ကျန်းမာရေးကြောင့် လွှတ်တော် အစည်းအဝေးများတွင် ခေါင်းပေါင်းချွတ်ထားခွင့်ပြုရန် ဒီချုပ်ကိုယ်စားလှယ် တောင်းဆို

ပို့စ်တင်ချိန် - 6/14/2014 09:13:00 PM


လွှတ်တော်ကိုယ်စားလှယ် အမျိုးသားများ ခေါင်းပေါင်း ပေါင်းထားခြင်းသည် ကျန်းမာရေး ထိခိုက်နိုင်သဖြင့် လွှတ်တော်အစည်းအဝေးတွင် ခေါင်းပေါင်းချွတ်ထားခွင့်ပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ဇွန်လ ၁၃ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်ပြသည်။

လွှတ်တော်ကိုယ်စားလှယ် (အမျိုးသားများ) ရေရှည် ခေါင်းပေါင်း ပေါင်းထားခြင်းသည် ကျန်းမာရေး ထိခိုက်နိုင်သဖြင့် လွှတ်တော်ဥက္ကဋ္ဌ နေရာယူထားပြီးသည့် အချိန်မှစ၍ ခေါင်းပေါင်းများကို ချွတ်ထားရန် အစီအစဉ် ရှိ၊ မရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြည်သူ့လွှတ်တော်သို့ မေးမြန်းခဲ့ခြင်းဖြစ်သည်။

ခေါင်းပေါင်းကို တစ်နေ့လျှင် အနည်းဆုံး သုံး၊ လေးနာရီ ပေါင်းထားရသည့်အတွက် အသက်ငယ်ရွယ်သော လွှတ်တော်ကိုယ်စားလှယ်များအတွက် ကိစ္စမရှိသော်လည်း အသက်အရွယ်ကြီးသော ကိုယ်စားလှယ်များအတွက် ရေရှည်တွင် ကျန်းမာရေး ထိခိုက်နိုင်သည်ဟု ဦးဝင်းထိန်က လွှတ်တော်သို့ ပြောသည်။

ယင်းမေးခွန်းကို ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှုကော်မတီမှ ဒေါက်တာအောင်သန်းက ပြန်လည်ဖြေကြားရာတွင် ခေါင်းပေါင်းသည် နိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ ဂုဏ်ထူးဝိသေသတစ်ခုဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော် အစဉ်အလာ မြန်မာ့လွှတ်တော် သမိုင်းကြောင်းအရတွင်လည်း ခေါင်းပေါင်းကို ဂုဏ်ထူးဝိသေသတစ်ခုအဖြစ် ၀တ်စားဆင်ယင်ခဲ့သည်ကို တွေ့ရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ကျန်းမာရေးရှုထောင့်အရ ခေါင်းပေါင်းကြောင့် ဦးခေါင်းပိုင်းရှိ သွေးကြောများကို ဖိထားသဖြင့် ခေါင်းနောက်ကျိ ခြင်း၊ ဆံပင်ကျွတ်ခြင်းများ ဖြစ်နိုင်သော်လည်း အသက်အန္တရာယ်ရှိနိုင်သည့် အတိုင်းအတာတစ်ခုထိ မရောက်ကြောင်း၊ နိုင်ငံ နှင့် တိုင်းရင်းသားလူမျိုးများ၏ ၀ိသေသအရ ခေါင်းပေါင်းပေါင်းခြင်းကို မူလအတိုင်း ထားရှိသင့်ကြောင်း ဒေါက်တာအောင်သန်း က ပြန်လည်ဖြေကြားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်များတွင် ခေါင်းပေါင်းကို ချွတ်ထားနိုင်ကြောင်း၊ လွှတ်တော်ဥက္ကဋ္ဌဆိုလျှင် ခေါင်းပေါင်းအပြင် ၀တ်ရုံကိုပါ ၀တ်ဆင်ထားရကြောင်း၊ လွှတ်တော် က ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်ပြီး ယခင်အတိုင်းသာဆောင်ရွက်ရန် လွှတ်တော်ကိုယ်စားလှယ်များကို အသိပေး တင်ပြခဲ့သည်။

ပြီးခဲ့သည့်  န၀မအကြိမ်မြောက် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် လွှတ်တော်အစည်းအဝေးခန်းမအတွင်း မူးလဲကျရာတွင် အရေးပေါ် အသက်ကယ်ဆယ်မှုများ ပြုလုပ်ခဲ့သော်လည်း အသက်ဆုံးရှုံးခဲ့ရသည်။

7day daily