နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေး တစ်ရာနီးပါး အမေရိကန် ကျန်းမာရေးအဖွဲ့ အခမဲ့ခွဲစိတ်မည်

ပို့စ်တင်ချိန် - 3/01/2014 04:29:00 PM


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံတစ်ဝန်း ငွေကြေး လိုအပ်ချက်ရှိသော မိသားစုများမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေး တစ်ရာနီးပါးကို အမေရိကန်ပြည်ထောင်စု အခြေစိုက် Alliance for Smile အဖွဲ့နှင့် ဝိတိုရိယ ပုဂ္ဂလိက ဆေးရုံတို့ ပူးပေါင်းပြီး မတ်လ ၁၀ ရက်မှ ၂၀ ရက်နေ့အထိ ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံတွင် အခမဲ့ ခွဲစိတ်ပေးမည် ဖြစ်ကြောင်း အဆိုပါဆေးရုံမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

နှုတ်ခမ်းကွဲ ကလေးများအတွက် နှစ်လသားအရွယ်ကို အငယ်ဆုံး သတ်မှတ်ပြီး အာခေါင်ကွဲ ကလေးများအတွက် တစ်နှစ်အထက် ခေါ်ထားကာ ဖေဖော်ဝါရီလ ၂၀ ရက်မတိုင်ခင် လာရောက် လျှောက်ထားသူ တစ်ရာကျော် ရှိသော်လည်း ကျန်းမာရေး စစ်ဆေးချက်များအရ တစ်ရာခန့်သာ ရွေးချယ်ရန် လျာထားကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ခွဲစိတ်ရန် ရွေးချယ်ခံရသူ ကလေးငယ်များအနက် ရပ်ဝေးမှ လာရောက် ကုသသူများအတွက် နေထိုင် စားသောက်ရေးနှင့် ဆေးရုံဝန်ဆောင် စရိတ်များကို ဝိတိုရိယ ဆေးရုံက အကုန်အကျခံပြီး Alliance for Smile အဖွဲ့မှ ခွဲစိတ်ဆရာဝန်ကြီးများက အခမဲ့ ခွဲစိတ်ပေးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

Alliance for Smile အဖွဲ့သည် နိုင်ငံတကာရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များကို အခမဲ့ လိုက်လံခွဲစိတ်ပေးသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ ခရီးစဉ် မတ်လ ၇ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း ရန်ကုန်မြို့ အပါအဝင် ဒေသအနှံ့အပြားမှ ကလေးငယ်များကို ခွဲစိတ်ပေးရန် ရှိကြောင်း၊ မြန်မာနိုင်ငံ ခရီးစဉ်ပြီးပါက တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ဆက်လက်ထွက်ခွာမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

အဆိုပါအဖွဲ့၏ ခွဲစိတ်ကုသမှု ခရီးစဉ်များတွင် လုပ်အားပေး ၁၅ ဦးနီးပါး ပါဝင်ပြီး ခရီးစဉ် တစ်ခုတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် ၇၀ မှ ၁၀၀ အထိ ကုသပေးလေ့ ရှိကြောင်း Alliance for Smile အဖွဲ့က ထုတ်ပြန်ထားသည်။

The Voice Weekly