မယ်လ ဒုက္ခသည်စခန်းသို့ အင်ဂျလီနာဂျိုလီ သွားမည်

ပို့စ်တင်ချိန် - 6/14/2014 08:52:00 PM


ရန်ကုန်၊ ဇွန် ၁၃

မြန်မာ-ထိုင်း နယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်း တစ်ခုဖြစ်သော မယ်လစခန်းသို့ ဟောလိဝုဒ် မင်းသမီး အင်ဂျလီနာဂျိုလီ သွားရောက်မည် ဖြစ်ကြောင်း ကရင်အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KWEG) မှ နော်စူစန်နာလှလှစိုးက The Voice သို့ ပြောဆိုသည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပနေသော ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာ ထိပ်သီးညီလာခံတွင် ဇွန်လ ၁၂ ရက်နေ့က တွေ့ဆုံစဉ် အင်ဂျလီနာဂျိုလီက မယ်လစခန်းသို့ မကြာမီ သွားရောက် လည်ပတ်မည်ဟု ပြောဆိုခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “သူ ကျွန်မတို့ကို (မယ်လစခန်းကို သွားမယ်လို့) ပြောတယ်” ဟု နော်စူစန်နာလှလှစိုးက ဆိုသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ အထူးသံတမန်အဖြစ် ဆောင်ရွက်နေသူ အင်ဂျလီနာဂျိုလီ အနေနှင့် ယခင်ကလည်း ကရင်တိုင်းရင်းသား အများစု ခိုလှုံရာ မြန်မာ-ထိုင်း နယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ဖူးပြီး ယခုထပ်မံ၍ သွားရောက်မည် ဖြစ်ကြောင်း ညီလာခံသို့ တက်ရောက်သော ကရင်တိုင်းရင်းသူ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် အသိပေး ပြောဆိုခြင်း ဖြစ်သည်။

ပြည်တွင်းစစ်ကို အကြောင်းပြု၍ မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်း ကိုးခုတွင် ခိုလှုံနေသူ တစ်သိန်းငါးသောင်း ဝန်းကျင်ရှိနေပြီး အများစုမှာ ကရင်တိုင်းရင်းသားများ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း တည်ရှိသော မယ်လဒုက္ခသည်စခန်းတွင် လူဦးရေ ငါးသောင်းခန့် နေထိုင်လျက် ရှိကြောင်း အထောက်အပံ့ ပေးနေသော အဖွဲ့အစည်းများ၏ စာရင်းဇယားများအရ သိရသည်။

အဆိုပါ မယ်လစခန်းသို့ ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့ဖူးပြီး စခန်းတွင် နေထိုင်သော မိသားစုများ၊ မယ်တော်ဆေးခန်း တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး နိုင်ငံတကာ ထိပ်သီးညီလာခံကို လန်ဒန်မြို့၌ ဇွန်လ ၁၀ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပနေခြင်း ဖြစ်ပြီး မြန်မာနိုင်ငံမှ လူမှုအသင်းအဖွဲ့ ကိုယ်စားလှယ်အချို့ အပါအဝင် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော် ဦးဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ပါဝင် တက်ရောက်လျက်ရှိသည်။

The Voice