သံဃာသင်းခွဲသူရဲ့ အကျိုးရလာဒ်

ပို့စ်တင်ချိန် - 6/14/2014 01:45:00 PM


       သံဃာသင်းခွဲတယ်ဆိုတာ သံဃာအချင်းချင်း မညီညွတ်အောင် စိတ်ဝမ်းကွဲအောင် ပဋိပက္ခတွေ လုပ်ဆောင်၊ သွေးထိုးလှုံဆော်မှုတွေ လုပ်ဆောင်တာပါပဲ။ တရားသဖြင့် ဖြေရှင်းရမှာကို မတရား သဖြင့် ဖြေရှင်းတယ်။ မတရားတာကိုလည်း တရားသယောင်ယောင် ဖန်တီးတယ်။ လာဘ်စား၊ ဖြတ်စား အဂတိလိုက်စားနေတယ်ဆိုရင် ဒါဟာ သံဃာမညီညွတ်ခြင်းရဲ့ အကြောင်းတရားပါပဲ။

        ဘုရားရှင်က သံဃာကို မညီညွတ်အောင်လုပ်သူဟာ အာယုကပ်ပတ်လုံး အကုသိုလ်တိုးပွားတယ်။ အာယုကပ်ပတ်လုံး ငရဲမှာ ကျက်ရတယ်လို့ ဟောတော်မူပါတယ်။

        တရားအတိုင်း၊ ၀ိနည်းဓမ္မကံအတိုင်း ဆောင်ရွက်မှ သံဃာညီညွတ်မှုကို ရပါမယ်။ သဃာကို
ညီညွတ်အောင် ပြောဆိုလုပ်ကိုင်တဲ့သူဟာ အာယုကပ်ပတ်လုံး ကုသိုလ်တိုးတယ်။ အာယုကပ်ပတ်လုံး နတ်ပြည်မှာ ဖြစ်တယ်လို့ ဟောပါတယ်။

        သံဃာညီညွတ်ရင် ချမ်းသာတယ်။ ညီညွတ်သောရဟန်းတို့ကို ချီးမြောက်သူ၊ ညီညွတ်ခြင်း ၌ မွေ့လျှော်ပြီး တရား၌ တည်သောရဟန်းဟာ ယောဂရဲ့ကုန်ရာ နိဗ္ဗာန်မှ မဆုတ်ယုတ်။ သံဃာညီညွတ်   အောင်ပြုတဲ့အတွက် အာယုကပ်ပတ်လုံး နတ်ပြည်မှာ မွေ့လျော်ရတယ်လို့ ဟောတော်မူပါတယ်။

        ဒါကြောင့် သံဃာအချင်းချင်းညီညွတ်အောင် နေထိုင်ဖို့ တိုက်တွန်းပါတယ်။ သံဃာသင်းခွဲတာဟာ ကြီးလေးတဲ့ အပြစ်ပါပဲ။ ကြီးလေးတဲ့ အပြစ်ရှိသူဟာ ကြီးလေးတဲ့ အကုသိုလ်အကျိုးကို ခံစားရပါလိမ့်မယ်။

ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ