၂၀၁၀ ရှုံးကြွေးကို အပြည့်အ၀ ပြန်ဆပ်နိုင်ခဲ့သည့် ဟော်လန်

ပို့စ်တင်ချိန် - 6/14/2014 10:53:00 AM



အဓိက တိုက်စစ် ကစားသမားများ ဖြစ်သည့် ဗန်ပါစီနှင့် ရော်ဘင်တို့၏ သွင်းဂိုးများဖြင့် နယ်သာလန် အသင်းသည် ကမ္ဘာ့ဖလား လက်ရှိ ချန်ပီယံ စပိန်အသင်းကို ဂိုးပြတ် အနိုင်ယူကာ အဖွင့်လှခဲ့ပြီ ဖြစ်သည်။ အဆိုပါ နိုင်ပွဲသည် လူငယ်များကို အားပြုလာသည့် နယ်သာလန် အသင်းအတွက် ချိုမြိန်လှပြီး ၂၀၁၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွင် ဒူးထောက်ခဲ့ရသည့် စပိန်ကို လှလှပပ ပြန်လည် အနိုင်ယူနိုင် ခဲ့ခြင်းလည်း ဖြစ်သည်။

စပိန်အသင်း တိုက်စစ်ကို ဒီယေဂို ကော်စတာက ဦးဆောင်လာခဲ့ပြီး ဇာဗီ၊ ဆေးဗား၊ အင်နီယက်စတာ၊ ရာမို့စ်၊ ကာဆီးလက်စ်၊ ပီကေး စသည့် အဓိက ကစားသမားများဖြင့် ပွဲထွက်လာခဲ့သည်။ ဟော်လန်တွင်လည်း ဒဏ်ရာမှ သက်သာလာသည့် ဗန်ပါစီက အသင်းခေါင်းဆောင် အဖြစ် ပါဝင်လာခဲ့ပြီး ရော်ဘင်၊ ရှနိုက်ဒါ၊ ဒီဂျောင်တို့ကို အဓိက အားပြုကာ ဒီဂတ်ဇ်မန်း၊ ဒီဘရစ်ဂ်ျ၊ ဗလား၊ ဘလိုင်း အစရှိသည့် လူငယ်များဖြင့် စပိန်ကို ရင်ဆိုင်ခဲ့သည်။

စပိန်အသင်းတွင် ဒဏ်ရာမှ သက်သာလာခဲ့သည့် အက်သလက်တီကို ဂိုးသွင်းဘုရင် ဒီယေဂိုကော်စတာ ပါဝင်လာခဲ့သော်လည်း ထူးခြားသည့် စွမ်းဆောင်မှုမျိုး လုပ်ပြနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ စပိန်အသင်းသည် ကစားနေကြ ပုံစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု ရယူကာ ကစားခဲ့ပြီး ပထမပိုင်း၏ ပွဲချိန် အများစုတွင် နယ်သာလန် အသင်းအပေါ် အသာစီး ကစားခဲ့သည်။ လူငယ်များကို အားပြုလာခဲ့သည့် နယ်သာလန် အသင်းအနေဖြင့် ခံစစ်ကို အဓိက ကစားခဲ့ပြီး တန်ပြန်တိုက်စစ်ဖြင့် စပိန်အသင်းကို တန်ပြန်ရန် ကြိုးပမ်းခဲ့သည်။ ခံစစ်ကစားချိန်တွင် ရှေ့၌ နှစ်ဦးသာ ချန်ခဲ့ပြီး ဘောလုံးရချိန်တွင် ရှေ့သို့ တိုက်ရိုက်ကန်ပို့သည့် ပုံစံဖြင့် စပိန်ခံစစ်ကြောင်းကို ခြိမ်းခြောက်ခဲ့သည်။ အထူးသဖြင့် ခံစစ်ဘယ်အစွန်မှ ဘလိုင်း၏ ကန်တင်ချက်များမှာ ထိရောက်ခဲ့ပြီး နယ်သာလန် အသင်းအတွက် အရေးပါသည့် ချေပဂိုးနှင့် ဦးဆောင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့သည်။

စပိန်အသင်းသည် အစောပိုင်း ပွဲချိန်များတွင် နယ်သာလန် အသင်းအပေါ် စိုးမိုးထားနိုင် ခဲ့ပြီး ဂိုးကန်သွင်းခွင့် များလည်း ရရှိခဲ့သည်။ သို့သော် တစ်ချက်တစ်ချက်တွင် ထိထိရောက်ရောက် တန်ပြန်လာသည့် နယ်သာလန်၏ တန်ပြန်တိုက်စစ်များကြောင့် အနည်းငယ် အခက်တွေ့ခဲ့ရသည်။ ပွဲချိန် ၂၆ မိနစ်တွင်မူ ဇာဗီ၏ ကောင်းမွန်သပ်ရပ်လှသည့် ဖန်တီးမှုမှ တဆင့် ဒီယေဂို ကော်စတာ အဆုံးသတ်ရန် ကြိုးပမ်းခဲ့သည်ကို နယ်သာလန် နောက်ခံလူ ဒီဘရစ်ဂ်ျ တားဆီးခဲ့ရာမှ စပိန်တို့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး ယင်းပင်နယ်တီကို အလွန်ဆိုက အပိုင်ကန်သွင်းကာ စပိန်တို့အား ပွဲကို ဦးဆောင်စေခဲ့သည်။ စပိန် အသင်းအနေဖြင့် ဦးဆောင်ဂိုး ရခဲ့ပြီးနောက် နယ်သာလန် အပေါ် ပိုမိုဖိအားပေး ကစားနိုင်ခဲ့သည်။ ယင်းသို့ ဖိအားပေး နိုင်ခဲ့သောကြောင့်လည်း စပိန် ခံစစ်မှူးများ ရှေ့တက်နေခိုက်တွင် တန်ပြန်တိုက်စစ်မှ တစ်ဆင့် ရော်ဘင်ဗန်ပါစီက နယ်သာလန်အတွက် အဖိုးတန် ချေပဂိုးကို သွင်းပေးနိုင်ခဲ့သည်။ ယင်းဂိုးကို ဗန်ပါစီက ပွဲချိန် ၄၃ မိနစ်တွင် ဘယ်ခြမ်းမှ ဘလိုင်း၏ ပေးပို့မှုမှတဆင့် လူကြွံထောင်ချောက်ကို ဖောက်ထွက်ကာ လှလှပပ ခေါင်းတိုက် သွင်းယူခဲ့ခြင်း ဖြစ်သည်။

ပထမပိုင်း ပြီးကာနီးတွင် ချေပဂိုး ပေးလိုက်ရသည့် စပိန်တို့သည် ဒုတိယပိုင်းတွင် နယ်သာလန်အပေါ် အသာစီး ရရှိရေး ဆက်လက် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ စပိန်တို့၏ အထနှေးမှုကို အခွင့်ကောင်းယူကာ ရော်ဘင်က ပွဲချိန် ၅၂ မိနစ်တွင် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်။ ထိုဂိုးမှာလည်း ဗန်ပါစီ၏ ချေပဂိုး ကဲ့သို့ပင် ဘလိုင်း၏ ဘယ်ခြမ်းကန်တင် ပေးပို့မှုမှ ရော်ဘင်က စပိန်နောက်ခံလူ ပီကေးကို လှည့်ဖျားကာ အနီးကပ် အပိုင်ကန်သွင်း ခဲ့ခြင်း ဖြစ်သည်။ အနိုင်ဂိုး ရပြီးနောက်တွင်မူ ပွဲက နယ်သာလန် အသင်းအတွက် ဖြစ်သွားခဲ့ပြီး စပိန်ကို ရော်ဘင်၏ လျှင်မြန်မှုများဖြင့် ဖိအားပေးနိုင်ခဲ့သည်။ ပွဲချိန် ၆၄ မိနစ်တွင် နောက်ခံလူ ဒီဘရစ်ဂ်ျက ပြစ်ဒဏ်ဘောကို ခေါင်းတိုက်ကာ နယ်သာလန်အတွက် တတိယဂိုးကို ထပ်သွင်းပေးခဲ့သည်။ တတိယဂိုး ပေးလိုက်ရပြီး နောက်ပိုင်းတွင် စပိန်တို့ ဖိအားအောက် ကျရောက်သွားခဲ့ပြီး အမှားအယွင်းများကို ပိုမိုကျုးလွန်လာခဲ့သည်။ အထူးသဖြင့် ခံစစ်ကြောင်းမှာ အမှားအယွင်း အလွန်များခဲ့ပြီး နယ်သာလန်၏ ထိုးဖောက်မှုများကို တားဆီးနိုင်ခြင်း မရှိသလောက်ပင် ဖြစ်သွားခဲ့သည်။ နယ်သာလန်အတွက် ပွဲသိမ်းဂိုးများကို ပွဲချိန် ၇၂ မိနစ်တွင် ဗန်ပါစီက ကာဆီးလက်စ်၏ အမှားမှ လည်းကောင်း၊ ပွဲချိန် မိနစ် ၈၀တွင် ရော်ဘင်က တစ်ကိုယ်တော် အစွမ်းဖြင့် လည်းကောင်း အသီးသီး သွင်းယူကာ နယ်သာလန်အတွက် အချိုမြိန်ဆုံး နိုင်ပွဲတစ်ရပ်ကို ရယူပေးခဲ့သည်။

Mizzima Sport News