လေးပွင့်ဆိုင်မလား၊ ဥပဒေပြင်မလား - ပိုပြည့်သူ [Tomorrow သို့ပေးစာ ]

ပို့စ်တင်ချိန် - 6/17/2014 07:26:00 PM


လေးစားရပါသော ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှင့်

ဒီစာဟာ ကာ/ချုပ်ကြီးဆီ တပ်မတော်အပေါ် စေတနာထားတဲ့ ပြည်သူ တစ်ယောက်က ရေးလိုက်တယ်လို့ မှတ်ယူစေချင်ပါတယ်။ ကာ/ချုပ်နဲ့တကွ တပ်မတော်သားတွေ ဖတ်မိစေချင်တဲ့ စေတနာနဲ့ ကျွန်မ ရေးလိုက်တာပါ။ ပြည်သူတွေ အတွက် ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့ ပုဒ်မတွေကို ပြင်ဆင်ပေးဖို့ ပြည်သူတွေက နိုင်ငံအနှံ့ ဆန္ဒထုတ် ဖော်နေတာ ကာ/ချုပ်ကြီးလည်း ကြားသိ၊ မြင်တွေ့နေရမှာပါ။ အခြေခံ ဥပဒေကို တပ်မတော်က တာဝန်ယူ စောင့်ရှောက်ရမယ် ဆိုလို့ တပ်မတော်ရဲ့ အခေါင်အချုပ် ကာ/ချုပ်ကြီးကို ကျွန်မတို့က စာရေးပြီး အကူအညီတောင်း ဆိုရတာပါ။

အခြေခံ ဥပဒေဆိုတာ အစိုးရနဲ့ ပြည်သူတွေအကြား ယုံကြည်ခြင်း စာချုပ်ပါ။ ဒီစာချုပ်မှာပါတဲ့ အချက်တွေက နိုင်ငံ အတွက်ရော တိုင်းရင်းသား ပြည်သူတွေ အတွက်ရော တရားမျှတမှု မရှိဘူးဆိုရင် ယုံကြည်မှုကို ဘယ်လိုတည်ဆောက်လို့ ရပါ့မလဲ။ ကျွန်မတို့ အနေနဲ့ တပ်မတော်က ဒီတစ်ခါတော့ ပြည်သူတွေဘက်က ရပ်တည်လိမ့်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။ ပြည်သူတွေ ဘက်ကနေ တပ်မတော်က ရပ်တည်ပေးမယ်ဆိုတာ အခြေခံ ဥပဒေပြင်ဖို့ တပ်မတော်က ဆန္ဒ ရှိ မရှိနဲ့ ကျွန်မတို့ တိုင်းတာကြပါတော့မယ်။ ကျွန်မ အသက် ၂၇နှစ် အတွေ့အကြုံအရ သိခဲ့ရတာကတော့ မြန်မာ့ တပ်မတော်ရယ်က အာဏာ နှစ်ကြိမ်သိမ်းပြီး နောက်ပိုင်း ပြည်သူတွေ အတွက် အဆိပ်အတောက် ဖြစ်ခဲ့ရတယ် ဆိုတာပါပဲ။ ဖက်ဒရယ်ဆိုရင် ခွဲထွက်ရေး၊ နိုင်ငံကြီး ပြိုကွဲအောင် လုပ်တာဆိုတဲ့ ၀ါဒမှိုင်းလုံးတွေ အောက်မှာ တိုင်းရင်းသားတွေနဲ့ ပြည်သူတွေရဲ့ သွေးမြေကျခဲ့ရတယ်။ နှစ်ပေါင်း (၆၀)ကျော် လွတ်လပ်ရေးနဲ့အတူ ပါလာတဲ့ ပြည်တွင်း စစ်ကြီးဟာ တိုင်းရင်းသားတွေ နဲ့အတူ တပ်မတော်သားတွေကော အသက်တွေ စတေးခဲ့ရတယ်။ တပ်မတော်က စစ်ခေါင်းဆောင် တချို့ရဲ့ အာဏာခွဲဝေ မပေးလိုမှု အောက်မှာ ဖက်ဒရယ် ပြည်ထောင်စု၊ ဖက်ဒရယ် တပ်မတော် ဆိုတာ ကျွန်မတို့ အတွက်တော့ မစားကောင်းတဲ့ အသီးလို ဖြစ်ခဲ့ရတာပါ။ ၁၉၈၈မှာ တပ်မတော် အာဏာသိမ်းပြီး အာဏာရဲ့ အရသာကို ကြိုက်သွားလို့ ထင်ပါရဲ့။ စစ်တန်းလျားကို ပြန်မသွား တော့ဘူး။ အရှေ့တောင်အာရှရဲ့ အဖွံ့ဖြိုးဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁၉၆၂မှာ တစ်ကြိမ်၊ ၁၉၈၈မှာ တစ်ကြိမ်၊ အာဏာသိမ်း တပ်မတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံအဖြစ် ရောက်ခဲ့ရတာလည်း ကာ/ချုပ်ကြီး သိမှာပါ။

နိုင်ငံကို ကာကွယ်ဖို့ တပ်မတော်ကို ၀င်ပြီးမှ နိုင်ငံကို အုပ်ချုပ်တဲ့ လွှတ်တော်ထဲမှာ တပ်မတော်သားတွေ ရောက်နေတာ၊ နိုင်ငံကို အုပ်ချုပ်ဖို့ သမ္မတ လုပ်နေတာတွေက မူလ ရည်ရွယ်ချက်ကို ထိခိုက်စေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း နဲ့အတူ ကာ/ချုပ်ကြီး ပါဝင်တဲ့ လေးပွင့်ဆိုင် တွေ့ဆုံမှု တောင်းဆိုခဲ့ပါတယ်။ သမ္မတကြီးကတို့တွေဟာ မောင်နှမတွေပဲကွာ အချိန်မရွေးတွေ့လို့ ရပါတယ်လို့ ၀န်ကြီးဦးစိုးသိမ်းကို ပြောတယ်လို့ ကြားခဲ့ရပါတယ်။ လွှတ်တော် ဥက္ကဋ္ဌ ဦသူရရွှေမန်း ကလည်း ဒီအခြေခံ ဥပဒေကို ပြင်ဖို့လိုလား ပါတယ်လို့ မီဒီယာတွေမှာ ဖော်ပြတာ တွေ့ခဲ့ရပါတယ်။ ဒါဆို ကာ/ ချုပ်ကြီး ဘက်က အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ မလိုလားလို့များ နှုတ်ဆိတ်နေတာလားလို့ ပြည်သူတွေ ဘက်ကတွေးမိကြတယ်။ ကျွန်မကတော့ တပ်မတော် အနေနဲ့ ပြည်သူတွေ အတွက် အကျိုးမရှိတဲ့ ဒီမို ကရေစီ စံနှုန်းတွေ မကိုက်ညီတဲ့ ဥပဒေတွေကိုပြင်ဖို့ ဆန္ဒရှိတယ်လို့ ယုံကြည်ပါတယ်။

ကျွန်မတို့မြန်မာ လူမျိုးတွေက ခွင့်လွှတ်တတ်တဲ့ မေတ္တာစိတ် ကြီးမားသူတွေပါ။ တပ်မတော်ရဲ့ အတိတ်က အချို့ဟာ တိုင်းပြည်ကို အမွဲတကာ့ ထွတ်ခေါင် ဖွတ်မင်းနောင် ရောက်စေခဲ့ပေမယ့် အခုအချိန်မှာ အမြင်မှန်ရပြီး ပြည်သူတွေနဲ့အတူ လက်တွဲရင် ခွင့်လွှတ်ကြမှာပါ။ ကျွန်မတို့ကလည်း တပ်မတော်ဆိုတာ နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ဖို့ အသက်ပေးရတဲ့ သူရဲကောင်းတွေလို့ပဲ မြင်ချင်ကြပါတယ်။ တခြား နိုင်ငံတွေလိုပဲ ကျွန်မတို့ ပြည်သူတွေလည်း တပ်မတော်ကို ချစ်ခင်ချင်ကြပါတယ်။ စစ်တပ်ဆိုတာ တိုင်းပြည်ရဲ့ အခြေခံပါ။ အခြေ မကောင်းရင် ဘယ်အဆောက်အအုံမဆို လဲကျသွား စေနိုင်ပါတယ်။ ကိုယ့်တိုင်းရင်းသား အချင်းချင်း သတ်ဖြတ်နေကြတဲ့ ပြည်တွင်း စစ်မီးတွေငြိမ်းဖို့ ဖက်ဒရယ် ပြည်ထောင်စု ဖက်ဒရယ် စစ်တပ်ကြီးနဲ့ ဒီမိုကရေစီ နိုင်ငံကြီးပေါ်ထွန်းဖို့ ကာ/ချုပ်ကြီး နှင့်တကွ တပ်မတော်သားတွေ အပေါ်မှာ အများကြီးမူတည် နေပါပြီ။ ကျွန်မတို့ ကာ/ချုပ်နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ပူးပေါင်းပါဝင်ပြီးပြင်ဖို့ တိုက်တွန်းပေးပါ။ တပ်မတော်သားတွေ အတွက်တော့ သူတို့အဘရဲ့ တိုက်တွန်းချက်သာပါရင် လက်ခံမှာပါ။

စကားမစပ် ကာ/ချုပ်ကြီးရဲ့ မြေးလေးတွေကော ကျန်းမာရေး ကောင်းမွန်ရဲ့လား။ ကာ/ချုပ်ကြီးရဲ့ မြေးလေးနဲ့ ရွယ်တူကလေးတွေ ကတော့ ပြည်တွင်းစစ်ကြောင့် စစ်ဘေးရှောင်ပြီး၊ အဟာရ ချို့တဲ့ပြီး ပညာလည်း ကောင်းကောင်း မသင်ကြားနိုင်ရှာဘူး။ ကာ/ချုပ်ကြီး အနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လေးပွင့်ဆိုင် တွေ့လိုတာပဲ ဖြစ်ဖြစ် ပုဒ်မ ၄၃၆ပြင်ဆင်ဖို့ ဆန္ဒရှိရင်ပဲ ဖြစ်ဖြစ် အမြန် အကြောင်းကြားပေးပါနော်။ ဘာပဲပြောပြော ကာ/ချုပ်ကြီးသိအောင် လှမ်းပြောပြတာပါ။ နှစ်ပေါင်း (၆၀)ကျော်တောင် စောင့်ခဲ့ရတာ မျိုးဆက်တစ်ဆက် ကြာသွားခဲ့ပြီ။ ဒီမိုကရေစီ အလင်းရောင် အောက်မှာ ကာ/ချုပ်ကြီးရဲ့ မြေးလေးတွေလည်း တိုင်းရင်းသား ကလေးငယ်တွေ နဲ့အတူ ပျော်မြူးပြီး ဆော့ကစားနိုင်တော့မှာပါ။

တပ်မတော်ကို ပြည်သူ့တပ် ဖြစ်စေချင်တဲ့ ပိုပြည့်သူ
Tomorrow Jouarnal