ဂေါက်သီးဒီပလိုမေစီ

ပို့စ်တင်ချိန် - 6/14/2014 12:53:00 PM



မိတ်ဆွေ. . . မြန်မာပြည်မှာ အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လိုပါသလား။ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်လာဖို့ နည်းလမ်းတွေ များစွာရှိသည့်အထဲက ထိရောက် ပြီး အသုံးတည့်မည့် နည်းလမ်း တစ်ခုမိတ်ဆွေကို ပေးလိုပါသည်။မြန်မာနိုင်ငံတွင် ခေတ်အဆက် ဆက်၊ အစိုးရ အဆက်ဆက်ထို နည်းကို အသုံးပြုပြီး ထိပ်ထိပ်ကြဲ စီးပွားရေးသမားဖြစ်လာသူတွေ မနည်းတော့ပါ။ ချဲစကားဖြင့် ပြောရလျှင် ပေတံမကျိုးသေးပေ။ လက်ရှိအစိုးရလက်ထက်ထိ အသုံးတည့်မှန်ကန်နေဆဲဖြစ်သည်။ ထိုနည်းလမ်းကား အခြားမဟုတ်ပါ။  ရင်းနှီးမြှုပ်နှံမည့်ငွေထဲကနေဂေါက်သီးကစားမည့် ပစ္စည်းများဝယ်ယူကာ ဂေါက်သီးကစားခြင်းပင်ဖြစ်သည်။

 နိုင်ငံတကာတွင် ဂေါက်သီး ကစားခြင်းကို မည်သည့်အလွှာ က လူတန်းစားတွေပြုလုပ်သည် ကို သေချာပေါက်မပြောနိုင်သော် လည်းမြန်မာနိုင်ငံတွင်တော့ ဒေသဆိုင်ရာအာဏာပိုင်များ၊ အစိုးရ အရာရှိကြီးများ၊ စစ်တပ်အရာရှိ ကြီးများနှင့် ချမ်းသာသော စီးပွား ရေးသမားများသာ ပြုလုပ်လေ့ရှိ သည့်  လူကုံထံကစားနည်းပင် ဖြစ်သည်။ သာမန်ပြည်သူများအတွက် အလှမ်းဝေးသော ကစားနည်းတစ်ခုလည်းဖြစ်သည်။

  စီးပွားရေးစလုပ်သည်နှင့် စမတ်ကျကျဝတ်ဆင်ပြီး ဂေါက် ကွင်းကို အချိန်မှန်သွားပါ။ အရာ ရှိကြီးများနှင့် ခင်မင်ရင်းနှီးအောင် လုပ်ပါ။ သူတို့နှင့် ဂေါက်တွဲရိုက်  နိုင်အောင် ဖန်တီးပါ။ ထိုအရာရှိ ကြီးများသည် လူသားများပင်ဖြစ် သောကြောင့် အနိုင်ရလိုစိတ်များ ရှိကြသည်။ နိုင်ချင်ကြသည်။ ထို့ ကြောင့် မကြာခဏအရှုံးပေးပေး ပါ။ ထိုအရှုံးသည် စီးပွားရေး အောင်မြင်စေရန် အဓိကကျသည့် အချက်တစ်ချက် ဖြစ်သည်ကို သတိပြုပါ။ ဂေါက်သီးကစားပြီး နိုင်သည်၊ ရှုံးသည်ကို အကြောင်း ပြကာ ဧည့်ခံပွဲ၊ ဂုဏ်ပြုပွဲတွေ မကြာခဏလုပ်ပေးဖို့လိုပါသည်။

အစိုးရအရာရှိကြီးများ စစ် တပ်အရာရှိကြီးများနှင့် ကစားနေ စဉ်အတွင်းသော်လည်းကောင်း၊ကစားပြီး အောင်ပွဲခံစားသောက် ကြစဉ်သော်လည်းကောင်း အရာရှိကြီးများထံမှ စီးပွားရေးသမားများသည် သတင်းအချက်အလက်များရရှိလေ့ရှိကြသည်။ မြန်မာစကားတွင် ထန်းရည်မူးကျွဲခိုးပေါ်သည်ဟု ဆိုထားပေသည့် ဂေါက်ကစားချိန်မှာတော့ အပြန်အလှန် အကျိုးအမြတ်ကြောင့် ထန်းရည်မမူးလည်း ကျွဲခိုးပေါ်ကြသည်။ အရာရှိကြီးများသည် ခင်မင်ရင်းနှီးသော၊  အ၀င်အထွက်ရှိသော စီးပွားရေးသမားနှင့် ဂေါက်ကွင်းတွင်တွေ့သည့်အခါ အစည်းအဝေး၌ ဘာတွေဆုံးဖြတ်သည်။ ဘယ်စီမံကိန်းတွေ အကောင်အထည်ဖော်မည်။ ဘာညာစီမံချက်တွေရှိသည်။ တင်ဒါတွေဘယ်တော့ခေါ်မည်စသဖြင့် . . . စသဖြင့်တွေကို အများပြည်သူကို မထုတ်ပြန်မီဖလှယ်ကြသည်။ ပြောဆိုကြသည်။ညှိနှိုင်းကြလေသည်။ ယနေ့ခေတ်သည် သတင်းခေတ်ဟုခေါ်တွင်ကြသည်။ မည်သည့်ကိစ္စလုပ်လုပ်သတင်းအချက်အလက်ဦးစွာသိရှိသူကအသာရလေ့ရှိသည့်ခေတ် ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂ နှစ်အတွင်းဂေါက်သီးဒီပလိုမေ စီကြောင့် စီးပွားဖြစ်ခဲ့ကြသည်ကို ဥပမာပေးပါမည်။ လက်ရှိအစိုးရ လက်ထက်တွင်  နိုင်ငံတွင်းရှိ ယာဉ်အိုယာဉ်ဟောင်းများကို အပ်နှံပြီးယာဉ်အသစ်တင်သွင်းခွင့်အစီအစဉ်ကို စတင်သည်။  ထိုအချိန်တွင် မြန်မာပြည်၏ ခရီးသည်ပို့ဆောင်ရေးတွင် မာဇဒါ အမှတ်တံဆိပ် ဘီ ၃၆၀၊ ဘီ ၆၀၀၊ ချက်ဗလက်အမျိုးအစားဘတ်စ် ကားကြီးတွေ အများအပြားရှိခဲ့သည်။ ထိုကားများသည် ပို့ဆောင်ရေးအတွက် အသုံးတည့်သော်လည်း နှစ်သက်တမ်းကြာမြင့်ခြင်းကြောင့်အိုမင်းဟောင်းနွမ်းနေကာ ဈေးနှုန်းသိပ်မရှိတော့ဘဲ အရောင်းအ၀ယ်လည်း အနည်းငယ်ခက်သည်။ထိုသို့ယာဉ်အိုယာဉ်ဟောင်းများကို အပ်နှံပြီး ယာဉ်အသစ်တင်သွင်းခွင့်အစီအစဉ်ကို ပြည်သူတွေထံ တရားဝင်မထုတ်ပြန်မီ  အစိုးရအရာရှိတို့ နှင့် ရင်းနှီးသော အသိုင်းအ၀ိုင်းက  စီးပွားရေးသမားများ ကြိုသိရှိခဲ့ကြသည်။ ထိုစီးပွားရေးသမား အများစုထဲတွင် ဂေါက်သီးရိုက်သူ အများစုပါဝင်ခဲ့ကြသည်။

အစိုးရလူကြီးမင်းများနှင့် ဂေါက်သီးရိုက်၊ ပွဲတော်တည်လေ့ ရှိသည့် စီးပွားရေးအကျိုးမျှော် ဂေါက်သမားများသည် ကြိုတင် သိရှိသော  သတင်းအချက်အ လက်ကို  ချက်ချင်းပင် အသုံးချခဲ့ ကြသည်။  အ၀ယ်တော်များကို အနယ်နယ် အရပ်ရပ်သို့ စေလွှတ် ပြီး  ယာဉ်အိုယာဉ်ဟောင်းအပ်နှံ ရေးအစီအစဉ်တွင် ပါဝင်သည့် ယာဉ်များကို ရသမျှ ဈေးပေးပြီး ကြိုတင်ဝယ်ယူခဲ့ကြသည်။ မိတ် ဆွေစီးပွားရေးဂေါက်သီးသမား တစ်ဦးဆို ယာဉ်အစီးရေ ရာချီထိ ကြိုတင်ဝယ်ယူနိုင်ခဲ့သည်။ ဈေး ပေးဝယ်ယူသည့်အခါ ဘာမသိ၊ ညာမသိသည့် ယာဉ်အိုယာဉ် ဟောင်းပိုင်ရှင်တွေကလည်း အ လွယ်တကူရောင်းချခဲ့သည်။ တရားဝင်သတင်းထုတ်ပြန်သည့်နေ့တွင်မူ သာမန်ပြည်သူတို့ လက်ဝယ်တွင် ယာဉ်များမရှိကြတော့ ချေ။ အကျိုးဆက်ကား နိုင်ငံတော်က တရားဝင်ပေးသည့် အခွင့်အ ရေးကို စီးပွားရေးဂေါက်သီးသမား အများစုကသာ ရရှိပြီး စီးပွားပိုဖြစ်ခဲ့ကြလေတော့သည်။

နောက်ထပ်သာဓကတစ်ခု ရှိပါသေးသည်။ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်တွေ မှတ်ပုံတင်ခွင့်ပေး သည့်အခါတွင်လည်း မှတ်ပုံတင် ပေးခြင်းအစီအစဉ်ကိုအနှီစီးပွား ရေးဂေါက်သီးသမားအချို့သည် သာမန်ပြည်သူတွေထက် သတင်း အချက်အလက်တွေကို ကြိုတင် သိရှိခဲ့ခြင်းကြောင့် စီးပွားဖြစ်ခဲ့ ကြသေးသည်။ အထက်ပါ သာဓ ကတွေကြောင့် မြန်မာပြည်တွင် စီးပွားရေး  အောင်မြင်လိုပါက ဂေါက်သီးကစားပါဟု အကြံပြု ခြင်းဖြစ်ပါသည်။

   ကျွန်တော်သည်လည်း နောင်တွင် အောင်မြင်သော စီး ပွားရေးသမားတစ်ဦးဖြစ်ဖို့ရည် မှန်းထားသည်။ ထိုရည်မှန်းချက် ကြောင့် ဂေါက်သီးကစားခြင်းကို မဖြစ်မနေ လုပ်မည်ဟု စီမံကိန်း ချထားသည်။

ပိုက်ဆံလည်း စုဆောင်းနေ သည်။ သို့သော်လောလောဆယ် အခြေအနေအရ ဂေါက်သီးရိုက် တံမ၀ယ်နိုင်သေးသောကြောင့် ကျွန်တော့်အဘိုးမကွယ်လွန်မီ က အသုံးပြုခဲ့သည့် တောင်ဝှေးကို အိမ်တွင်အသည်းအသန်ရှာဖွေ နေသည်။ တောင်ဝှေးရှာဖွေတွေ့ ရှိပါက ထိုတောင်ဝှေးကိုပဲ ပြောင်းပြန်ဇောက်ထိုးကိုင်တွယ်ကာ ပွဲမ၀င်မီအပြင်က  ကျင်းပဆိုသလို ဂေါက်သီးရိုက်လေ့ကျင့်ခြင်းကို ပြုလုပ်မည်ဟု စိတ်ကူးနေမိသည်။

7day daily