ဥက္ကံမြို့ ရှမ်းစုကျေးရွာတွင် တရုတ်နိုင်ငံသားတစ်ဦးနှင့် လက်ထပ်ခဲ့သော မြန်မာ အမျိုးသမီးတစ်ဦး ပျောက်ဆုံး

ပို့စ်တင်ချိန် - 3/01/2014 07:14:00 PM


ဥက္ကံ၊ ဖေဖော်ဝါရီ ၂၈

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် ရှမ်းစုကျေးရွာတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က တရုတ်နိုင်ငံသား တစ်ဦးနှင့် လက်ထပ်ခဲ့သော ယင်းကျေးရွာနေ ဦးတင်အေး၏ သမီးဖြစ်သူမှာ ပျောက်ဆုံးနေသဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့သို့ တိုင်ကြားထားကြောင်း တိုင်ကြားသူ ဦးမြင့်ဝေက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူကုန်ကူးမူ တားဆီး နှိမ်နင်းရေးအဖွဲ့သို့ လူကိုယ်တိုင် သွားရောက် တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာဌာန များသို့လည်း စာတိုက်မှတစ်ဆင့် လိပ်မူ ပေးပို့ထားကြောင်း တိုင်ကြားသူထံမှ သိရသည်။
“နိုင်ငံခြားသားဆိုတာ ဟိုတယ်မှာပဲ တည်းခိုလို့ရတယ်လို့ သိရတယ်။ ရပ်ကွက် သို့မဟုတ် ကျေးရွာတွေမှာ တည်းလို့ရလား။ ဒီထက်မကဘူး။ ရွာက မြန်မာအမျိုးသမီးနဲ့ပါ လက်ထပ်တယ်ဆိုတော့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ခွင့်ပြုလို့ ရလားဆိုတာ သိချင်ပါတယ်။ ကျွန်တော့်အနေနဲ့ တာဝန်သိ ပြည်သူတစ်ယောက် အနေနဲ့ ရွာနာလို့တိုင်တာ” ဟု ၎င်းကဆိုသည်။

မြန်မာအမျိုးသမီး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ရှမ်စုကျေးရွာ အုပ်ချုပ်ရေးမှူးကို ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၉ နာရီတွင် ဆက်သွယ် မေးမြန်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်း၍ မရခဲ့ပေ။

ဒေသခံရွာသား ဦးသန်းမောင်ကို မေးမြန်းရာတွင် လက်ထပ်ခဲ့သော တရုတ်နိုင်ငံသားမှာ အသက် ၅၀ အရွယ်ရှိပြီး မြန်မာစကား မပြောတတ်သည့် မစ္စတာ ကျောက်စုန်ထောင်းဆိုသူ ဖြစ်ကြောင်း၊ ၎င်းတို့၏ မင်္ဂလာ အခမ်းအနားကို ဝက်သားဟင်း ချက်ပြုတ် ကျွေးမွေးဧည့်ခံ၍ ကျင်းပခဲ့ကြောင်း၊ အမျိုးသမီးမှာ အသက် ၃၀ ခန့် ရှိကြောင်း ရှင်းပြသည်။
“ရွာမှာလက်ထပ်ပြီး ရက်ပိုင်းလောက်နေပြီး သူ့ယောက်ျားနဲ့ ရန်ကုန် သွားမယ်ဆိုပြီး ထွက်သွားတယ်။ အဲဒီကမှ အဆက်အသွယ် မရဘဲ ပျောက်သွားတာ။ အမျိုးသားရေးနဲ့ ပတ်သက်နေတယ်။ အမျိုးဂုဏ်ဇာတိဂုဏ် ဆိုတာလည်း ရှိတယ်။ ဒီလိုဖြစ်ရပ်မျိုးတော့ ရွာအတွက် မကောင်းတဲ့ သမိုင်းမဖြစ်စေချင်ဘူး” ဟု ဦးသန်းမောင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး လူကုန်ကူးမူ တားဆီးနှိမ်နင်းရေး အဖွဲ့သို့ ဆက်သွယ် မေးမြန်းရာ တာဝန်ကျ ဝန်ထမ်းတစ်ဦးက အဖြစ်အပျက်နှင့် သတင်းအတိအကျ သိစေရန် ပျောက်ဆုံးသွားသည့် အမျိုးသမီး၏ မိဘနှင့် ကျေးရွာ အုပ်ချပ်ရေးမှူးကို ခေါ်ယူမေးမြန်းနေကြောင်း ပြန်လည် ဖြေကြားသည်။

The Voice Weekly