ကောင်းမူပြုရန် လယ်ယာမြေကောင်းသဖွယ်ဖြစ်သော ရှစ်ယောက်သော အရိယာပုဂ္ဂိုလ်ဟာ အမြတ်ဆုံးပဲ။ အမြတ်ဆုံးသံဃာ အားကိုးကွယ်ခြင်းဟာ အမြတ်ဆုံးအကျိုးကို ဖြစ်စေနိုင်ပါတယ်။
       လောကမှာကျင့်သုံးနေတဲ့ သီလအားလုံးတို့ထက် မကျိုးမပေါက် မပြောက်မကျားသော၊ တဏှာ့ကျွန်အဖြစ်မှ လွတ်မြောက်   စေအပ်ကုန်သော၊ ပညာရှိတို့ ချီးမွမ်းအပ်သော၊ သမာဓိကို ဖြစ်စေအပ်ကုန်သော၊ အရိယာတို့နှစ်သက်အပ်သော ငါးပါး၊ ရှစ်ပါးစသောသီလတို့ကို အမြတ်ဆုံးဟု ခေါ်ဆိုအပ်၏။ အမြတ်ဆုံး၌ ဖြည့်ဆည်းပူးသူတို့အား အမြတ်ဆုံးသောအကျိုးတရား တို့ ဖြစ်နိုင်၏။
       အမြတ်ဆုံးကို ကိုးကွယ်သူ၊ မြတ်သောသီလကို ဖြည့်ကျင့်သူတို့အား အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြံအရံများခြင်း၊   ကျော်စောခြင်း၊ ချမ်းသာခြင်း၊ ကိုယ်အားဥာဏ်အားတိုးပွားခြင်း၊ ပညာနှင့်ပြည့်စုံခြင်းစသော အကျိုးတရားတို့ဖြစ်နိုင်ပြီး ထိုလူနတ် စသူတို့အား အမြတ်ဆုံးသို့ရောက်ပြီး မွေ့လျှော်ရ၏။
       ဤသို့လျှင် ဘုရားရှင်သည် စုန္ဒီမင်းသမီးအား အသေးစိတ်မိန့်ကြားတော်မူလိုက်ပါသည်။
       အားလုံးသောသူတော်စင်များ အမြတ်ဆုံးကို ကိုးကွယ်နိုင်ကြပါစေ။ အမြတ်ဆုံးသီလအကျင့်ကို ကျင့်နိုင်ကြပါစေ။ အမြတ်ဆုံးအကျိုးတရား ရရှိခံစားနိုင်ကြပါစေ။(စုန္ဒီသုတ်)

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

သင့်ကလေး ဘယ်ကျောင်းမှာထားမလဲ



အခြေခံပညာကျောင်းများ ဖွင့်လှစ်မည့်အချိန် နီးကပ်လာသည်နှင့်အမျှ ကျောင်းသားမိဘများတွင် ကိုယ်စီပူပန်မှုများ မြင့်တက်လာသည်။ ငွေကြေးတတ်နိုင်သော မိဘများအကြား မိမိရင်သွေးကို အစိုးရကျောင်းအပ်မည်လား၊ ကိုယ်ပိုင်ကျောင်းတက်စေမည်လား၊ အင်တာနေရှင်နယ်ကျောင်းထားမည်လား ဒွိဟစိတ်များဖြင့် ဗျာများနေကြသလို အခြေခံလူတန်းစားများအတွက် ကုန်ဈေးနှုန်းကြီးမြင့်ချိန် ကျောင်းစရိတ်အတွက် ရင်ပူနေကြရခြင်းဖြစ်သည်။

ယခင်က ပညာရေးအခွင့်အလမ်းအတွက် အစိုးရကျောင်းများကိုသာ အားထားနေခဲ့ရာမှ ယခုနှစ်အနည်းငယ်အတွင်း ကိုယ်ပိုင်ကျောင်းအရေအတွက် ပိုမိုများပြားလာသလို အင်တာနေရှင်နယ်ကျောင်းများ၏ ဈေးကွက်လည်း ကြီးမားကျယ်ပြန့်လာနေသည်။

ဦးသိန်းစိန်အစိုးရသက်တမ်း သုံးနှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သော်လည်း အခြေခံပညာအတွက် ပညာရေးပြုပြင်ပြောင်းလဲမှုများ မရှိသေးပေ။ ပညာရေးဥပဒေနှင့် မူဝါဒများ တိတိကျကျ ထွက်လာမှုမရှိသေးပေ။ ယင်းအချက်က ပြည်သူများ၏ အစိုးရကျောင်းပညာရေး အပြောင်းအလဲ မျှော်လင့်ချက်ကို မှေးမှိန်စေသည်။ ပုဂ္ဂလိကပညာရေးအခွင့်အလမ်းကို ရွေးချယ်ရန် တွန်းအားပေးနေသလို အစိုးရကျောင်းများသည် ကျောင်းသား၊ ဆရာအချိုးကွာဟချက်ကြီးမားနေခြင်း၊ သင်ထောက်ကူပစ္စည်း လုံလောက်မှုမရှိခြင်းနှင့် သင်ကြားမှုနည်းစနစ်ပိုင်းဆိုင်ရာ အားနည်းချက်များရှိနေသည်။ ၂၁ ရာစု၏ ပညာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အခက်အခဲများစွာရှိနေသည်။

အစိုးရ၏ ကောင်းမွန်သော ပညာရေးဥပဒေသစ်ကို စောင့်မျှော်နေသော ကျောင်းသားမိဘ အများအပြားရှိနေသည်။ သို့သော် လက်ရှိ လွှတ်တော်တွင် ဆွေးနွေးနေဆဲ အမျိုးသားပညာရေးဥပဒေကိုကြည့်၍ ကျောင်းသားမိဘနှင့် ပညာရေးလေ့လာသူများ အားမလိုအားမရဖြစ်နေသည်။

နိုင်ငံတော်က ပြဋ္ဌာန်းထားသော အခြေခံပညာသင်ရိုးညွှန်းတမ်းများသည် ၂၀ ရာစုက ရေးဆွဲထားခြင်းကြောင့် ခေတ်နောက်ကျကျန်နေခြင်းနှင့် ဆရာ၊ ဆရာမများ လစာငွေနည်းပါး၍ ကျောင်းသားအပေါ် အာရုံစိုက်မှုအားနည်းနိုင်ခြင်းတို့အပေါ် ဖခင်တစ်ဦးဖြစ်သူ ကိုအောင်အောင်ထွန်းက စိုးရိမ်နေသည်။

‘‘ပုဂ္ဂလိကကျောင်းမှာ ထားချင်ပေမယ့် ကိုယ့်ရဲ့ဝင်ငွေနဲ့ ကလေးကို အဆုံးတိုင်ထားနိုင်မှာလားဆိုတဲ့အချက်က အရေးကြီးဆုံးပဲ။ အခုချိန်မှာ ထားနိုင်တယ်ဆိုပေမယ့် မနက်ဖြန် ဘာဖြစ်မလဲဆိုတာက အရေးကြီးဆုံးမေးခွန်းပါ’’ဟု မိမိရင်သွေးပညာရေးကို အစိုးရကျောင်းတွင် စတင်စေရန် ဆုံးဖြတ်ထားသော ကိုအောင်အောင်ထွန်းကပြောသည်။

အစိုးရကျောင်းများသည် ပုဂ္ဂလိကကျောင်းများထက် ပညာသင်ယူစရိတ်သက်သာခြင်း၊ ကျယ်ဝန်းသော ကျောင်းပရ၀ဏ်တွင် လူတန်းစားမျိုးစုံနှင့် ထိတွေ့ဆက်ဆံခွင့်ရရှိခြင်းကဲ့သို့သော အားသာချက်များရှိနေသည်။ ထိုနည်းတူ အလွတ်ကျက်မှတ်ရသော အလေ့အထ၊ ကျူရှင်ယူရသောစနစ်ဆိုးကြီးလည်းရှိသည်။

ယခုနှစ်ပိုင်းတွင် ငွေကြေးအတော်အသင့်တတ်နိုင်သော လူလတ်တန်းစားမိဘများသည် မိမိရင်သွေးကို အစိုးရကျောင်းတွင် ပညာသင်ယူစေပြီး ကျောင်းပိတ်ချိန်၌ အင်တာနေရှင်နယ်ကျောင်းများတွင် တက်ရောက်စေသောအလေ့အထ ခေတ်စားလာနေသည်။

‘‘အစ်မကတော့ ကလေးကို အစိုးရကျောင်းပဲထားမှာပါ။ စနေ၊ တနင်္ဂနွေပိတ်ရက်တွေမှာ အင်္ဂလိပ်စာကျောင်းတွေကိုပို့မယ်။ ကလေးပညာရေးအပေါ် စိတ်ပူမှုရှိတယ်။ အစ်မစိတ်ထင် ကလေးတွေရဲ့အခွင့်အရေးကို ပိတ်ထားသလိုပဲ။ ဥပမာ မာလ်တီမီဒီယာအခန်းတွေရှိနေပေမယ့် ကလေးတိုင်းမသုံးရဘူး။ ပြီးတော့ ကလေးတွေကို အိမ်စာအရမ်းပေးတယ်။ အဲဒါကို မကြိုက်ဘူး’’ဟု တစ်နှစ်ခွဲအရွယ်သားဦးမိခင်ဖြစ်သူ ဒေါ်ကလျာအောင်ကပြောသည်။

ဆရာ၊ ဆရာမများအနေဖြင့် ကလေး၏ အားနည်းချက်၊ အားသာချက်များကို ဂရုပြုကြည့်ရှုပေးစေရန် ဆန္ဒရှိနေပြီး ကလေးများ ကျောင်းစာ၊ အိမ်စာ၊ ကျူရှင်စာများဖြင့် ပင်ပန်း၍ အားလပ်ချိန်နည်းပါး ဖိအားများနေသည်ကို မလိုလားကြောင်း သူမကဆိုသည်။

အလွတ်ကျက်စနစ်နှင့် စာမေးပွဲဦးတည်သောပညာရေး ထွန်းကားလာမှုကို စိတ်ကုန်လာကြသော မိဘများအတွက် ပုဂ္ဂလိကပညာရေးက အားကိုးစရာ ကောက်ရိုးတစ်မျှင်ဖြစ်လာသည်။ သို့သော် ပုဂ္ဂလိကပညာရေးသည်လည်း ပညာရေးအရည်အသွေး အာမခံမှုနှင့် မူဝါဒပိုင်းဆိုင်ရာလိုအပ်ချက်များရှိနေပြီး ကျောင်းသားမိဘများအတွက် စွန့်စားခန်းတစ်ခုဖြစ်နေသည်။

‘‘မနှစ်က ၃၈ ရာခိုင်နှုန်း ကျောင်းလခတက်ဖို့လုပ်တာ ဆန္ဒပြလိုက်လို့ ၁၈ရာခိုင်နှုန်းပဲ တိုးလိုက်တယ်။ အခုဒီနှစ် ၁၁ ရာခိုင်နှုန်း ထပ်တိုးမယ်ပြောတယ်။ မနှစ်က အမေရိကန်ဒေါ်လာ ၉၈၀၀ သွင်းရတယ်။ ဒီနှစ် တစ်သောင်းကျော်သွားမယ်။ အဲဒီကျောင်းကထွက်လိုက်ပြီ။ တခြားကျောင်း ပြောင်းအပ်ထားတယ်။ ကျောင်းစရိတ်တိုးယူရင် ပညာရေးလည်းမြင့်လာရမှာပေါ့။ ပညာရေးက ဒီအတိုင်းပဲ’’ဟု လှိုင်မြို့နယ်ရှိ အင်တာနေရှင်နယ်ကျောင်းတစ်ခုမှ ကျောင်းသားမိခင်တစ်ဦးကပြောသည်။

အင်တာနေရှင်နယ်ကျောင်းများ၏ ကျောင်းလခကောက်ခံနေမှုနှင့် ပညာအရည်အသွေးအာမခံမှုတို့အပေါ် အစိုးရက ဥပဒေနှင့်မူဝါဒများချမှတ်၍ ကျောင်းသားများနှင့် မိဘများ၏အခွင့်အရေးကို ကာကွယ်ပေးစေလိုကြောင်း သူမကဆိုသည်။

အင်တာနေရှင်နယ်ကျောင်းများသည် အစိုးရက အသိအမှတ်ပြုထားခြင်းမရှိသောကြောင့် ပညာရေး (သို့မဟုတ်) ငွေကြေးပြဿနာအခက်အခဲ ပေါ်ပေါက်ပါက မိမိတို့ဘာသာ ရင်ဆိုင်ဖြေရှင်းကြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အကြီးအကဲတစ်ဦးက ပြောထားဖူးသည်။

အင်တာနေရှင်နယ်ကျောင်းများတွင် အခြေခံပညာသင်ယူပြီးဆုံးသော ကျောင်းသားများသည် ပြည်တွင်းအစိုးရတက္ကသိုလ်၊ ကောလိပ်များသို့ တက်ရောက်ခွင့်မရရှိပေ။အင်တာနေရှင်နယ်ကျောင်းများသည် အင်္ဂလိပ်ဘာသာစကားကို အသုံးပြု၍ ယူကေနှင့် အမေရိကန်နိုင်ငံတို့၏ သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပို့ချခြင်းဖြစ်သည်။ ယင်းအချက်က မြန်မာကလေးငယ်များကို မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှုတို့နှင့် အလှမ်းဝေးသွားသည်။ မိမိနေထိုင်ကြီးပြင်းသောနိုင်ငံ၏ မိခင်ဘာသာစကား နားလည်တတ်ကျွမ်းမှု အားနည်းစေပြန်သည်။

‘‘အဲဒီတစ်ချက်က ကျွန်မတို့နိုင်ငံအတွက် အရမ်းအရေးကြီးတဲ့ကိစ္စပါ။ နိုင်ငံတကာမှာတောင် သင်ကြားရေးကို မိခင်ဘာသာစကားနဲ့ သင်ကြားတာကို အားပေးနေကြတယ်။ မိခင်ဘာသာစကား အခြေပြုသင်ကြားမှုကလည်း အအောင်မြင်ဆုံးပါပဲ။ ဘာသာစကားမူဝါဒကို ပြန်ပြောင်းသင့်တယ်လို့ထင်တယ်’’ဟု အင်တာနေရှင်နယ်ကျောင်းများတွင် အင်္ဂလိပ်ဘာသာစကား အခြေပြုသင်ကြားမှုနှင့်ပတ်သက်၍ Thinking Classroom Foundation မှ ဒေါ်သူသူမာကပြောသည်။

အင်တာနေရှင်နယ်ကျောင်းများသည် သင်ရိုးညွှန်းတမ်းအားကောင်းမှု၊ လွတ်လပ်စွာလှုပ်ရှားဆောင်ရွက်နိုင်မှုတို့ကြောင့် အားသာချက်များရှိနေသည်။ သို့သော် လူနည်းစုသာ လက်လှမ်းမီသော အခွင့်အရေးဖြစ်သည်ကို သတိပြုစေလိုကြောင်း ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER) အဖွဲ့ဝင် ဒေါ်သူသူမာကဆိုသည်။

ပညာသင်နှစ်၊ သုံးနှစ်မြောက်ပြီဖြစ်သော ကိုယ်ပိုင်ကျောင်းများသည်လည်း အောင်ချက်မြင့်မားရေး ဦးတည်ဆောင်ရွက်နေခြင်းကြောင့် ပညာရေးအရည်အသွေး အားနည်းချက်ရှိဆဲဖြစ်သည်။

‘‘ပတ်ဝန်းကျင်ပြောင်းသွားတာပဲရှိမယ်။ တကယ့်အရည်အသွေးပိုင်းက သိပ်ကွာမယ်မထင်ဘူး။ ဖတ်စာအုပ်ကို အခြေခံတဲ့နည်းကိုပဲ သွားနေတာလေ။ ကိုယ်ပိုင်ကျောင်းကတော့ စာသင်ခန်းမှာ လူနည်းနည်းနဲ့ သင်နိုင်မယ်။ ပိုဂရုစိုက်နိုင်မယ်’’ဟု ကိုယ်ပိုင်ကျောင်းများနှင့်ပတ်သက်၍ ဒေါ်သူသူမာက သူမ၏အမြင်ကိုပြောသည်။

ကိုယ်ပိုင်ကျောင်းများအနေဖြင့်လည်း ဂုဏ်ထူးရကျောင်းသား များများမွေးထုတ်ခြင်းနှင့် အောင်ချက်မြင့်မားရေးဝဲဂယက်မှ ရုန်းမထွက်နိုင်သေးပေ။ ယင်းမှာ ကျောင်းသားမိဘများ၏ သဘောထားအမြင်များအပေါ်တွင်လည်း မူတည်နေကြောင်း ကိုယ်ပိုင်ကျောင်းတည်ထောင်ထားသူတစ်ဦးက ဆိုသည်။

တက္ကသိုလ်ဝင်ခွင့်စနစ်သည် တက္ကသိုလ်စာမေးပွဲတွင် အမှတ်အများဆုံးရရှိမှုပေါ်တွင် အခြေခံနေခြင်းကြောင့် ကျောင်းသားမိဘများအနေဖြင့် အောင်ချက်မြင့်မား၍ ဂုဏ်ထူးအထွက်များသော ကိုယ်ပိုင်ကျောင်းများကို ဦးစားပေးရွေးချယ်နေခြင်းဖြစ်သည်။

အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် အင်တာနေရှင်နယ်ကျောင်းများ၏ အားနည်းချက်၊ အားသာချက်များနှင့်ပတ်သက်၍ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ပညာရေးစိတ်ပညာဌာန၊ အငြိမ်းစားပါမောက္ခဌာနမှူး ဒေါ်နုနုဝင်းတင်က‘‘ကျောင်းသားတွေအပေါ်မှာ စစ်မှန်တဲ့မေတ္တာ၊ စေတနာထားတဲ့၊ အရည်အချင်းပြည့်စုံတဲ့ ဆရာများများရှိတဲ့ကျောင်းက အကောင်းဆုံးပါ။ ကျောင်းသုံးမျိုးလုံးမှာ အားနည်းချက်၊ အားသာချက်တွေ အများကြီးရှိတယ်။ ကိုယ်ပိုင်ကျောင်းတို့၊ အင်တာနေရှင်နယ်ကျောင်းတို့ဆိုတိုင်းလည်း အထင်ကြီးလို့မရသလို အစိုးရကျောင်းတိုင်းလည်း အထင်သေးလို့မရပါဘူး။ သက်ဆိုင်ရာကျောင်းရဲ့ စီမံခန့်ခွဲမှုနဲ့ ဆရာတွေအပေါ်မှာ များစွာမူတည်နေပါတယ်’’ဟု သုံးသပ်သည်။

မည်သို့ဆိုစေ အစိုးရကျောင်းထက် ပုဂ္ဂလိကကျောင်းများတွင် မိမိရင်သွေးပညာရေးအပ်နှံလိုသော ကျောင်းသားမိဘအရေအတွက်မှာ မြို့ပြတွင်သာမက ကျေးလက်ဒေသတွင်ပါ မြင့်တက်လာသည်။ တအိအိနှင့် ကျဆင်းလာနေသော ပညာရေးအရည်အသွေးကို ပုဂ္ဂလိကပညာရေးဖြင့် ကျားကန်ထားလိုသူများပြားလာသည်။

‘‘အဓိကက ပံ့ပိုးမှုမလုံလောက်ဘူး။ ကျွန်တော့်သားကို အမြင်ကျယ်စေချင်၊ သွားတတ်လာတတ် ဖြစ်စေချင်တယ်။ ပြိုင်ဆိုင်မှုများလာတဲ့အတွက် တော်ရုံသင့်ရုံမရတော့ဘူး။ အဲဒါကြောင့် ကြိုတင်ပြင်ဆင်ပေးတာပါ’’ဟု ပဲခူးမြို့နယ်၊ ပျဉ်ပုံကြီးကျေးရွာမှ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၎င်း၏သားကို ဘော်ဒါကျောင်းအပ်နှံထားသော ဦးမင်းသန့်ကပြောသည်။

ပြည်သူ့လွှတ်တော်သည် အမျိုးသားပညာရေးဥပဒေကြမ်းကို အတည်ပြုထားပြီး ပညာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများကလည်း ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်မှုလုပ်ငန်း (CESR)ဖြင့် မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရန် အစီအစဉ်များ ရေးဆွဲနေသည်။

စစ်အစိုးရလက်ထက်တွင် ချမှတ်ခဲ့သော ပညာရေးစနစ်ဆိုးကြောင့် ဆယ်စုနှစ်ငါးခုကျော်အတွင်း အဘက်ဘက်မှ နိမ့်ကျခဲ့သော မြန်မာ့ပညာရေးကဏ္ဍကို လက်ကျန်သမ္မတသက်တမ်းတွင် ဦးသိန်းစိန်အစိုးရက ကောင်းမွန်သော ပညာရေးဥပဒေတစ်ရပ်ပြဋ္ဌာန်းကာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေမည်လားဆိုသည်က မိသားစုများ၏အနာဂတ်၊ နိုင်ငံ့အနာဂတ်အတွက် အရေးကြီးလှသည်။

7day news jornal

အမြန်လမ်းမကြီးပေါ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် အကြံပြုသတိပေးချက်



၁။ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် မော်တော်ယာဉ်ကြံ့ ခိုင်ရေးအတွက် အောက်ပါအချက်များ ကောင်းမွန်ရမည်။

(က) မော်တ်ာယာဉ်အောက်ပိုင်းတိုက်ရော့၊ ဘောလ်ဂျွိုင်းများ ကောင်းမွန်ရမည်။

(ခ) မော်တော်ယာဉ် ဘရိတ်များ ဟန်ချက်ညီစွာ ကောင်းမွန်ရမည်။

(ဂ) မော်တော်ယာဉ်တွင် တပ်ဆင်ထားသော တာယာများ ကောင်းမွန်ရမည်။ (တိုက်ဆွေးနှင့် သက်တမ်းလွန်တာယာများ မဖြစ်ရေး အထူးဂရုပြုရမည်။)

(ဃ) မော်တော်ယာဉ်တာယာများ လေဖြည့်ရာတွင် လိုအပ်သည်ထက် ပိုမဖြည့်ရ။

(င) မော်တော်ယာဉ်လေကာမှန်တွင် တပ်ဆင်ထားသည့် ရေသုတ်တံများ ကောင်းမွန်ရမည်။

(စ) ညအချိန်တွင် အမြင်ကြည်လင်မှု ရှိစေရန်အတွက် တပ်ဆင်ထားသော မီးများ/ ရောင်ပြန်များကောင်းမွန်ရမည်။ (ရှေ့ မီးကြီး၊ ရှေ့ /နောက်အချက်ပြမီး)

၂။ မော်တော်ယာဉ်အင်ဂျင်ခန်းအား ယာဉ်ရပ်နားစဉ် စစ်ဆေးရမည်။ (အင်ဂျင်ဝိုင်ပိုက်/ ဆီပိုက်ပေါက်ပြီး အိတ်ဇောပေါ်ကျ၍မီးလောင်မှု ဖြစ်စဉ်များ ဖြစ်ပွားနိုင်ပါသည်။

၃။ မော်တော်ယာဉ်ကို တစ်နာရီလျှင် ၆၀မိုင် (သို့ ) ၁၀၀ ကီလိုမီတာနူန်းထက် ပိုမမောင်းမိစေရန် မော်တော်ယာဉ်ကို ပြသသည့် ကိရိယာ Speedometer ကို ပုံမှန်စစ်ဆေးရမည်။

၎။ ယာဉ်မောင်းအနေနှင့် မမျှော်မှန်းနိုင်သော အန္တရာယ်ကို အထူးသတိထား၍ လိုအပ်ပါက ယာဉ်ကိုအရှိန်လျှော့၍ မောင်းနှင်နိုင်ရမည်။ (ဥပမာ - ရှေ့ တွင် ရပ်ထားသော ယာဉ်၊ ဖြတ်သန်းသွားသည့်လူ၊ ကျွဲ၊ နွား တိရစ္ဆာန်၊ ရေအိုင်၊ လမ်းကွေ့ နှင့် အဆင်းအတက်နေရာ၊ တံတားအ၀င်)

၅။ ယာဉ်မောင်းနေစဉ် ပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်ငိုက်ခြင်း၊ ကျန်းမာရေးမကောင်းခြင်း၊ မြင်ကွင်းမကောင်းခြင်းများ ခံစားလာရပါက ဘေးကင်းသည့်နေရာတွင် ယာဉ်ကို ခေတ္တရပ်၍ အနားယူပါ။ (လိုအပ်ပါက အလှည့်ကျ မောင်းနှင်သည့်စနစ်အား ကျင့်သုံးရမည်။ ယာဉ်မတော်တဆဖြစ်စဉ် အများစုတွင် ယာဉ်မောင်းအိပ်ငိုက်၍ တိမ်းမှောက်မှု ဖြစ်စဉ်က များပါသည်။)

၆။ ယာဉ်ပေါ်ပါသူအားလုံး အသက်ကယ်ထိုင်ခုံခါးပတ်ကို စနစ်တကျပတ်ရမည်။

၇။ လမ်းတစ်လျှောက် စိုက်ထူထားသော သင်္ကေတ အမှတ်အသားများနှင့် သတိပေး ဆိုင်းဘုတ်များကို ဂရုစိုက်ကြည့်ရှု၍ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရမည်။

Yangon-Mandalay Expressway

ညီအစ်ကို(၂)ဦးစကားများရန်ဖြစ်နေစဉ် ညီမဖြစ်သူမှ သစ်သားပိုင်း ဖြင့်ရိုက်နှက်ခဲ့၍ အစ်ကိုကြီးဖြစ်သူ သေဆုံး



ရန်ကုန်၊ မေ ၁၄ ၁၃.၅.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်တွင် သုံးခွမြို့နယ်နေ ဒေါ်စန်းဝင်မှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် သားကြီးဖြစ်သူ နေလင်းအောင်၊ (၃၈)နှစ်နှင့် သားငယ်ဖြစ်သူ စိုးမင်းအောင်၊ (၃၀)နှစ်တို့(၂)ဦးသည် နေအိမ်ရှေ့ခန်း၌ နေလင်းအောင်မှ ညီဖြစ်သူ စိုးမင်းအောင်အား ကွမ်းယာဝယ်ခိုင်းသည့်ကိစ္စဖြင့် တစ်ယောက်တစ်ခွန်းစကားများနေသဖြင့် ၎င်းမှ ၀င်ရောက်ဖြန် ဖြေပေးစဉ် သမီးဖြစ်သူ မအိအိထွန်းမှာ အရှည်(၂)ပေခန့်ရှိ (၃ x ၁၁/၂) လက်မသစ်သားပိုင်းတစ်ခုအား ကိုင်ဆောင်ကာ နေအိမ်ရှေ့မှ တက်လာပြီး နေလင်းအောင်၏ဦးခေါင်းအား (၂)ချက်ရိုက်ခဲ့သဖြင့် နေလင်းအောင်တွင် ဦးခေါင်း နောက်စေ့ဝဲဘက်ပေါက်ပြဲဒဏ်ရာနှင့် ယာချိုစောင်း ပေါက်ပြဲဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းနှင့်ယင်းသို့ကျူးလွန်သူ မအိအိထွန်းအား အရေးယူပေးရန် တိုင်တန်းလာခဲ့ ကြောင်း သိရှိရပါသည်။ တိုင်တန်းချက်အရ သုံးခွမြို့မရဲစခန်း(ပ)၁၈၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ မအိအိထွန်း၊ (၂၈)နှစ်၊ (ဘ)ဦးခင်မောင်ဝင်းအား အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police

တရုတ်ပိုင် စက်ရုံများကို ဗီယက်နမ် ဆန္ဒပြသူများ မီးရှို့





ဗီယက်နမ် နိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြသူများက တရုတ်ပိုင် စက်ရုံအချို့အား မီးတင်ရှို့ခဲ့ကြောင်း သိရှိရသည်။ တောင်တရုတ် ပင်လယ်အတွင်းရှိ နှစ်နိုင်ငံ ပိုင်နက်အငြင်းပွားမှု ဖြစ်ပေါ်နေသော ရေပြင်တွင် တရုတ်နိုင်ငံက ရေနံတူးမျှော်စင် ဆောက်လုပ်ခဲ့သည့်နောက် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာလာခဲ့သည်။ ဗီယက်နမ် အစိုးရသည် ဟနွိုင်းနှင့် မြို့ကြီးများတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုများကို ခွင့်ပြုပေးခဲ့ပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်သံရုံးရှေ့တွင် ဒေါသထွက်နေသော ဟနွိုင်းမြို့ခံများက စုဝေးဆန္ဒပြခဲ့ကြသည်။ အင်္ဂါနေ့ကမူ ဗီယက်နမ်တောင်ပိုင်း ဘင်ဒူအွန်း ပြည်နယ်တွင် မငြိမ်သက်မှုများ ဖြစ်ပေါ်လာကာ တရုတ်ပိုင် စီးပွားရေး လုပ်ငန်းများကို အကြမ်းဖက် တိုက်ခိုက်မှုများ ရှိလာခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Social Media ဝက်ဘ်ဆိုက်များတွင် ဗီယက်နမ် ဆန္ဒပြသူ အချို့တို့က စက်ရုံများရှေ့တွင် မီးတုတ်များဖြင့် စုရုံးနေသည်ကို ရိုက်ကူးပြသခဲ့သည်။ အဆိုပါ စက်ရုံများတွင် တရုတ်အမည်များ ရေးထိုးထားသည်ကိုလည်း တွေ့ရသည်။ လမ်းများပေါ်တွင် တရုတ်ဆန့်ကျင်ရေး ကြွေးကြော်သံများ အော်ဟစ်ပြီး ဟွန်းများတီးသွားသည့် မော်တော်ဆိုင်ကယ်များ စုဝေးသွားလာနေခဲ့သည်။ ထို့အပြင် ဗီယက်နမ်အလံ ကိုင်ဆွဲထားသော ဆန္ဒပြသူများက တရုတ်ပိုင်စက်ရုံ (၃)ခုမျှကို ဗီယက်နမ်-စင်္ကာပူ စက်မှုဥယျာဉ်အတွင်း မီးရှို့ဖျက်ဆီးသွားကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။



အခြားသော စက်ရုံ(၁၀)ခုမှာလည်း တိုက်ခိုက်မှုများ ကြုံခဲ့ရသလို လုယက်မှု၊ တစ်စိတ်တစ်ပိုင်း ဖျက်ဆီးခံရမှုများ ဖြစ်ပေါ်ခဲ့သည်။ “ဝရုန်းသုန်းကားတွေ ဖြစ်နေတာ။ ဘယ်လိုစကားလုံးနဲ့ အဲဒီမြင်ကွင်းအကြောင်း ပုံဖော်ရမယ်တောင် မသိတော့ဘူး။ ရဲတွေလည်း ဝင်မတားဘူး။ ဘာတွေဖြစ်နေမှန်းကို မသိတော့တာ”ဟု မျက်မြင်တစ်ဦးက ဆိုသည်။ ကွန်မြူနစ် နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေသော ဗီယက်နမ်တွင် တရုတ်နိုင်ငံကို ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုမျိုးသည် ဖြစ်တောင့်ဖြစ်ခဲ အခြေအနေ တစ်ခုဟုလည်း ဖြစ်သည်။ တရုတ်နှင့် ဗီယက်နမ် သင်္ဘောများသည် ပိုင်နက်အငြင်းပွားရာ ရေပြင်တွင် ထိပ်တိုက်တွေ့သည့် အနေအထားများ ရှိနေပြီး ယခုထက် အခြေအနေ ဆိုးရွားလာမည်ကို ဒေသတွင်း နိုင်ငံများက စိုးရိမ်လျှက်ရှိသည်။

Planet Myanmar network