ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် ယာဉ်တိမ်းမှောက်

ပို့စ်တင်ချိန် - 3/17/2014 12:52:00 AM


နေပြည်တော်၊ မတ် ၁၆

၂၀၁၄ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်အချိန် ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန်္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၁၇/၄)အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သာဂရအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှ နေပြည်တော်သို့ မော်လမြိုင်မြို့နယ်၊ သိမ်ကုန်းဘိုးကုန်းရပ်ကွက်နေ စိုင်းတင့်အောင်နိုင်(၃၇)နှစ် မောင်းနှင်သော ၈ဇ/xxxx လိုက်ထရပ်အ၀ါရောင်ယာဉ်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းဘေး ဘာရီယာတုံးများအားတိုက်မိ၍ လမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိကာ ရပ်တန့်သွားကြောင်း စစ်ဆေး တွေ့ရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်ပါရှိသူ(၂)ဦးအနက် စိုင်းတင့်အောင်နိုင်တွင် နှုတ်ခမ်း ယာဘက်ကွဲ၊ ရင်ဘက်အောင့်၊ ၀ဲခြေဖမိုးပွန်း၊ ယာဒူးခေါင်းပွန်းပဲ့ဒဏ်ရာနှင့် ဘားအံမြို့နယ်၊ မင်းခေါင်ရပ်နေ ကိုစိုးသိန်း(၂၈)နှစ်တွင် ၀ဲဘက်နံအောင့်ဒဏ်ရာများရရှိခဲ့ပြီး အဆိုပါ ၈ဇ/xxxx လိုက်ထရပ်အ၀ါရောင်ယာဉ်မှာ ဦးခေါင်းပိုင်းပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ၊ ယာတံခါးပိန်ချိုင့်၊ တန်ဘိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ စိုင်းတင့်အောင်နိုင်အား သာဂရအမြန်လမ်းရဲစခန်းယာဉ်(ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း စစ်ဆေးတွေ့ရှိရသည်။

ရဲဇာနည်