အမှိုက်များကို မီးရှို့၍ လျှပ်စစ်ဓာတ်အားထုတ်ရန် ဒေါ်လာ ၁၆ သန်း သုံးစွဲမည်ဟု လျာထား

ပို့စ်တင်ချိန် - 12/14/2013 12:12:00 PM



ရန်ကုန်မြို့ရှိ နေ့စဉ်ထွက်ရှိသော အမှိုက်များကို မီးရှို့စက် ၀ယ်ယူမီးရှို့၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဂျပန်နိုင်ငံမှ ချေးငွေအပါအ၀င် အမေရိကန်ဒေါ်လာ ၁၆ သန်း အသုံးပြုမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁၂ ရက် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားသည်။

ဂျပန်နိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၈ သန်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အမေရိကန်ဒေါ်လာ ၈ သန်းတို့ အကုန်အကျ ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အမှိုက်မီးရှို့စက် တည်ဆောက်မည့် နေရာမှာ ရန်ကုန်မြို့ လှော်ကားလမ်းမကြီးဘေးရှိ တောကျောင်းလေး သုဿာန် အနီးတွင် ဖြစ်ကြောင်းနှင့် ယင်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရရှိမည် ဖြစ်သော်လည်း အမှိုက်မီးရှို့စက်ရုံ လည်ပတ်ရန် လိုအပ်သည့် ပမာဏသာ ရရှိမည် ဖြစ်သောကြောင့် ယင်းစက်ရုံအတွက်သာ အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

ပုဂ္ဂလိက ကဏ္ဍအနေဖြင့်မူ ရန်ကုန်မြို့ရှိ နောက်ဆုံးစွန့်ပစ် အမှိုက်ပုံများဖြစ်သော လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံနှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တို့ရှိ ထားဝယ်ချောင် အမှိုက်ပုံတို့တွင် အမှိုက်မှ တစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကို ရာနှုန်းဖြင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် တင်ဒါတင်သွင်းလာသော ကုမ္ပဏီစုစုပေါင်း ၄၃ ခု အနက်မှ နောက်ဆုံးအနေဖြင့် ထိန်ပင်အမှိုက်ပုံတွင် လုပ်ကိုင်ရန် ပြည်ပကုမ္ပဏီ ဖြစ်သော CHASSON INTERNATIO NAL Korea Co.Ltd နှင့် ထားဝယ်ချောင် အမှိုက်ပုံတွင် လုပ်ကိုင်ရန် ပြည်တွင်းမှ ZEYA & Association ကုမ္ပဏီနှင့် ပြည်ပမှ HONDI( Korea) ဖက်စပ်ကုမ္ပဏီအား ရွေးချယ်ခဲ့သည်။

ထိန်ပင်အမှိုက်ပုံရှိ အမှိုက်တန်ချိန် ၈၀၀ မှ လျှပ်စစ်ဓာတ်အားကို သုံးနှစ်စီမံကိန်းဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး ပထမတစ်နှစ် အနေဖြင့် တစ်နာရီလျှင် ၁၂ မဂ္ဂါဝပ်၊ ဒုတိယတစ်နှစ် အနေဖြင့် တစ်နာရီလျှင် ၁၀ မဂ္ဂါဝပ်နှင့် နောက်ဆုံးနှစ် အနေဖြင့် တစ်နာရီလျှင် ၈ မဂ္ဂါဝပ်ဖြင့် စုစုပေါင်း တစ်နာရီလျှင် ၃၆ မဂ္ဂါဝပ် ထုတ်လုပ်ရန် မှန်းထားကြောင်း၊ ထားဝယ်ချောင် အမှိုက်ပုံရှိ အမှိုက်တန်ချိန် ၆၀၀ အား နှစ်နှစ်စီမံကိန်းဖြင့် တစ်နာရီလျှင် ၁၅.၄ မဂ္ဂါဝပ် ထုတ်လုပ်ရန် မှန်းထားကြောင်း၊ စီမံကိန်း နှစ်ခုစလုံးမှာ ၂၀၁၄ နှစ် ဆန်းပိုင်းတွင် စတင်နိုင်မည် ဖြစ်ကြောင်း၊ ဓာတ်အားကို စက်မှုဇုန်များသို့ ရောင်းချမည် ဖြစ်ကြောင်း သိရသည်။

(ရန်ကုန်မြို့လယ်ရှိ နောက်ဖေးလမ်းကြားတစ်ခွင် အမှိုက်များ စွန့်ပစ်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်))