အင်္ဂလန်-အီတလီပွဲစဉ်ကစားမည့် Amazonia Arena ကွင်း မြက်ခင်းပြင်အနေအထားကို FIFPro ပြင်းထန်စွာ ဝေဖန်

ပို့စ်တင်ချိန် - 6/14/2014 08:33:00 PM


(အင်္ဂလန်နှင့် အီတလီအသင်းတို့ကစားမည့် Amazonia Arena ကွင်း မြက်ခင်းပြင်အနေအထားကို ဇွန် ၁၀ ရက်က တွေ့ရစဉ် (Photo - AFP))

ဇွန် ၁၄ ရက် (မြန်မာစံတော်ချိန် ဇွန် ၁၅ ရက် နံနက်ပိုင်း) တွင် အင်္ဂလန်နှင့် အီတလီအသင်းတို့၏ ပွဲစဉ်ကို လက်ခံကျင်းပမည့် ဘရာဇီးလ်နိုင်ငံ Manaus မြို့ရှိ Amazonia Arena ကွင်း၏ မြက်ခင်းပြင်အနေအထားကို ကမ္ဘာ့ ပရော်ဖက်ရှင်နယ်ကစားသမားများ အဖွဲ့အစည်း (FIFPro) က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြောင်း သိရသည်။

Manaus မြို့၏ အပူချိန်ပြင်းထန်မှုကြောင့် စိုးရိမ်မှုများရှိနေချိန်တွင် FIFPro က ကွင်း၏ မြက်ခင်းပြင်အနေအထားကို ဝေဖန်ခဲ့ခြင်းဖြစ်သည်။Amazonia Arena ကွင်းမြက်ခင်းမှာ ခြောက်သွေ့နေသလို ဂိုးပေါက်ရှေ့နှင့် အချို့နေရာများတွင်လည်း မြက်ပေါက်ရောက်မှု နည်းပါးကာ မြေသားများ ဖြစ်ပေါ်နေသောကြောင့် FIFPro က ဝေဖန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကစားသမားတွေအနေနဲ့ အရည်အသွေးကောင်းမွန်တဲ့ ကွင်းမှာပဲ ကစားသင့်ပါတယ်။
ဒါပေမဲ့ Manaus မြို့ရဲ့ကွင်းကတော့ အဲဒီလိုအခြေအနေ မရှိပါဘူး။ ကစားသမားတွေအနေနဲ့လည်း ဒီလိုကွင်းမျိုးမှာ ကစားချင်မှာ မဟုတ်ပါဘူး” ဟု FIFPro က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် FIFPro က Manaus မြို့၏ အပူချိန်နှင့် ရေငွေ့သိပ်သည်းမှုအခြေအနေကိုလည်း ထောက်ပြပြောဆိုခဲ့ပြီး ပွဲကစားနေစဉ်အတွင်း ခေတ္တအနားပေးချိန် ခွင့်ပြုရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) တာဝန်ရှိသူတစ်ဦးက ရာသီဥတုအခြေအနေပေါ်မူတည်၍ ခေတ္တအနားပေးချိန် ခွင့်ပြုရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သော်လည်း Amazonia Arena ကွင်းမှာမူ လေ့ကျင့်ခန်းအစီအစဉ်နှင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရန်သင့်တော်ကြောင်း တုံ့ပြန်ခဲ့သည်။ ယင်းကွင်း၌ အင်္ဂလန်-အီတလီ ပွဲစဉ်အပြင် ဇွန် ၁၈ ရက်တွင်ကစားမည့် ကင်မရွန်း-ခရိုအေးရှား၊ ဇွန် ၂၂ ရက်တွင် ကစားမည့် အမေရိကန် -ပေါ်တူဂီ၊ ဇွန် ၂၅ ရက်တွင် ကစားမည့် ဟွန်ဒူးရပ်စ်-ဆွစ်ဇာလန်ပွဲစဉ်များကိုလည်း လက်ခံကျင်းပသွားမည် ဖြစ်သည်။

Eleven Media Group