ကျပ်သိန်းပေါင်း ၁၄၇၅၀ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၉၀၀၀၀ အား တာချီလိတ်မြို့ မိုင်းဖုန်း၌ ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 6/14/2014 01:01:00 PM


ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ရှိ ပါခုတ်စစ်ဆေးရေးစခန်းတွင် တန်ဖိုးငွေကျပ်သိန်းပေါင်း (၁၄၇၅၀)သိန်း တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ငါးသိန်းကိုးသောင်းကို တရားခံနှင့်အတူ ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁၃)ရက် နေ့လည် (၁၁း၃၀)နာရီခန့်က ဖမ်းဆီးရရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ် မှ ရဲအုပ်စိုင်းနော်ဟိန်း ဦးစီးအဖွဲ့၊ စစ်ဗျူဟာ(တာချီလိတ်)မှ ဗိုလ်ကြီးလှိုင်မင်းဦး ဦးစီးအဖွဲ့၊ ၀မ်ပုံနယ်မြေရဲစခန်းမှ ရဲအုပ်မောင်မောင်စိုး ဦးစီးအဖွဲ့၊ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ်အောင်ကျော်ထွန်း၊ စရဖ(တသခ)စု-၂ မှ ဒုတပ်ကြပ်ဇေယျာစိုးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့ မိုင်းဖုန်း(ခ)အုပ်စု၊ ပါခုတ်စစ်ဆေးရေးစခန်းတွင် မူးယစ်ဆေးဝါးသတင်းအရ အထူးကြီးကြပ်၍ ယာဉ်သွား ယာဉ်လာများအား ရပ်တန့်စစ်ဆေး ရှာဖွေနေလျက်ရှိကြောင်း သိရသည်။

ထိုသို့ ယာဉ်များအား ရပ်တန့်စစ်ဆေးမှုများပြုလုပ်နေစဉ်မှာ ဝှေလေလန်ကျေးရွာဘက်မှ ၀မ်ပုံဘက်သို့ အိုက်မွန်း မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ အဆိုပါ ကားထဲတွင် အလေးချိန် (၅၉)ကီလိုရှိသည့် စိတ်ကြွရူးသွပ်ဆေးပြား ( ၅၉၀၀၀၀ )ပြားကို ရှာဖွေတွေ့ရှိရ၍ စိတ်ကြွဆေးပြားများအား သယ်ဆောင်လာသူ တရားခံအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ) ၈၈/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။


Tachileik Online News
တာချီလိတ်သတင်း
web: www.tachileik.net