တရုတ်သို့ တရားဝင်တင်ပို့ခွင့်မရမီ ဆန်များမဖမ်းဆီးရန် ယူနန်အစိုးရနှင့် သဘောတူညီထားဟုဆို

ပို့စ်တင်ချိန် - 6/14/2014 12:50:00 PM


ဆန်အိတ်များကို ထမ်းပိုးနေစဉ် ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)


တရုတ်နိုင်ငံသို့ တရား ဝင်ဆန်တင်ပို့ရန် ညှိနှိုင်းဆဲအချိန် တွင် မြန်မာနိုင်ငံမှ ရောင်းချနေ သည့်ဆန်များကို ဖမ်းဆီးခြင်းမပြု ရန် ယူနန်ပြည်နယ်အစိုးရနှင့် သဘောတူညီချက်ရယူထား ကြောင်းကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ သတင်းရရှိသည်။

   ‘‘တရားဝင်သွားဖို့က အရည် အသွေးစံသတ်မှတ်ချက်တွေ ကြောင့်  အချိန်ယူရမှာဆိုတော့ ကြားမှာမဖမ်းအောင်သဘောတူ ညီမှုယူထားတာပါ’’ဟု အထက် ပါဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ဆန် တင်ပို့ရာတွင် တရုတ်နိုင်ငံသည် အဓိကဈေးကွက်တစ်ခုဖြစ်လာ သည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်သည်။ပင်လယ်ရေကြောင်းမှ ပြည်ပသို့ ဆန်တင်ပို့မှုမှာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာချိန်တွင် တရုတ်ဈေးကွက်က တိုးမြှင့် ဝယ်ယူလာပြီး မြန်မာဆန်ဈေးကွက်သည် မူလက အာဖရိကနိုင်ငံများကို အားထားခဲ့သော်လည်း ၂၀၁၂ ခုနှစ်မှစတင်၍ အိန္ဒိယနိုင်ငံမှ တစ်နှစ်လျှင် အရန်ဆန်တန်ချိန်လေးသန်းခန့်ပုံမှန် ထုတ်ရောင်းလာခြင်း၊ မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများ၏ အားနည်းချက်များစွာရှိနေခြင်းကြောင့်  ဝယ်ယူမှုများလျော့ကျခဲ့သည်။  ယင်းအချိန်တွင် နယ်စပ်မှ တရားဝင်တင်ပို့ခွင့်ကို မြန်မာနိုင်ငံဘက် မှ ခွင့်ပြုခဲ့သဖြင့် တရုတ်သို့တင်ပို့မှုမှာ တစ်ရှိန်ထိုးမြင့်တက်လာသည်။

‘‘တရားဝင်သွားမယ်ဆိုရင် တော့ ဒီကကုန်သည်တွေက မကြိုက်ဘူး။ ရန်ကုန်က ကုန်သည်ကြီးတွေလာပြီး လက်ဝါးကြီးအုပ်မှာစိုးတယ်’’ဟု မူဆယ်မှ ဆန်ကုန်သည်တစ်ဦးက ပြောသည်။

 ထို့အပြင် တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ပါက ဆန်တစ် အိတ်လျှင် အခွန် တရုတ်ငွေ ၃၀ ယွမ် (ကျပ်ငွေ ၄,၅၀၀ ခန့်)ရှိပြီး လက်ရှိတရားမဝင်တင်ပို့ချိန်တွင် ကျပ်ငွေ ၅၀၀ ခန့်သာ ပေးရသဖြင့် ကုန်သည်များက လက်ရှိ အခြေအနေကို ပိုမိုလိုလားနေကြသည်။

တရုတ်နိုင်ငံသို့ နယ်စပ်ကုန် သွယ်ရေးဖြင့် ဆန်တင်ပို့ရာတွင် တစ်ရက်လျှင်အိတ်ရေငါးသောင်း ဝန်းကျင်ရှိနေသည်။  လက်ရှိ အချိန်တွင် ဗီယက်နမ်ဆန်များ သည် တရုတ်နိုင်ငံသို့ မှောင်ခိုဝင် ရောက်မှုများရှိနေသဖြင့် တရုတ် ကုန်သည်များသည် မြန်မာဆန် ကို ဈေးလျှော့၍ဝယ်လာသည်။ ဗီယက်နမ်နိုင်ငံတွင် ပဋိပက္ခများ ဖြစ်ပြီးနောက် ယခင်လက နှစ် နိုင်ငံနယ်စပ်ကိုပိတ်ထားပြီး ကုန် သွယ်မှုများရပ်ခဲ့သဖြင့် မြန်မာ ဆန်ကို ဈေးတိုးပေးပြီးဝယ်ယူခဲ့ သည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ဆန် တင်ပို့မှုမှာ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၂ သန်းကျော်ရှိပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ တန်ချိန်ရှစ်သိန်းကျော်ရှိနေသည်။

7day daily