သင်္ဘောသား စာအုပ်အတုပြုလုပ်သူ အမျိုးသမီးကြီးတစ်ဦးကို စသုံးလုံး ဖမ်းဆီး

ပို့စ်တင်ချိန် - 3/17/2014 10:35:00 PM


Monday, March 17, 2014

သင်္ဘောသားအလုပ်အကိုင်ပွဲစား အမျိုးသမီးကြီးတစ်ဦးကို သင်္ဘောသားမှတ်ပုံတင် စာအုပ်အတုပြုလုပ်မှုဖြင့် အထူးစုံစမ်းစစ်ဆေးရး (စသုံးလုံး)က မတ်လ ၁၆ ရက်တွင် အမှုဖွင့် ဖမ်းဆီးလိုက်သည်။

သင်္ဘောသား မှတ်ပုံတင်စာအုပ်များ အတုပြုလုပ်နေကြောင်း သတင်းအရ ဗိုလ်တထောင်မြို့နယ် (၇) ရပ်ကွက်၊ (၄၂)လမ်းတွင် နေထိုင်သည့် သင်္ဘောသားအလုပ်အကိုင်ပွဲစားဖြစ်သူကို ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် အဆိုပါ အမျိုးသမီးထံမှ အမျိုးသား သုံဦးနာမည်များပါသည့် သင်္ဘောသားမှတ်ပုံတင်လက်မှတ် စာအုပ်အတု (၃)အုပ်ကို တွေ့ရှိသိမ်းဆည်း ရမိသည်ဟု ဆိုသည်။

ထို့ပြင် အဆိုပါ အမျိုးသမီးကြီးသည် ၂ဝ၁၃ ခုနှစ် သြဂုတ်မှစ၍ သင်္ဘောသား မှတ်ပုံတင်စာအုပ်များကို သင်္ဘောလိုင်းများနှင့် ဆက်သွယ်ဆောင်ရွက်ပေးရန် လက်ဝယ်ထားရှိခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟုလည်း စသုံးလုံးက ဆိုထားသည်။

ထို့ကြောင့် ထိုအမျိုးသမီးကို အရေးယူပေးရန် စသုံးလုံးမှ ဦးစီးအရာရှိဖြစ်သူ ဦးအောင်မြသန်းက တရားလိုပြုလုပ် တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ဗိုလ်တထောင်ရဲစခန်းက (ပ)၅ဝ/၂ဝ၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၄၂ဝ/၂၆၆/၄၇၄ ဖြင့် အရေးယူရန် ဆက်လက်စစ်ဆေးနေသည်။

ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ကျောက်တံတားမြို့နယ် (၃၈)လမ်းရှိ သင်္ဘောသားများ လိမ်လည်စေလွှတ်ပေးနေသည့် ရုံးတစ်ခုကိုလည်း အထူးစုံစမ်းစစ်ဆေးရေးဌာနက ဝင်ရောက်ဖမ်းဆီးခဲ့သည်။

မဇ္ဈိမ