အမြန်လမ်း ၌ ရာဇာမင်း ယာဉ် တိမ်းမှောက်၊ လူ ၁၄ဦးသေဆုံး ၃၀ ကျော် ဒဏ်ရာရ

ပို့စ်တင်ချိန် - 5/13/2014 02:40:00 AM


နေပြည်တော်၊ မေ ၁၂

အထိတ်တလန့် ဖြစ်ဖွယ် မော်တော်ယာဉ်တိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားနေသော ရန်ကုန် -မန္တလေး အမြန်လမ်းမပေါ်တွင် အကျွတ်အလွတ်ပွဲကျင်းပအပြီး တစ်ရက်ခန့်အကြာ (မေလ ၁၂ ရက်နေ့) ညနေ ၆ နာရီ က နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာသွားသော ရာဇာမင်း ခရီးသည် တင် ယာဉ်မှာ အမြန်လမ်း မိုင်တိုင် ၁၉၅ မိုင် ၅ဖာလုံတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ခရီးသည် ၁၄ ဦးသေဆုံးပြီး ကျန်ရှိခရီးသည် ၃၀ ကျော် ဒဏ်ရာကြောင့် စိုးရိမ်နေရကြောင်း အမြန်လမ်းပေါ်ရှိ ပန်းတင် ရဲစခန်းနှင့် အမြန်လမ်းထိန်းသိမ်းရေး အင်ဂျင်နီယာမှုးကြီးရုံးတို့ထံမှ စုံစမ်းသိရှိရသည်။

တိမ်းမှောက်သွားသော ရာဇာမင်းယာဉ်သည် ညနေ ၆ နာရီ ၄၅ ဝန်းကျင်၌ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၉၇ မိုင်ဝန်းကျင်ရှိ တံတားပေါ်အတက်တွင်လမ်းချော်၍ ချောက်ထဲပြုတ်ကျခြင်း
ဖြစ်ကြောင်း ယင်းကားမှောက်သည်ကို ဝင်ရောက်ကူညီကယ်ဆယ်ခဲ့သည့် မကွေးမြို့မှ ရန်ကုန်မြို့သို့အမြန်လမ်းမှလာရောက်သူ ဦးစိုးမင်းလွင်က ပြောကြားသည်။

“အဲဒီကားချောက်ထဲကျတာကိုတော့ကျွန်တော်မတွေ့လိုက်ဘူး။ကျွန်တော်တို့ရောက်တော့ ကားကစောင်းနေတယ်။ မှန်ကွဲပြီးတော့ အပြင်ကို ထွက်ကျတဲ့လူတွေကလည်းထွက်ကျနေတယ်။သေတဲ့လူအရေအတွက်တော့အသေအချာမသိဘူး။အပြင်မှာပထမဆုံးတွေ့တဲ့နှစ်ယောက်ကတော့သေနေတယ်”၎င်းကဆိုသည်။

“ကျွန်တော့်နဲ့အတူ တစ်ယောက်ပါတယ်။ကူတာကတော့အဲဒီနားက နှစ်ယောက်သုံးယောက်ပါပါတယ်။ အမြန်လမ်းတိုးဂိတ်တွေက ဝေတဲ့ အရေးပေါ်ဖုန်းနံပါတ်မှာ ပါတဲ့ဖုန်းတွေကိုတော့ ဆက်ပါတယ်။ ဒါပေမယ့်စာရွက်တွေက သေးလည်းသေးတယ်။မိုးတွေကလည်းရွာ မှောင်ကလည်းမှောင်ဆိုတော့ဆက်ရတာအဆင်မပြေဘူး”ဟု ၎င်းကထပ်လောင်းပြောကြားသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ခရီးသည် ၁၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ခရီးသည်တစ်ဦးမှာ ဆေးရုံအရောက်တွင်
သေဆုံးသွားခြင်းဖြစ်ကြောင်း ၊ အဆိုပါ ယာဉ်ပေါ်တွင် ခရီးသည် ၄၄ ဦးလိုက်ပါလာကြောင်း အမြန်လမ်းထိန်းသိမ်းရေး အင်ဂျင်နီယာမှုးကြီးရုံးမှ အင်ဂျင်နီယာမှူးတစ်ဦးက ပြောကြားသည်။

“နေပြည်တော် ခုတင် တစ်ထောင်ကို အလောင်းတွေရော လူနာတွေပါ ပို့ထားတယ်” ဟုပန်းတင် ရဲစခန်းမှ ဒုရဲအုပ် တစ်ဦးက ဆိုသည်။
အဆိုပါ ရာဇာမင်းကားသည် နေပြည်တော်မှ ထွက်ခွာပြီး မကြာခင် အမြန်လမ်းမရှိသံလမ်းကွန်ကရစ် တံတားပေါ်မှ ပြုတ်ကျခဲ့ခြင်း ဖြစ်ပြီး လက်ရှိ အချိန်အထိကရိန်း ကားဖြင့် ပြန်လည် ဆွဲတင်၍ ပန်းတင် ရဲစခန်းမှ ဒုရဲအုပ် တစ်ဦးက မေ လ၁၂ ရက်နေ့ ည ၁၁ နာ ရီခန့်တွင် ပြောသည်။
“ ဘယ်အချိန်က မှောက်မှန်းမသိရသေးဘူး။စစ်နေတုန်းပ္လဲ ဟု ၎င်းကအခင်းဖြစ်ပွားသည့် နေရာမှ ဆက်သွယ် ပြော ကြားသည်။

အခင်းဖြစ်ပွားမှုကြောင့် သေဆုံးသူများအပြင် ဒါဏ်ရာရသူများမှာ စိုးရိမ်ရသည့် အခြေအနေ ရှိသောကြောင့် အရေးပေါ် လုပ်ဆောင်ချက်များပြုလုပ်နေရကြောင်း ၎င်းက အသိပေးပြောဆိုသည်။

ရာဇာမင်းတာဝန်ရှိသူများအခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့်အတွက်ကားတိမ်းမှောက်မှု အခြေအနေကို တိကျစွာ ပြောကြားနိုင်ခြင်း မရှိဟုရန်ကုန်ရှိ ရာဇာမင်းကားဂိတ်မှာ တာဝန်ကျ ဝန်ထမ်းတစ်ဦးက ဖြေကြားသည်။

၃၆၅မိုင်ခန့် ရှည်လျားသော ရန်ကုန်- နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးကို၂၀၀၉ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်-နေပြည်တော်လမ်းပိုင်းစတင်ဖွင့်လှစ်ချိန် ၂၀၀၉ခုနှစ်မှ ၂၀၁၄ခုနှစ် ဧပြီလ ၂၂ရက်နေ့အထိ ၅နှစ်ကျော်ကာလအတွင်း ယာဉ် မတော်တဆမှုပေါင်း၇၃၀ကျော်ဖြစ်ပွားခဲ့ရာ သေဆုံးသူပေါင်း ၃၅၃ဦးနှင့် ဒဏ်ရာရရှိသူပေါင်း၁၀၈၄ဦး ရှိကြောင်း တရားဝင်ထုတ်ပြန်ထားချက်များအရ သိရသည်။

Photo by - yangon - mandalay express way
The Voice Weekly