ခက်ခဲသော ရွေးချယ်မှု

ပို့စ်တင်ချိန် - 6/14/2014 12:53:00 PM

ဟီလာရီကလင်တန်၏ စာအုပ်သစ်မိတ်ဆက်ပွဲတွင် စာအုပ်ဝယ်ယူသော ဘီးတပ်ကုလားထိုင်ဖြင့် မသန်စွမ်းတစ်ဦးကို စကားပြောနေစဉ် (ဓာတ်ပုံ - AP)


ခက်ခဲသော ရွေးချယ်မှုများဆိုသည့် ကိုယ်ရေးအတ္ထုပ္ပတ္ထိ စာအုပ် ဖြန့်ချိလက်မှတ်ထိုးရန် အမေရိကန်နိုင်ငံတစ်ဝန်းသို့ ခရီးလှည့်လည်နေသူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန် သည် ၂၀၁၆ ခုနှစ် သမ္မတရွေး ကောက်ပွဲတွင် ဒီမိုကရက်တစ်ပါ တီ၏ သမ္မတလောင်းဖြစ်လာနိုင် သည်ဟု အများစုက ထင်ကြေး ပေးနေကြသည်။

အချို့ကလည်း လွှတ်တော်အမတ်ဘ၀၊ အမေရိ ကန်နိုင်ငံ၏ ၄၂ ဦးမြောက် သမ္မတဘီလ်ကလင်တန်၏ သမ္မတကတော်ဘ၀၊ နိုင်ငံခြားရေးဝန်ကြီးဘ၀နှင့် နိုင်ငံရေး လောကတွင် ၂၄နှစ်တိုင်အောင် ကျင်လည်ခဲ့ပြီး အနားယူချင်နေပြီဟု ခန့်မှန်းနေကြပါသည်။ ဟီလာရီသည် အမေရိကန်နိုင်ငံတွင် သြဇာအကြီးဆုံး အမျိုးသမီးတစ်ဦးဖြစ်သကဲ့သို့ ခင်ပွန်းသည် သမ္မတက အိမ်ဖြူတော်ဝန်ထမ်းနှင့် ဖောက်ပြန်ခဲ့သဖြင့် နာကြည်း ကြေကွဲမှုများ ခံစားခဲ့ရသူ အိမ်ရှင်မတစ်ဦးလည်း ဖြစ်သည်။ ၎င်း၏ ဘ၀ဇာတ်ခုံ အစုံစုံကို အေဘီစီ ရုပ်သံမှ  ဒိုင်ယန်ဆောရာ (Diane Sawyer) နှင့် သီးသန့် တွေ့ဆုံမေးမြန်းခန်းတွင် ဟီလာရီ က သတိကြီးစွာ ဖွင့်ဟလှစ်ပြခဲ့ သည်။

မေလ ၁၀ ရက် ည ၉ နာရီ တွင် အေဘီစီရုပ်သံက လွှင့်သွားသော ထိုဆွေးနွေးမေးမြန်း ခန်းကို အမေရိကန်နိုင်ငံတစ်ဝန်းမှ လူအတော်များများက စိတ်ဝင်တစားကြည့်ရှုနားထောင်ခဲ့ပါသည်။

မေးမြန်းသူ ဒိုင်ယန်ဆောရာ က ဟီလာရီကို အားမနာတမ်း ချောင်ပိတ်မေးခွန်းများ တရစပ်မေးမြန်းခဲ့သည်။ ၀ါရင့်နိုင်ငံရေးသမားပီသသူ ဟီလာရီကလည်း ပါးပါးနပ်နပ် ပြန်လည်ဖြေကြား ပေးခဲ့သည်။ အထူးသဖြင့် ဟီလာရီကလင်တန် နိုင်ငံခြားရေးဝန် ကြီးဘ၀က တာဝန်ရှိခဲ့သည့် လစ်ဗျားနိုင်ငံဘမ်ဂါဇီ ဒေသ၌ အမေရိကန်သံအမတ် သေဆုံးမှုနှင့်ပတ်သက်ပြီး အကျပ်ရိုက်စေသော မေးခွန်းများကို ဒိုင်ယန်က မေးမြန်းခဲ့သည်။ ဟီလာရီကလင်တန်ကလည်း မျက်နှာမပျက်ဖြေကြားပြီး လှလှပပ ရှောင်ထွက်နိုင် ရန် ကြိုးစားခဲ့သည်။

‘‘ဒီ ဖြစ်ရပ်ကို ထောင့်ပေါင်းစုံ ကနေ လွတ်လပ်စွာစုံစမ်းတဲ့ စစ်ဆေးရေးအဖွဲ့က အဲဒီလစ်ဗျား  ပြဿနာကို တုံ့ပြန်ခဲ့တာမှာ လူတွေအားရကျေနပ်အောင် ကျွန်မ က မလုပ်နိုင်ခဲ့ဘူးလို့ ပြောပါ တယ်။ ဒါပေမဲ့ ကျွန်မကတော့ အဲဒီလို မထင်ပါဘူး။ ဒီပြဿနာ မှာ လုံခြုံရေးအရ ကျွမ်းကျင်သူ တွေကို ကျွန်မတကယ့်ကို တိုက် ရိုက်ညွှန်ကြားခဲ့တယ်။ ကျွန်မက တော့ ထိုင်ပြီးကိရိယာတွေတပ် ဘယ်နေရာမှာ နံရံကိုခွဲရမယ်၊ ဘယ်နေရာမှာ တပ်ကူတွေ ၀င်ရ မယ်လို့ဆိုတာမျိုးတွေမှာတော့ မပါဘူးပေါ့။ ဒါကြောင့်လည်း ကျွမ်းကျင်တဲ့သူတွေငှားထားခဲ့ တာပဲ။ ဒါပေမဲ့ ကျွန်မက ဒီနေရာ ကို လုံခြုံအောင် လုပ်ရမယ်လို့ တစ်ချိန်လုံး မပြောဘဲနေတာမျိုး တော့ မဟုတ်ဘူး’’

အများသူငါ အမေရိကန် နိုင်ငံတွေလိုပင် ၎င်းတို့မိသားစုမှာ လည်း လောကဓံ အထုအထောင်းခံခဲ့ရသည်ဟု ဟီလာရီက ဆိုသည်။ ထို့ကြောင့် ကလင်တန်သမ္မတသက်တမ်းပြီး၍ အိမ် ဖြူတော်မှ စွန့်ခွာစဉ် ၎င်းတို့မိသားစုအကြွေးနွံထဲနစ်နေခဲ့သည်။ ပေးစရာအကြွေးက ဒေါ်လာ ၁၂ သန်းထိရှိခဲ့သည်ဟု ဆိုသည်။

‘‘ကျွန်မတို့ အိမ်ဖြူတော်က ထွက်လာတော့ ပိုက်ဆံမရှိရုံတင် မကဘူး။ အကြွေးတွေနဲ့လေ။ အဲ ဒီမှာ ပိုက်ဆံမရှိတော့ ကျွန်မတို့ မှာ အိမ်ဖိုးတွေ၊ အကြွေးတွေရယ် သမီးချယ်လ်ဆီး ပညာရေးအ တွက်ရုန်းကန်ခဲ့ရတယ်။ တကယ့် ကို မလွယ်ပါဘူး’’

သို့သော်လည်း ခင်ပွန်းဖြစ် သူ ဘီလ်ကလင်တန်သည် ဟော ပြောပွဲတစ်ခုတွင် မိန့်ခွန်းပြော ကြားရုံနှင့် ဒေါ်လာခုနစ်သိန်းခွဲရ သူဖြစ်သည်။ ၂၀၁၂ တစ်နှစ် တည်းမှာပင် သမ္မတဟောင်း ဘီလ်ကလင်တန်က မိန့်ခွန်း ၇၂ ခုပြောကြားပြီး ဒေါ်လာ ၁၇ သန်း ၀င်ငွေရရှိခဲ့၏။ ကလင်တန်သည် မိသားစုအကြွေးများ ဆပ်ရန် နှစ်ဆတိုးပြီး ပင်ပင်ပန်းပန်း အလုပ် လုပ်ခဲ့သည်ဟု ဟီလာရီက ချီး ကျူးပြောဆိုခဲ့သည်။

ထိုကဲ့သို့ အလုပ်ပင်ပန်းခဲ့ သော ခင်ပွန်းဖြစ်သူအား နာမည် ပျက်စေခဲ့သည့် အိမ်ဖြူတော်ဝန် ထမ်း မော်နီကာလူဝင်စကီးနှင့် ကိစ္စအတွက်လည်း ခွင့်လွှတ်ခဲ့ ပါသည်ဟု ဟီလာရီက ပြောကြား ခဲ့သည်။ တစ်ချိန်တုန်းက မော်နီ ကာလူဝင်စကီးသည် တစ်ကိုယ် ကောင်းဆန်သူ၊ စိတ်မမှန်သူဟု ဟီလာရီ ပြောကြားခဲ့ဖူး၏။ သို့ သော်  ယခုအခါ ထိုကိစ္စကို မေ့ ပျောက်နိုင်ခဲ့ပြီး မော်နီကာလူဝင် စကီးအဆင်ပြေပါစေဟုသာ ဆု တောင်းပါသည်ဟု ဆိုသည်။

‘‘သူ့အနေနဲ့ အနာဂတ်ကို မျှော်တွေးပြီး စိတ်ကျေနပ်ပျော် ရွှင်စရာ ဘ၀ကိုတည်ဆောက် သွားနိုင်မယ်လို့ ကျွန်မမျှော်လင့် ပါတယ်’’

ယခင်တုန်းက ပါတီတစ်ခုတွင် နိုင်ငံရေးပြိုင်ဘက်များဖြစ် ပြီး နောက်ပိုင်းတွင် အစိုးရအ ဖွဲ့၌ သမ္မတနှင့် နိုင်ငံခြားရေးဝန် ကြီးအဖြစ် အတူတူ အလုပ်လုပ် ခဲ့ရသော သမ္မတအိုဘားမားနှင့် ၂၀၀၈ မှာ သမ္မတလောင်းများအ ဖြစ် တွေ့ကြုံခဲ့ရပုံကိုလည်း ၎င်း ကပြောကြားခဲ့၏။

‘‘အဲဒီတုန်းက ပထမဆုံး သမီးရည်းစားချိန်းတဲ့အခါမှာ ကိုးရိုးကားရားနိုင်သလိုမျိုးပဲ။ ကျွန်မကတော့ သူ့ကို သိတာနှစ် အတော်ကြာပါပြီ။ ဒါပေမဲ့ ပြိုင်ရ တာက အရမ်းအကြိတ်အနယ်မို့ လား။ ကျွန်မလူတွေနဲ့ သူ့လူတွေ နဲ့ အချင်းချင်းမတည့်ကြဘူး။ ဒါ ပေမဲ့ ကျွန်မတို့ အချင်းချင်းက အဲ ဒီလို မဟုတ်ပါဘူး’’

ဟီလာရီသည် နိုင်ငံခြားရေး ၀န်ကြီးအဖြစ်ရှိနေစဉ် ပါကစ္စတန်နိုင်ငံတွင် တာလီဘန်အကြမ်းဖက် သမားခေါင်းဆောင် အိုစမာဘင် လာဒင်အား အမေရိကန်ထောက် လှမ်းရေးတပ်ဖွဲ့များ ၀င်ရောက်စီးနင်းခဲ့သည်ကို ရိုက်ကူးထား သော ဗီဒီယိုခွေကို တိုက်ရိုက် ကြည့်ရှုခဲ့သူ ဖြစ်ပါသည်။ ၎င်းအနေဖြင့် ထိုအဖြစ်အပျက်ကို ကြည့်ရသည်မှာ ရင်တုန်ပန်းတုန်ရှိခဲ့ သည်ဟု ဆိုသည်။ ဘင်လာဒင် ရှိရာ အိမ်ဝင်းထဲသို့ အမေရိကန် တပ်ဖွဲ့များက ရဟတ်ယာဉ်ဖြင့် ၀င်ရောက်စဉ် အိမ်ခြံဝင်းနှင့်ရဟတ်ယာဉ်အမြီး ရိုက်မိခဲ့သည့်အတွက် အသည်းတယားယား ဖြစ်ခဲ့သည်ဟု ဆိုပါသည်။ သို့ သော် အိုစမာဘင်လာဒင်ကို သုတ်သင်နိုင်ကြောင်း သမ္မတအိုဘားမားက တရားဝင်မပြောမချင်း ခင်ပွန်းဖြစ်သူ ဘီလ်ကလင်တန်ကိုပင် အသိမပေးဘဲနှုတ်လုံခဲ့သည်ဟုဆိုပါသည်။

‘‘သမ္မတ အိုဘားမားက သူ့(ဘီလ်ကလင်တန်) ကို ဖုန်းခေါ်ပြီး အဲဒီကိစ္စကို အသိပေးတယ် လေ။ ကျွန်တော်တော့ ခင်ဗျားကို ဟီလာရီက အဲဒီအကြောင်း ပြော ပြီးပြီလို့ ထင်ပါတယ်လို့ သမ္မတ က ဆိုတော့ ကျွန်မယောက်ျားက ဘာလဲတဲ့ ပြန်မေးရတယ်’’

တာလီဘန်အပြင် လူဦးရေ သန်း ၃၁၀ နီးပါးရှိသည့် အမေ ရိကန်ပြည်ထောင်စုအပေါ် ခြိမ်း ခြောက်မှု အန္တရာယ်များကိုလည်း ၎င်းက ဆွေးနွေးခဲ့သည်။

အမေရိကန်ပြည်ထောင်စု အနေဖြင့် နောင်တွင် အမေရိကန် တပ်ဖွဲ့များအား ဘယ်ကိုလွှတ် မည်။ ဘာကြောင့်လွှတ်မည်။ တပ်ဖွဲ့များထံမှ ဘာကိုမျှော်လင့် သည်ဆိုတာနှင့် ၎င်းတို့ကို ဘယ် လိုအကောင်းဆုံး ကာကွယ်မလဲ ဆိုသည်ကို သေသေချာချာ တွေး ဖို့ လိုနေပြီဟု ဟီလာရီကလင် တန်က ဆိုပါသည်။ ခြိမ်းခြောက်မှု တိုင်း၊ အန္တရာယ်တိုင်းကို အမေ ရိကန်တို့က မရှင်းလင်း၊ မသုတ် သင်နိုင်ပါဟုလည်း ပြောသည်။

ဟီလာရီကလင်တန်၏ ခက် ခဲသော ရွေးချယ်မှုများ စာအုပ်မှာ တရားဝင်ဖြန့်ချိခြင်း မပြုရသေး သော်လည်း လူအတော်များများ ၏ လက်ထဲသို့ ရောက်ရှိနေပြီ ဖြစ် သည်။ ၎င်းကိုထောက်ခံ သဘော ကျသူ အများစုက အမေရိကန် နိုင်ငံတစ်ဝန်းလှည့်ပြီး ဟီလာရီစာအုပ်တွင် လက်မှတ်ထိုးပေးမည့် အချိန်ကိုစောင့်စားနေကြ သည်။

ထောက်ခံသူများကတော့ ဟီလာရီ ကလင်တန်အတွက် ၂၀၁၆ မဲဆွယ်ရန် စတင်လှုပ်ရှား နေကြပြီ။ သို့သော် ယခုအချိန် ထိ ၂၀၁၆ ခုနှစ်တွင် သမ္မတ လောင်းအဖြစ် ရွေးကောက်ပွဲဝင် မည်၊ မ၀င်မည်ကို ဟီလာရီကလင် တန် တရားဝင်မပြောကြားသေး ပါ။ မဆုံးဖြတ်ရသေးပါဟု အေ ဘီစီရုပ်သံအား ပြောကြားသွား ပါသည်။

‘‘ကျွန်မကတော့ ကျွန်မ မှန် တယ်ထင်တာ ဆုံးဖြတ်မှာပဲ။ ၂၀၁၄ နှစ် မကုန်ခင်ပေါ့။ ဒီနှစ် ကိုတော့ နိုင်ငံအနှံ့ခရီးသွားမယ်။ စာအုပ်အတွက် လက်မှတ်ထိုး မယ်။ ပါတီအတွက် လာမယ့် ဆောင်းဦးရာသီသက်တမ်း နှစ် လယ်ရွေးကောက်ပွဲအတွက် ကူ ညီပေးမယ်။ နောက်ပြီးရင်တော့ ခဏအချိန်ယူပြီး အကောင်းအဆိုး ဘာပဲဖြစ်ဖြစ် လုပ်သင့်တာ၊ မလုပ်သင့်တာတွေးပြီး ဆုံးဖြတ် ချက်ချသွားမယ်’’

မည်သို့ပင်ဖြစ်စေ လက်ရှိ အမေရိကန်နိုင်ငံ၏ သြဇာတိက္ကမ ကြီးလှသော အမျိုးသမီးတစ်ဦး အနေဖြင့် သေချာသည်ဟု အပြတ် မပြောနိုင်သည့် တစ်ကြိမ်တစ်ခါ ရှုံးနိမ့်ဖူးသည့် သမ္မတရွေးကောက် ပွဲကို ပြန်ဝင်ရန်မှာ ဟီလာရီအ တွက် ခက်ခဲသောဆုံးဖြတ်ချက် တစ်ခုပင် မဟုတ်ပါလား။   ။

7day daily