ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ရုပ်ရှင်မင်းသား (၁၀)ဦး

ပို့စ်တင်ချိန် - 6/14/2014 08:17:00 PM


ဟောလိဝုဒ်တွင် အောင်မြင်ထင်ရှားလာသည့် မင်းသားတစ်လက် အနေဖြင့် သရုပ်ဆောင်ကြေး ဒေါ်လာသန်းနှင့်ချီ ရရှိတတ်သည်မှာ မဆန်းလှချေ။ သရုပ်ဆောင် ဘဝတွင် အောင်မြင်စွာ ရပ်တည်နိုင်သည့် ကာလရှည်ကြာလာသောအခါ စုဆောင်းပိုင်ဆိုင်ထားသည့် ငွေကြေးပမာဏသည်လည်း ပိုမိုများပြား ကြွယ်ဝလာလေ့ရှိသည်။

ထို့ကြောင့်လည်း ရုပ်ရှင်လောကတွင် ကာလရှည်ကြာ ကျင်လည်ခဲ့သော ဝါရင့်မင်းသား အများအပြားသည် ယခုအခါ ဒေါ်လာသန်းပေါင်း ရာနှင့်ချီ ကြွယ်ဝသည့် သူဌေးများအဖြစ် ရပ်တည်လျက် ရှိကြသည်။ ကမ္ဘာ့အချမ်းသာဆုံး ရုပ်ရှင်မင်းသားများတွင် အက်ရှင်စတားများ၊ ဇာတ်မြူးသရုပ်ဆောင်များ၊ ချောမောခံ့ညားသူများ၊ အော်စကာဆုနှင့် အကျွမ်းတဝင် ရှိသူများ ပါဝင်နေသည်။

ကမ္ဘာပေါ်တွင် အချမ်းသာဆုံး ရုပ်ရှင်မင်းသား (၁၀)ဦးကို ရွေးထုတ်လိုက်သည့်အခါ ဟောလိဝုဒ် ကြယ်ပွင့်များကသာ အဓိက လွှမ်းမိုး နေရာယူထားသည်။ ထူးခြားချက်မှာ ဘောလီးဝုဒ်မှ အိန္ဒိယမင်းသား ရှရွတ်ခန်းက ဟောလိဝုဒ် မင်းသား အများအပြားကို ကျော်ဖြတ်ကာ ထိပ်ပိုင်းအဆင့်၌ ရပ်တည်နေခြင်း ဖြစ်သည်။

၁၀။ အဒမ်ဆန်းဒလား


Happy Madison ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ အနေဖြင့် အဒမ်ဆန်းဒလားကြောင့် (၁၉၉၈)ခုနှစ်က အကြီးအကျယ် အကျိုးအမြတ် ဖြစ်ထွန်းခဲ့ဖူးသည်။

ထိုနှစ်အတွင်းက ရုံတင်သည့် The Wedding Singerနှင့် The Water Boy ဇာတ်ကားများသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ဒေါ်လာတစ်ဘီလီယံကျော် ဝင်ငွေရရှိသည်အထိ အောင်မြင်ခဲ့သည်။

ယင်းမတိုင်မီက ကုမ္ပဏီအနေဖြင့် ရုပ်ရှင်ဇာတ်ကား (၃၀)နီးပါး ထုတ်လုပ်ခဲ့ဖူးသော်လည်း အမြတ်အစွန်း ရှာဖွေမှု အပိုင်းတွင် ရုန်းကန်နေခဲ့ရသည်။

Grown Ups 2 ဇာတ်ကားကို ဒေါ်လာသန်း ၈၀ မျှ ရင်းနှီးမြှုပ်နှံ ရိုက်ကူးခဲ့ပြီး ၂၀၁၃ ခုနှစ်က ရုံတင်ရာတွင်မူ ဒေါ်လာသန်း ၂၅၀ မျှ ပြန်လည်ရရှိခဲ့သည်။

၁၉၈၉ ခုနှစ်က အနုပညာလောကထဲ စတင်ခြေချလာသည့် မင်းသားသည် ယခုအခါ ဒေါ်လာ သန်းပေါင်း(၃၀၀)မျှ ကြွယ်ဝချမ်းသာနေပြီ ဖြစ်သည်။

၉။ ဘီလ်ကော့စ်ဘီ


အသက်(၇၆)နှစ် ရှိပြီဖြစ်သည့် မင်းသားဟောင်းကြီးသည် ဟောလိဝုဒ်တွင် သက်တမ်းအရှည်ကြာဆုံး ဟာသမင်းသားအဖြစ် ရပ်တည်ခဲ့သည့် မှတ်တမ်းကို ပိုင်ဆိုင်ခဲ့သည်။

၎င်း၏ ရုပ်မြင်သံကြား အစီအစဉ်ဖြစ်သော Bill Cosby Showကလည်း အမေရိကန်၏ နံပါတ်(၁) Showအစီအစဉ် တစ်ခုအဖြစ် ငါးနှစ်ဆက်တိုက် ရပ်တည်ခဲ့ဖူးသည်။

ဘီလ်ကော့စ်ဘီ အနေဖြင့် White Owl Cigars၊ Coca-Cola၊ Texas Instruments၊ Kodakစသည့် ကုမ္ပဏီများအတွက် ကြော်ငြာပေးခဲ့ခြင်းကလည်း ဝင်ငွေတိုးပွားမှု လမ်းကြောင်းတစ်ခု ဖြစ်ခဲ့ပြီး ယခုအခါ ဒေါ်လာ သန်းပေါင်း ၃၅၀ မျှအထိ ကြွယ်ဝနေပြီဖြစ်သည်။

၈။ တွမ်ဟန့်စ်ခ်


ပါဝင်ရိုက်ကူးသမျှ ဇာတ်ကားတိုင်းကို အောင်မြင်စေသည့် မင်းသားတစ်လက်ဟုပင် တွမ်ဟန့်ခ်စ်ကို ညွှန်းဆိုရမည် ဖြစ်သည်။

Forrest Gum၊ Big၊ Sleepless in Seattle၊ Apollo 13၊ Saving Private Ryan၊ Catch Me If You Can၊ The Green Mile၊ Cast Away၊ Toy Story အစရှိသည့် ဇာတ်ကားများတွင် ဟန့်ခ်စ်ပါဝင်ခဲ့ပြီး ယင်းရုပ်ရှင်များ ရုံတင်ရာမှ ရရှိသည့် ရုံဝင်ကြေးသည် အမေရိကန် တစ်နိုင်ငံတည်းတွင်ပင် ဒေါ်လာ ၄.၂ ဘီလီယံမျှ ရှိခဲ့သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ဆိုလျှင်မူ အဆိုပါ ငွေပမာဏ၏ နှစ်ဆအထိ တိုးသွားမည်ဖြစ်သည်။

အော်စကာနှစ်ဆုရှင် ဟန့်ခ်စ်သည် ဟောလိဝုဒ် သမိုင်းတွင် အကျိုးအမြတ် အဖြစ်ထွန်းဆုံး စာရင်းဝင် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံထားရသည်။ ၎င်း၏ ပုဂ္ဂလိက ပိုင်ဆိုင်ကြွယ်ဝမှုမှာမူ ဒေါ်လာသန်းပေါင်း ၃၅၀ ကျော်မျှ ရှိသည်။

၇။ ဂျော်နီဒက်ပ်


ဇာတ်ရုပ်အမျိုးမျိုး ပြောင်းလဲသရုပ်ဆောင်နိုင်သူ၊ ညှို့အားပြင်းပြသူ၊ ပဟေဠိဆန်သူ အစရှိသဖြင့် သတ်မှတ်ချက် အမျိုးမျိုးဖြင့် ဂျော်နီဒက်ပ်၏ သရုပ်သကန်ကို ဟောလိဝုဒ် လောကသားများက အဓိပ္ပာယ် ဖွင့်ဆိုကြသည်။

ဒက်ပ်သည် မျိုးဆက်တစ်ခုအတွင်းတွင်မူ စံပြုထိုက်သည့် မင်းသားတစ်လက် အနေဖြင့် ရပ်တည်ပြခဲ့သည်မှာမူ အငြင်းပွားစရာ မဟုတ်ချေ။ ရုပ်ရှင်ပိတ်ကားထက်တွင် ၎င်းကို ဂျာနယ်လစ်တစ်ဦး၊ အရက်အလွန်အကျွံ သောက်လေ့ရှိသည့် ပင်လယ်ဓားပြတစ်ဦး၊ ရူးကြောင်ကြောင် တွေးခေါ်တတ်သူတစ်ဦး အစရှိသဖြင့် ပုံစံအမျိုးမျိုး တွေ့မြင်ရမည် ဖြစ်သည်။

ဒက်ပ်ပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားများ၏ ရုံဝင်ကြေးကို စုပေါင်းကြည့်လိုက်ပါက ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံမျှ ရှိနေပြီဟု ဆိုသည်။ ၂၀၁၂ ခုနှစ် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း စာအုပ်က ရုပ်ရှင်လောကတွင် ရုံဝင်ကြေး အမြင့်ဆုံး စုဆောင်းရရှိစေသည့် မင်းသားအဖြစ် သတ်မှတ် ဖော်ပြခဲ့သည်။ ဒက်ပ်၏ ကြွယ်ဝမှု ပမာဏသည်လည်း ဒေါ်လာ သန်းပေါင်း ၃၅၀ ကျော်မျှ ရှိနေသည်။

၆။ ကလင့်အိစ်ဝုဒ်


အသက်(၈၄)နှစ် ရှိပြီဖြစ်သော ဝါရင့်မင်းသားကြီး အနေဖြင့် (၁၉၅၀)ပြည့်လွန် နှစ်များကတည်းက ဟောလိဝုဒ်တွင် စတင်ကျင်လည်နေခဲ့ပြီး ဖြစ်သည်။

ဟောလိဝုဒ် သမိုင်းတွင် သက်ရှိထင်ရှား ဂန္ထဝင် တစ်ဦးအဖြစ် သတ်မှတ်ခံရသည့် ကလင့်အိစ်ဝုဒ်သည် လက်ရှိအချိန်တွင်မူ ဒါရိုက်တာ နယ်ပယ်သို့ ကူးပြောင်းပြီး အောင်မြင်မှုများ ရှာဖွေလျက် ရှိသည်။

၂၀၀၈ ခုနှစ်က ၎င်းကိုယ်တိုင် သရုပ်ဆောင်ပြီး ဒါရိုက်တာ အနေဖြင့်ရော ထုတ်လုပ်သူ အဖြစ်ပါ တာဝန်ယူခဲ့သည့် ဇာတ်ကားသည် ဒေါ်လာသန်းပေါင်း ၂၇၀ မျှအထိ ဝင်ငွေရရှိခဲ့သည်။  ၎င်း၏ လက်ရှိကြွယ်ဝမှုသည် ဒေါ်လာ ၃၇၅ သန်း ပမာဏမျှ ရှိသည်။

၅။ ဂျက်နစ်ကိုလ်ဆန်


စိတ်ဖောက်ပြန်နေသကဲ့သို့၊ ပုံမှန်စိတ်အနေအထား မရှိသူ တစ်ဦးကဲ့သို့ သရုပ်ဆောင်ပြသည့်အခါ ဂျက်နစ်ကိုလ်ဆန်ကို ယှဉ်ပြိုင်နိုင်သူ မရှိသလောက်ရှားကြောင်း ဟောလိဝုဒ်တွင် အသိအမှတ် ပြုထားကြသည်။

နစ်ကိုလ်ဆန်သည် အော်စကာ ဆန်ခါတင် အဆင့်တွင် (၁၂) ကြိမ် အမည်တင်သွင်း ခံခဲ့ရပြီး ယင်းသည် အမျိုးသား သရုပ်ဆောင် တစ်ဦးအတွက် အရေအတွက် အများဆုံး စံချိန်လည်း ဖြစ်ခဲ့သည်။ ယင်းတို့အနက်မှ (၃) ကြိမ်တွင် ၎င်းအနေဖြင့် အော်စကာဆုကို လက်တွေ့ဆွတ်ခူး ရယူနိုင်ခဲ့သည်။ နစ်ကိုလ်ဆန်သည် ဆယ်စုနှစ် ငါးခုဆက်တိုက် အော်စကာ ဆန်ခါတင်အဆင့် ပါဝင်သတ်မှတ်ခံရသည့် မင်းသားတစ်လက် အဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့သေးသည်။

၁၉၈၉ ခုနှစ်က ရုံတင်ခဲ့သည့် Batman ဇာတ်ကားတွင် Jokerအဖြစ် အစွမ်းပြ သရုပ်ဆောင်သွားသည့် မင်းသားကြီး၏ ကြွယ်ဝမှုမှာ ဒေါ်လာသန်းပေါင်း ၄၀၀ မျှ ရှိသည်။

၎။ တိုင်လာပယ်ရီ


တိုင်လာပယ်ရီသည် မင်းသားတစ်ဦး အနေဖြင့်သာ မကဘဲ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ၊ စာရေးဆရာ၊ သီချင်းရေးဆရာ တစ်ဦးအဖြစ်ပါ အနုပညာ အရည်အသွေး ပြည့်ဝသူ ဖြစ်သည်။

၁၉၉၂ ခုနှစ်တွင် Forbes မဂ္ဂဇင်းက ၎င်းကို ဖျော်ဖြေရေး နယ်ပယ်တွင် ဝင်ငွေအကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦးအဖြစ် ညွှန်းဆို ဖော်ပြခဲ့ဖူးသည်။

(၂၀၁၀-၁၁) ဘဏ္ဍာရေးနှစ် အတွင်း၌ပင် ပယ်ရီအနေဖြင့် ဒေါ်လာသန်းပေါင်း ၁၃၀ မျှ ရရှိခဲ့ကြောင်း သိရသည်။ ၎င်းနှင့် အော်ပရာဝင်းဖရေးတို့၏ ပူးပေါင်းမှုသည် စီးပွားရေးအရ ကြီးမားစွာ အကျိုးဖြစ်ထွန်းစေခဲ့သည်။

အထက်တန်း အဆင့်တွင်ပင် ကျောင်းထွက်ခဲ့ရသူ တစ်ဦးဖြစ်သည့်တိုင် ယခုအခါ ပယ်ရီအနေဖြင့် ဒေါ်လာသန်း ၄၀၀ မျှ ကြွယ်ဝချမ်းသာနေပြီ ဖြစ်သည်။

၃။ တွမ်ခရုစ်


တွမ်ခရုစ်၏ အမည်ကို ကြားမိလိုက်သည်နှင့် မီးလောင်ပေါက်ကွဲမှုများ၊ အဝေးပြေးလမ်းပေါ်တွင် ကားအပြိုင်မောင်းရင်း အပြန်အလှန် ပစ်ခတ်နေမှုများ၊ ရဟတ်ယာဉ်ပေါ်မှ ခုန်ချပြီး စွန့်စားတိုက်ခိုက်မှုများကို မြင်ယောင်မိလာမည် ဖြစ်သည်။

အက်ရှင်မင်းသား တစ်လက်အဖြစ် အထူးအောင်မြင်ခဲ့သည့် ခရုစ်သည် ရိုက်ကူးဖူးသမျှ ဇာတ်ကားအားလုံးအနက် အရေအတွက် ၂၀ ကို ဒေါ်လာသန်း ၂၀၀ ကျော်စီ အကျိုးအမြတ် ဖြစ်ထွန်းစေခဲ့ဖူးသည့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားသည်။

၎င်းသည် Top Gun၊ Mission Impossibleတို့ကဲ့သို့ အက်ရှင်ဇာတ်ကြမ်းများအပြင် Rain Man၊ Eyes Wide Shutတို့ကဲ့သို့ Drama ဇာတ်လမ်းများ၌ပါ ပီပြင်စွာ သရုပ်ဆောင်ပြခဲ့သူ ဖြစ်သည်။

ဟောလိဝုဒ် ဒါရိုက်တာများကမူ ခရုစ်ကို ရွေးချယ်ခြင်းသည် အဆုံးအရှုံး မရှိရန် အာမခံချက် တစ်ခုအဖြစ် ယူဆလေ့ ရှိကြသည်။ ၎င်းသည် ဒေါ်လာသန်း ၅၀၀ မျှ ချမ်းသာနေပြီ ဖြစ်သည်။

၂။ ရှရွတ်ခန်း


ရုပ်ရှင် သရုပ်ဆောင် တစ်ဦးအနေဖြင့် ကြွယ်ဝချမ်းသာမှု ကဏ္ဍတွင် တွမ်ခရုစ်ထက် ရှရွတ်ခန်းက သာလိမ့်မည်ဟု ယူဆသူ များများစားစား မရှိနိုင်လောက်ချေ။ သို့သော်လည်း ယင်းအချက်မှာ အမှန်ပင် ဖြစ်သည်။

အိန္ဒိယ ရုပ်ရှင်လောက၏ မီးရှူးတန်ဆောင်သဖွယ် ဖြစ်နေသော မင်းသားသည် အချစ်၊ အလွမ်း၊ အကြမ်း၊ အမြူး ဇာတ်ရုပ်မျိုးစုံဖြင့် ဘောလီးဝုဒ်၏ လူကြိုက်အများဆုံး ဇာတ်ကားကြီး ၅၀ ကျော်၌ ပါဝင် သရုပ်ဆောင်ခဲ့သည်။

ခန်း၏ အောင်မြင်မှု ပုံရိပ်သည် ဘောလီးဝုဒ်တွင်သာ မကဘဲ တစ်ကမ္ဘာလုံး အတိုင်းအတာထိ ကျယ်ပြန့်လာအောင် ထိုးဖောက်နိုင်ခဲ့သည်။

ခန်းသည် ပရဟိတ လှုပ်ရှားသူ တစ်ဦးအနေဖြင့်လည်း လူသိများပြီး လူသားအကျိုးပြု လုပ်ငန်းများစွာတွင် ပါဝင်ကူညီလေ့ရှိသည်။ Newsweek မဂ္ဂဇင်းက ကမ္ဘာပေါ်တွင် ဩဇာအကြီးဆုံး လူပုဂ္ဂိုလ် ၅၀ စာရင်း၌ ထည့်သွင်းရွေးချယ်ခဲ့ဖူးသော မင်းသားသည် စုစုပေါင်း ဒေါ်လာသန်း ၆၀၀  မျှ ကြွယ်ဝချမ်းသာကြောင်း သိရသည်။

၁။ ဂျယ်ရီဆိန်းဖဲလ်


ရုပ်ရှင်မင်းသား တစ်ဦးဆိုသည်ထက် လူသားတို့၏ သမိုင်းကြောင်းတစ်လျှောက် အောင်မြင်မှု အကြီးမားဆုံး ရုပ်မြင်သံကြား ပရောဂျက်ကို ဦးဆောင်သူ တစ်ဦးအဖြစ် ဂျယ်ရီဆိန်းဖဲလ်ကို ညွှန်းဆိုလေ့ ရှိကြသည်။

၎င်း၏ ပုဂ္ဂိုလ်ရေး ဘဝကို စိတ်ကူးယဉ် ဖန်တီးမှုများနှင့် ပေါင်းစပ်ထားသည့် Seinfeld အမည်ရှိ ရုပ်မြင်သံကြား စီးရီးများတွင် ၁၀ နှစ်ကြာ ပါဝင်သရုပ်ဆောင်ပြီးနောက် ဆိန်းဖဲလ်အနေဖြင့် အကျိုးအမြတ်များစွာ စုဆောင်းနိုင်ခဲ့သည်။

၁၉၈၉ မှ ၁၉၉၈ ခုနှစ်ထိ ပြသခဲ့သော စီးရီးများတွင် ၎င်းအနေဖြင့် တစ်နှစ်တည်း၌ပင် ဒေါ်လာ ၂၆၇ သန်းမျှထိ ရရှိခဲ့ဖူးသည်။ တစ်နည်းအားဖြင့် (၂၂)မိနစ်ကြာ အပိုင်းတို ဇာတ်လမ်းလေး တစ်ခုအတွက် ဆိန်းဖဲလ်အနေဖြင့် ဒေါ်လာ (၅)သန်းမျှ သရုပ်ဆောင်ကြေး ခံစားခွင့်ရှိသည့် သဘောလည်း ဖြစ်သည်။

ကလင့်အိစ်ဝုဒ်နှင့် ဂျက်နစ်ကိုလ်ဆန်တို့ နှစ်ဦးပေါင်း တစ်သက်တာ ရှာဖွေခဲ့သမျှ သရုပ်ဆောင်ကြေး စုစုပေါင်းသည်ပင်လျှင် ဆိန်းဖဲလ်ကို လိုက်မမီနိုင်ချေ။ အသက်  ၆၀ အရွယ် မင်းသားသည် ယခုအခါ ဒေါ်လာသန်း ၈၀၀ မျှ ကြွယ်ဝနေပြီဖြစ်သည်။

_THE RICHEST
7day daily