တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့မှ နှစ်ဖက်သဘောတူစာချုပ် ရေးဆွဲပြီး အစိုးရထံ အဆိုပြု တင်ပြမည်

ပို့စ်တင်ချိန် - 11/13/2013 09:00:00 AM


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဆွေးနွေးပွဲတွင် ဖွဲ့စည်းခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့ (NCCT)မှ အဖွဲ့အစည်း အသီးသီး၏ အကြံဥာဏ်များ ရယူကာ နှစ်ဖက်သဘောတူ စာချုပ်ရေးဆွဲပြီး အစိုးရထံသို့ မကြာမီ အဆိုပြု တင်ပြမည်ဟု နိုဝင်ဘာ ၁၂ ရက်က တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က သဘောထား ထုတ်ပြန်ခဲ့သည်။
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ အာဏာခွဲဝေသုံးစွဲရေး အချက်များ ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာ ဘုံသဘောတူညီချက် ၁၁ ချက်ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ ပါဝင်သည့် NCCT တို့၏ မြစ်ကြီးနား ဆွေးနွေးပွဲတွင် အစိုးရအား တရားဝင် ပေးအပ်ခဲ့သည်။
"လိုင်ဇာ ဘုံသဘောတူညီချက် စာချုပ်မှာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အချင်းချင်းကြား၌ ရရှိသော သဘောတူညီချက် စာချုပ်မျှသာဖြစ်၍ နှစ်ဖက်သဘောတူ စာချုပ်ဖြစ်စေရန် ရည်ရွယ်ချက် မရှိခဲ့ပါ။ နှစ်ဖက်သဘောတူ စာချုပ်တစ်ရပ်ကို NCCT အဖွဲ့မှ အဖွဲ့အစည်း အသီးသီး၏ အကြံဥာဏ်များကို ရယူပြီး ရေးဆွဲပြုစု၍ မကြာမီ အဆိုပြု တင်ပြသွားနိုင်ရန် စီစဉ်လျက် ရှိပါသည်။ UNFC အနေနှင့်လည်း အစွမ်းကုန် ပူးပေါင်းပါဝင် လုပ်ဆောင်သွားမည် ဖြစ်ပါသည်" ဟု UNFC ၏ သဘောထား ကြေညာချက်တွင် ဖော်ပြခဲ့သည်။
အစိုးရ၏  ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက နှစ်ဖက်သဘောတူစာချုပ် ခေါင်းစဉ်ဖြင့် မူကြမ်းတစ်ခုကို တိုင်းရင်းသား လက်နက်ကိုင်များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး အဖွဲ့ထံသို့ မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့ ညနေပိုင်းတွင် ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ခေါင်းဆောင်များထံသို့ ပြန်လည်တင်ပြမည်ဟု NCCT အဖွဲ့မှ တုန့်ပြန်ခဲ့သည်။
UNFC အဖွဲ့ အနေဖြင့်လည်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ နောက်ဆုံးအဆိုပြု မူကြမ်းကို လေ့လာသုံးသပ် နေဆဲဖြစ်ကြောင်းနှင့် လိုင်ဇာသဘောတူညီချက် စာချုပ်ရရှိခဲ့သည့် လိုင်ဇာကွန်ဖရင်နှင့် ယုံကြည်မှု တိုးတက်ခိုင်မာမှု ရရှိခဲ့သည့် မြစ်ကြီးနား ဆွေးနွေးပွဲကို အလားအလာကောင်း ဖြစ်သည်ဟုမြင်ကြောင်း သဘောထား ထုတ်ပြန်ချက်တွင် ပါဝင်သည်။
Eleven Media Group