ပျောက်ဆုံးလျက်ရှိသည့် မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်အား မြန်မာ့တပ်မတော်(ရေ) စစ်ရေယာဉ် သုံးစင်းဖြင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်လျက်ရှိ

ပို့စ်တင်ချိန် - 3/17/2014 10:13:00 AM



မတ် ၈ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှ တရုတ်နိုင်ငံ ပေကျင်းလေဆိပ်သို့ ပျံသန်းထွက်ခွာစဉ် လမ်းခရီး၌ ပျောက်ဆုံးသွားခဲ့သောမလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်ကို မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်သုံးစင်းဖြင့် ကပ္ပလီပင်လယ်ပြင် မြန်မာ့သီးသန့်စီးပွားရေးဇုန်အတွင်း အောက်ပါဧရိယာ A နှင့် B များတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မတ် ၁၅ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိသည်-

(က) အရှေ့ဘက်။ မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၃၂ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၂ မိနစ်နှင့် မြောက်လတ္တီတွဒ် ၀၉ ဒီဂရီ ၄၃ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၀၆ မိနစ်တို့အားဆက်ဆွဲထားသည့် မျဉ်းတစ်လျှောက်။

(ခ) အနောက်ဘက်။ မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၃၂ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၁ မိနစ်မှ မြောက်လတ္တီတွဒ် ၀၉ ဒီဂရီ ၃၉ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၁ မိနစ်အထိမြန်မာ-အိန္ဒိယပင်လယ်ပြင် နယ်နိမိတ်မျဉ်းတစ်လျှောက်။

(ဂ) တောင်ဘက်။ မြောက်လတ္တီတွဒ် ၀၉ ဒီဂရီ ၃၉ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၁ မိနစ်နှင့် မြောက်လတ္တီတွဒ် ၀၉ဒီဂရီ ၄၃ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၀၆ မိနစ်တို့အား ဆက်ဆွဲထားသည့် မြန်မာ-ထိုင်းပင်လယ်ပြင် နယ်နိမိတ်မျဉ်းတစ်လျှောက်။

(ဃ) မြောက်ဘက်။ မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၃၂ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၁ မိနစ်နှင့် မြောက်လတ္တီတွဒ် ၁၃ဒီဂရီ ၃၂ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၂ မိနစ်တို့အား ဆက်ဆွဲထားသည့် မျဉ်းတစ်လျှောက်။

တပ်မတော်သည် ဒေသတွင်းနိုင်ငံများ အာဆီယံနိုင်ငံ တပ်မတော်များနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ အဆိုပါနိုင်ငံများတွင် သဘာဝဘေးအန္တရာယ်များ၊ အခြားအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့် အချိန်များတွင်လည်း မိတ်ဆွေပီသစွာဖြင့် အကူအညီများ ဆောင်ရွက်ပေးလျက်ရှိသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မလေးရှားနိုင်ငံ၏ လေယာဉ်ပျောက်ဆုံး မှုတွင်လည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနိုင်ရေး (Humanitarian Assistance )အတွက် မြန်မာ့တပ်မတော်(ရေ) အနေဖြင့် တတ်နိုင်သည့်ဘက်မှ ယခုကဲ့သို့ မလေးရှားနိုင်ငံရေတပ်၊ အိန္ဒိယနိုင်ငံရေတပ်တို့နှင့် ဆက်သွယ်ညှိနှိုင်းကာ အစွမ်းကုန်ကြိုးစား၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar