နိုင်ငံခြားခရီးသွား ၀င်ရောက်မှုများလာချိန် တောင်သမန်အင်းမှ ဦးပိန်တံတားပျက်စီးမှု ပိုမိုဆိုးရွားလာ

ပို့စ်တင်ချိန် - 3/01/2014 12:37:00 PM

အမရပူရမြို့နယ် တောင်သမန်အင်း အတွင်းရှိ ဦးပိန်တံတား

ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လည်ပတ်လျက်ရှိသည့် တောင်သမန်အင်း အတွင်းမှ ဦးပိန်တံတား ပျက်စီးယိုယွင်းမှု ပိုမိုများပြား လာနေသောကြောင့် အမြန်ဆုံးပြုပြင် ထိန်းသိမ်းရန် လိုအပ်လာကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ တောင်သမန်အင်းပေါ်တွင် ဖြတ်သန်းဆောက်လုပ်ထားသည့် ဦးပိန်တံတားမှာ ပျက်စီးယိုယွင်းမှုများ ပိုမိုများပြားလာခြင်းကြောင့် မူလလက်ရာအတိုင်း အမြန်ဆုံးပြုပြင် ထိန်းသိမ်းပေးရန် လိုအပ်လာကြောင်း သမိုင်းပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက ပြောဆိုမှုများရှိနေကြောင်း သိရသည်။

“ဦးပိန်တံတားဟာ သမိုင်းတန်ဖိုး အလွန်ကြီးမားပါတယ်။ တံတားကိုဆောက်လုပ်ထားတဲ့ ကျွန်းတိုင်တွေကလည်း သာမန်ကျွန်းတိုင်တွေ မဟုတ်ဘဲ အင်းဝနန်းတော်ဟောင်းက ကျွန်းတိုင်တွေနဲ့ ဆောက်လုပ်ထားတာပါ။ လက်ရှိအချိန်မှာတော့ ပြုပြင်ထိန်းသိမ်းမှုတွေ အမြန်ဆုံးပြုလုပ် သင့်နေပါပြီ။ အရင်က တံတားနေရာအချို့ကို အုတ်ကွန်ကရစ်တွေနဲ့ အစားထိုးပြုပြင်ခဲ့တယ်။ အဲဒါတွေဟာ အတော်ကို အရုပ်ဆိုးစေပါတယ်။ တကယ်တမ်းပြောရမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ ကျွန်းသစ်ပေါများတဲ့ နိုင်ငံပါ။ မလိုအပ်ဘဲ တစ်ဖက်နိုင်ငံတွေကို ထွက်နေတာတွေက ဒီဦးပိန်တံတားထက် အဆပေါင်းများစွာ ရှိပါတယ်။ ဒီတံတားကြီးကို မူလအတိုင်း ကျွန်းသစ်တွေနဲ့ အစားထိုးနိုင်ဖို့အတွက် သစ်တောဌာနနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီးတော့ မူလအတိုင်းပြုပြင် ထိန်းသိမ်းသွားနိုင်မယ်ဆိုရင် ဦးပိန်တံတားဟာ ဂုဏ်သိက္ခာမြင့်တက် လာမယ်လို့ ထင်မိပါတယ်”ဟု မြန်မာမှု ဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပဝတီ) က ပြောကြားသည်။

“ဦးပိန်တံတားကို မူလလက်ရာအတိုင်း ပြုပြင်ထိန်းသိမ်းမယ်ဆိုရင် သေသေချာချာ ပုံစံရေးဆွဲပြီး စနစ်တကျပြုပြင် ထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့လိုပါမယ်။ ကိုယ်ပြင်ချင်သလို ပြင်လို့မရပါဘူး။ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ လိုအပ်သလို တောင်သမန် အင်းရေပြင်နဲ့ ပတ်ဝန်းကျင် ညစ်ညမ်းနေတာတွေကိုလည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”ဟု သမိုင်းပညာရှင် တစ်ဦးဖြစ်သည့် Mickey Heartu ပြောကြားခဲ့သည်။

မန္တလေး ရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်း၌တည်ရှိပြီး နှစ်သက်တမ်းအားဖြင့် ၁၆ဝ ကျော်ကြာ မြင့်လာနေပြီဖြစ်သည့် ဦးပိန်တံတားမှာ သဘာဝဘေးဒဏ်နှင့် တံတားအသုံးပြုသူအချို့မှ တံတားပေါ်တွင် ဆိုင်ကယ်များ၊ စက်ဘီးများ စီးနင်းခြင်းတို့ကြောင့်လည်း တံတား၏ ရေရှည်တည်တံ့နိုင်မှုကို ထိခိုက်မှုများပါ ဖြစ်ပေါ်နေရကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဦးပိန်တံတားမှာ ခိုင်ခံ့မှုအားနည်း လာသည့်အပြင် တောင်သမန်အင်းရေပြင်နှင့် ပတ်ဝန်းကျင်မှာလည်း ညစ်ညမ်းမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ရေရှည်စီမံကိန်းများ ချမှတ်ကာ ဆောင်ရွက်သွား သင့်ကြောင်းကို ထောက်ပြပြောဆိုနေမှုများလည်း ရှိနေသည်။

Eleven Media Group