သားမယားအဖြစ်ပြုကျင့်ကာ ရိုက်နှက်ခဲ့ပြီးထွက်ပြေးတိမ်းရှောင်သွားသူကို ညောင်လေးပင်မြို့နယ်၊မင်းလမ်းသံဆိပ်နယ်မြေရဲစခန်းမှ ကူညီဖမ်းဆီးရမိ


ရန်ကုန်၊ မတ် ၁၇

၁၅.၃.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်တွင် ဦး---- သည် ၎င်းနေထိုင် အလုပ်လုပ်ကိုင်သော လှိုင်သာယာ မြို့နယ်ရှိ အိမ်ရာဆောက်လုပ်ရေးဝင်း အတွင်း၌ အမျိုးသမီးတစ်ဦးဒဏ်ရာများဖြင့် တွေ့ရကြောင်းကြားသိရ၍ သွားရောက်ကြည့်ရှုရာ ဒဏ်ရာရရှိသူမှာ ၎င်း၏ဇနီးဖြစ်သူ မ---- ဖြစ်ပြီး နဖူး၊ နောက်စေ့၊ အပေါ်နှုတ်ခမ်း၊မေးရိုး၊၀ဲလက်တို့တွင် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများနှင့် ယာလက်ကျိုးဒဏ်ရာများရရှိထားသည်ကိုတွေ့ရှိရသဖြင့် လှိုင်သာယာဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ကုသခဲ့ရ
ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဇနီးဖြစ်သူအားမေးမြန်းရာ ဆောက်လုပ်ရေးဝင်း အတွင်း အတူအလုပ်လုပ်ကိုင်သူ ငထိုက်(ခ)၀င်းမင်းထိုက်၊ (၂၄)နှစ်၊ (ဘ)ဦးအေးဟန်၊ ၀ိုင်ကျွန်းရွာ၊ ညောင်လေးပင်မြို့နယ်၊ ပဲခူးတိုင်း
ဒေသကြီးနေသူက ငွေ(၆၀၀၀)ကျပ်တောင်းသည်ကို
မပေးသဖြင့် အလိုမတူဘဲ သားမယားအဖြစ်(၁)ကြိမ်ပြုကျင့်ခဲ့ပြီး မည်သည့်အရာနှင့်ထုရိုက်ခဲ့သည်ကိုမသိရှိကြောင်း၊ ထိုသို့ထုရိုက်ခဲ့သဖြင့် ဇနီးဖြစ်သူတွင် ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောပြသိရှိခဲ့ရပါသည်။

ယင်းသိုပြစ်မှုကျူးလွန်သူ ငထိုက်(ခ)၀င်းမင်းထိုက်အား အရေးယူပေးပါရန် ဦး--- မှ တိုင်တန်းခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ)၃၁၁/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၇၆/၃၂၅ ဖြင့်အမှုဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူ ငထိုက်(ခ)၀င်းမင်းထိုက်မှာ အခင်းဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်ခဲ့ပြီး ၎င်းထွက်ပြေးတိမ်းရှောင်နိုင်သည့် ဆက်စပ်ပြည်နယ်/တိုင်းဒေသကြီး
များသို့လည်း ကူညီစုံစမ်းဖမ်းဆီးပေးရန်ဆက်သွယ်အကြောင်းကြားခဲ့ရာ ၁၆.၃.၂၀၁၄ ရက်နေ့ ၁၁၃၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊
ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့၊ မင်းလမ်းသံဆိပ်နယ်မြေရဲစခန်းက ၎င်း၏ဇာတိဖြစ်သော ၀ိုင်ကျွန်းရွာ၌ ဖမ်းဆီးရမိခဲ့သဖြင့် သွားရောက် လွှဲပြောင်း ခေါ်ဆောင်ခဲ့ပြီး ဆက်လက်အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ပုဂံအလိုတော်ပြည့် ဘုရားအနီးတွင် ဘယ်လ်ဂျီယန်နိုင်ငံသူ ကျောပိုးအိတ် အလုခံရ


Monday, March 17, 2014

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဘီ ကျေးရွာအုပ်စုအနီးရှိ အလိုတော်ပြည့် ဘုရားအနီးတွင် မတ်လ ၁၅ ရက်နေ့က ဘယ်လ်ဂျီယန် နိုင်ငံသူတစ်ဦး စီးလာသည့် စက်ဘီးရှေ့ခြင်းထဲမှ ကျောပိုးအိတ်ကို ဆိုင်ကယ်ဖြင့် အမည်မသိ အမျိုးသားတစ်ဦးက လုယူထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

ညောင်ဦးမြို့နယ် တောင်ဘီကျေးရွာ အုပ်စု ပုဂံ-ညောင်ဦးသွား အနော်ရထာ လမ်းမကြီး အလိုတော်ပြည့် ဘုရားနှင့် ရွာဟောင်းကြီး ဘုရားအကြားတွင် မတ်လ ၁၅ ရက်နေ့ ညနေ ၄နာရီ ၁၅ မိနစ်ခန့်က ဘယ်လ်ဂျီယန်နိုင်ငံသူနှစ်ဦးသည် စက်ဘီးကိုယ်စီဖြင့် ပုဂံဒေသဘက်မှ ညောင်ဦးဘက် သို့ စီးနင်းလာစဉ် နိုင်ငံခြားသူတစ်ဦး၏ စက်ဘီးရှေ့ခြင်းအတွင်း ထည့်ထားသော ကျောပိုးအိတ်ကို ဆွဲယူ ထွက်ပြေးသွားခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုလုသွားတဲ့ နေရာကလူလည်း သိပ်မပြတ်ဘူး။ လေယာဉ်ကွင်းနဲ့ သီရိပစ္စယာ ဟိုတယ်သွားတဲ့ အပြင်လမ်း။ အဲဒီဘက်ကိုတော့ ရဲတွေ ဆိုင်ကယ်၊ စက်ဘီးတွေနဲ့ လှည့်ကင်း ဆောင်ရွက်တာတော့ ရှိတယ်” ဟု ပုဂံမြို့တွင် မြင်းလှည်းမောင်းသူ ဦးမောင်စိုးက ဆိုသည်။

အဆိုပါ ကျောပိုးအိတ် လုယူထွက်ပြေးသွားမှုနှင့် ပတ်သက်၍ အခင်းဖြစ် နေရာတဝိုက်တွင် နေ့စဉ် Tourism Police နှင့် နယ်မြေရဲများ ပူးပေါင်း၍ ခရီးသွားများ၏ လုံခြုံရေးကို ဆောင်ရွက်ပေးလျက ရှိကြောင်း ညောင်ဦးမြို့နယ် တစ်ဝိုက်တွင် တာဝန် ထမ်းဆောင်နေသည့် Gd Tourism Police တစ်ဦးက ပြောကြားသည်။

လေဆိပ်လမ်းဆုံ၊ ညောင်ဦးဈေး အဝိုင်း၊ တောင်ဘီကျေးရွာထိပ်၊ ညောင်ဦး- ချောက် ကားလမ်းမောင်းတံဂိတ်၊ ညောင်ဦး- ကျောက်ပန်းတောင်း ကားလမ်း ဗျတ္တလမ်းဆုံ၊ လက်ပံခြေပေါ်လမ်းဆုံ၊ ညောင်ဦး-မြင်းခြံ ကားလမ်း မောင်းတံဂိတ် အဟောင်း၊ ပုဂံ အဝိုင်းနှင့် အနော်ရထာလမ်း တစ်လျှောက် စသည့်နေရာ များတွင်လည်း ကျူးလွန်သူ ဖမ်းမိရေး စစ်ဆေး ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

အဆိုပါ လုယူခံရသော ကျောပိုး အိတ်ထဲတွင် ဗီဇာ၊ Cradit Card၊ Samsung အမျိုးအစား အနက်ရောင် ကင်မရာတစ်လုံး၊ အမေရိကန်ဒေါ်လာ ၆၀၀ တို့ ပါသွားသဖြင့် အဆိုပါ နိုင်ငံခြားသူ တည်းခိုသည့် ရွှေနဒီ တည်းခိုးခန်းက ဧည့်လမ်းညွှန်အကူ ဦးအေးမင်းက တရားလိုပြုလုပ်၍ ပုဂံမြို့မ ရဲစခန်းတွင် (ပ) ၂၁/၂၀၁၄ ပြစ်မှုပုဒ်မ ၃၈၂ အရ အမှုဖွင့်ထားကြောင်း အဆိုပါ မှတ်တမ်းများအရ သိရသည်။

မန္တလေးခရိုင် ချမ်းအေးသာစံမြို့နယ် ၂၆ လမ်း၊ ၇၃ x ၇၄ လမ်းကြား ကျုံးတောင်ဘက်တွင်လည်း မတ် ၅ ရက်နေ့ ည ၉ နာရီခန့်က စက်ဘီးတစ်စီးစီ စီးနင်းလာသော အင်္ဂလန်သူနှစ်ဦးကို စကားပြော နှုတ်ဆက်ဟန်ဆောင်၍ ကျောပိုးအိတ် လုယူထွက်ပြေးမှုနှင့် ပတ်သက်ပြီး ကျူးလွန်သူကို ငါးရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

သင်္ဘောသား စာအုပ်အတုပြုလုပ်သူ အမျိုးသမီးကြီးတစ်ဦးကို စသုံးလုံး ဖမ်းဆီး


Monday, March 17, 2014

သင်္ဘောသားအလုပ်အကိုင်ပွဲစား အမျိုးသမီးကြီးတစ်ဦးကို သင်္ဘောသားမှတ်ပုံတင် စာအုပ်အတုပြုလုပ်မှုဖြင့် အထူးစုံစမ်းစစ်ဆေးရး (စသုံးလုံး)က မတ်လ ၁၆ ရက်တွင် အမှုဖွင့် ဖမ်းဆီးလိုက်သည်။

သင်္ဘောသား မှတ်ပုံတင်စာအုပ်များ အတုပြုလုပ်နေကြောင်း သတင်းအရ ဗိုလ်တထောင်မြို့နယ် (၇) ရပ်ကွက်၊ (၄၂)လမ်းတွင် နေထိုင်သည့် သင်္ဘောသားအလုပ်အကိုင်ပွဲစားဖြစ်သူကို ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။

ထို့ကြောင့် အဆိုပါ အမျိုးသမီးထံမှ အမျိုးသား သုံဦးနာမည်များပါသည့် သင်္ဘောသားမှတ်ပုံတင်လက်မှတ် စာအုပ်အတု (၃)အုပ်ကို တွေ့ရှိသိမ်းဆည်း ရမိသည်ဟု ဆိုသည်။

ထို့ပြင် အဆိုပါ အမျိုးသမီးကြီးသည် ၂ဝ၁၃ ခုနှစ် သြဂုတ်မှစ၍ သင်္ဘောသား မှတ်ပုံတင်စာအုပ်များကို သင်္ဘောလိုင်းများနှင့် ဆက်သွယ်ဆောင်ရွက်ပေးရန် လက်ဝယ်ထားရှိခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟုလည်း စသုံးလုံးက ဆိုထားသည်။

ထို့ကြောင့် ထိုအမျိုးသမီးကို အရေးယူပေးရန် စသုံးလုံးမှ ဦးစီးအရာရှိဖြစ်သူ ဦးအောင်မြသန်းက တရားလိုပြုလုပ် တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို ဗိုလ်တထောင်ရဲစခန်းက (ပ)၅ဝ/၂ဝ၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၄၂ဝ/၂၆၆/၄၇၄ ဖြင့် အရေးယူရန် ဆက်လက်စစ်ဆေးနေသည်။

ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ကျောက်တံတားမြို့နယ် (၃၈)လမ်းရှိ သင်္ဘောသားများ လိမ်လည်စေလွှတ်ပေးနေသည့် ရုံးတစ်ခုကိုလည်း အထူးစုံစမ်းစစ်ဆေးရေးဌာနက ဝင်ရောက်ဖမ်းဆီးခဲ့သည်။

မဇ္ဈိမ


မလေးရှားလေယာဉ် ရှာဖွေရေးနယ်ပယ်တိုးချဲ့


မလေးရှားလေကြောင်းလိုင်းမှာ ပါသွားတဲ့ခရီးသည်တွေရဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေက မလေးရှားအစိုးရကို တိုက်ရိုက်ဆက်သွယ်စကားပြောဖို့ ကိုယ်စားလှယ်ရွေးချယ်နေစဉ်။ (မတ်လ ၁၇၊ ၂၀၁၄)

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ် တမင်တကာ လမ်းကြောင်းပြောင်းသွားတယ်လို့ ယူဆရတဲ့ တောင်နဲ့မြောက် လမ်းကြောင်းတလျှောက် ရှာဖွေရေးတွေ စတင်လုပ်ဆောင်နေပြီလို့ မလေးရှားအစိုးရက ဒီကနေ့ တနင်္လာနေ့မှာပဲ ပြောသွားပါတယ်။ ဒီရှာဖွေရေးမှာ ရေပြင်နဲ့ နိုင်ငံ ၁၁ နိုင်ငံက ကုန်းမြေပါ ထည့်သွင်းပြီး နိုင်ငံပေါင်း ၂၆ နိုင်ငံက ပါဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီး Hisha mmuddin Hussein က ပြောပါတယ်။

ရှာဖွေနယ်မြေက စတုရန်းမိုင်သန်းပေါင်းများစွာကျယ်ဝန်းတာပါ။ မတ်လ ၈ ရက်နေ့မှာ ရေဒါကနေ ပျောက်ဆုံးသွားပြီးတဲ့နောက် Boeing 777 လေယာဉ်ဟာ မြောက်ဖက်ကို ဦးတည်ပြီး အာရှတိုက် အလယ်ပိုင်းဘက် ဒါမှမဟုတ် ကျယ်ပြောလှတဲ့ အိန္ဒိယသမုဒ္ဒရာဘက် - တောင်ဘက်အရပ်ကို ပျံသန်းသွားတယ်လို့ စုံစမ်းရေးမှူးတွေက ယူဆပါတယ်။


ပျောက်ဆုံးလေယာဉ်ပေါ်လိုက်ပါသွားတဲ့ ခရီးသည်တွေအတွက်မျှော်လင့်ချက်ဆုတောင်း လက်မှတ်ထိုးတဲ့လှုပ်ရှားမှုမှာ ပါဝင်လက်မှတ်ရေးထိုးနေကြတဲ့ ကလေးငယ်တွေ

ဒီကနေ့မှာတော့ မလေးရှား ဝန်ကြီးချုပ် Najib Razak ရဲ့တောင်းဆိုမှုနဲ့ တောင်ဘက်အခြမ်းက ရှာဖွေရေးတွေကို  ဦးဆောင်လုပ်ပေးဖို့ Australia က သဘောတူလိုက်ပါတယ်။ အစောပိုင်းတုန်းကတော့ Australia ဝန်ကြီးချုပ် Tony Abbot က လူ ၂၃၉ ဦးလိုက်ပါလာတဲ့ မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ် Australia လေပိုင်နက်နားရောက်ရှိတဲ့ပုံ မတွေ့ရဘူးလို့ ပြောထားတာပါ။

နားဆင်ရန်

VOA Burmese News

မန်ယူဘက်မှ လောင်းကြေးထပ်သူများကို Betfred ပိုက်ဆံပြန်ပေးမည်




ယခုရာသီတွင် မန်ယူအသင်း ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ ရရှိမည်ဟု လောင်းကြေးထပ်ခဲ့သူများကို လောင်းကစားဒိုင် Betfred မှ ပိုက်ဆံပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။ မန်ယူမှာ ယခုရာသီတွင် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ ကာကွယ်ခွင့် ဆုံးရှုံးခဲ့ရုံသာမက အဆင့်(၄)နေရာမှ မန်စီးတီးထက် နှစ်ပွဲပိုကစားပြီး (၁၂)မှတ် လျော့နည်းကာ အမှတ်ပေးဇယား အဆင့်(၇)နေရာတွင် ရှိနေခြင်းကြောင်း ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ရာခိုင်နှုန်းနည်းပါးနေသည်။

သို့သော် Betfred လောင်းကစားဒိုင် ပိုင်ရှင်မှာ မန်ယူပရိသတ်တစ်ဦးဖြစ်ပြီး လီဗာပူးကို ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် အသင်းအပေါ် ပွဲချိန်ပြည့်အားပေးခဲ့ကြသည့် ပရိသတ်များကြောင့် ယခုကဲ့သို့ လောင်းကြေးများ ပြန်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ Betfred လောင်းကစားဒိုင်တွင် မန်ယူအတွက် လောင်းကြေးထပ်ခဲ့သည့် ပမဏ ပေါင် (၂၀၀၀၀၀)အထိ ရှိကြောင်း သိရသည်။

Betfred လောင်းကစားဒိုင်ပိုင်ရှင် ဖရက်ဒ်က “မန်ယူအတွက် လောင်းကြေးထပ်ခဲ့တဲ့ ချလံစာရွက် ပြန်ယူလာရင် သူတို့ရဲ့ လောင်းကြေးတွေ ကျွန်တော် ပြန်ပေးမှာပါ။ လီဗာပူးကို (၃)ဂိုးပြတ် ရှုံးနေပေမယ့် ပွဲချိန်တစ်လျှောက်လုံး သီချင်းဆိုပြီး အသင်းကို အားပေးခဲ့တဲ့ ပရိသတ်တွေရဲ့လုပ်ရပ်က မယုံနိုင်စရာပါပဲ။ ဒီအတွက်ကြောင့် လာင်းကြေးပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒိုင်တွေထဲမှာ လောင်းကြေး ပြန်ပေးတဲ့ ပထမဆုံးဒိုင် ဖြစ်လာမယ့်အချက်ကလည်း ဒီလိုလုပ်ရတဲ့ အကြောင်းရင်းတစ်ရပ်ပါ။ မန်ယူ ပရိသတ်တွေအတွက် မန်ယူအသင်းက ဒီထက်ပိုကောင်းတဲ့ စွမ်းဆောင်မှုမျိုး ပေးသင့်ပါတယ်”ဟု ပြောခဲ့သည်။

YoYarLay

အွန်လိုင်းမှာ Programming အလွယ်တကူ လေ့လာလို့ရတဲ့ ဆိုဒ်


www.codeacademy.com

Code Academy နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက လက်ရှိ ကမ္ဘာပေးမှာ လူသုံးအများအဆုံး Code Learning Website များထဲမှ တစ်ခု ဖြစ်ပါတယ်။ သိတဲ့သူတွေလည်း သိပြီးသား ဖြစ်မှာပါ။

Basic html က စလို့ ပရော်ဖက်ရှင် coder တစ်ယောက် ဖြစ်ဖို့အတွက် သင်ခန်းစာ အားလုံး အပြည့်အစုံ ရှိပါတယ်။ အခမဲ့ သင်ကြားရေး ဝဘ်ဆိုဒ်ပါ။ Home Page မှာ ရေးထားတဲ့စာတွေကို အသေအချာဖတ်ဖို့ လိုအပ် ပါတယ်။ calculation, time and Date တွေလောက် အလွယ်တကူ ရိုက်ထည့်ပြီးရင် site ရဲ့  Learning Portal ထဲကို ဝင်လို့ ရပါပြီ။ ပထမဆုံး ပေးမယ့် သင်ခန်းစာက Basic html ပါ။ html လောက်နဲ့ Web page တစ်ခုရေးနိုင်သွားရင် Certificate ကို အီးမေးလ်လှမ်းပို့ ပေးပါတယ်။ နောက်ပိုင်းသင်ခန်းစာ များမှာ CSS လည်းပါဝင်လာပါမယ်။

ပရိုဂမ်မာ ဖြစ်ချင်စိတ် ရှိပြီး လုံးဝ အခြေခံမရှိတဲ့သူများလည်း သင်ကြားလေ့လာနိုင်ပါတယ်။ အခြေခံကျတဲ့ စာသားများနဲ့ပဲ ဖော်ပြထားပါတယ်။ လက်တွေ့စမ်းသပ်လို့ရမယ့် Casing တွေလည်း ပါရှိပြီးသား ဖြစ်ပါတယ်။ လူတိုင်း Coding တတ်ဖို့အတွက် Code Academy ဟာ အကောင်းဆုံး ဝဘ်ဆိုဒ်လေးမို့ မိတ်ဆက် မျှဝေ ပေးလိုက် ရပါတယ်။

Smart Pro Journal

ဟောင်ကောင်က ပုံဖော်မယ့် အာရှအိမ်ဖော်တွေရဲ့အနာဂတ်


အသွေးအရောင်စုံသော ခေတ်မီဟောင်ကောင်မြို့ကြီးကို ၂ဝ၁၄ ခုနှစ်တွင် ပထမဆုံးကိုင်လှုပ်ခဲ့သောသတင်းမှာယခင်နှစ်များအတိုင်းပင် အိမ်ဖော်ကိစ္စ ဖြစ်ပါ သည်။ လူမဆန်စွာ ညှဉ်း ပန်းနှိပ်စက်ခံခဲ့ရသော အင်ဒိုနီးရှား အိမ်ဖော်အမျိုးသမီး Eruiana Sulistyaningsih ၏ ဖြစ်ရပ်က ဟောင်ကောင်ရှိ အိမ်ဖော်တို့၏ အကာအကွယ် မဲ့နေပုံကို ရှင်းရှင်းလင်းလင်း ညွှန်းဆိုနေသလိုပင်။

”နေ့တိုင်းလိုလိုကို အရိုက်ခံနေခဲ့ရတာပါ။ နောက်ဆုံးလမ်းမလျှောက်နိုင် တဲ့အထိ ဖြစ်လာလို့သာ” ဟု သူမကဆိုပါ သည်။ ဆေးရုံခုတင်ထက်တွင် လဲလျောင်းပြီး ဆေးကု သမှုခံယူ နေရသော သူမ၏ခန္ဓာကိုယ်အနှံ့တွင်တွေ့ရသည်က အညို အမည်းစွဲ ဒဏ်ရာဒဏ်ချက်များပင် ဖြစ်သည်။

များမကြာမီနှစ်များအတွင်း ဟောင်ကောင်မြို့ကြီးကို လှုပ်ခတ်စေခဲ့သောသတင်းများမှာ အိမ်ဖော်များနှိပ်စက်ခံရမှု ဖြစ်သည်။ ကမ္ဘာ့အိမ်ဖော်ဈေးကွက်၏ တစ်ဝက်နီးပါး ပမာဏ ခန့်ရှိသော ဟောင်ကောင်တွင် အာဏာပိုင် တို့က အိမ်ဖော်တို့ ၏ လုပ်ခလစာနှင့် အဆင့်အတန်းကိုကာကွယ်ရန် ကြိုးစားမှု မလုံလောက်သေးကြောင်းသတင်းများက သက်သေပြနေ သည်။ အိမ်ဖော်ဈေးကွက် အ တွက် တင်းကျပ်သော မူဝါဒများ ချမှတ်လာခြင်းကပင် အာရှဒေသတစ်ခုလုံးက အိမ်ဖော် အမျိုးသမီးများစွာ၏ဘဝကို ထိခိုက်လာစေသည်။

ကမ္ဘာ့အလုပ်သမားရေးရာ အဖွဲ့အစည်း(ILO) ၏ စစ်တမ်းအရ ကမ္ဘာတစ်ဝန်းတွင်အိမ်ဖော်အဖြစ် အသက်မွေးသူ အနည်းဆုံး ၅၃ သန်းရှိနေပြီး အများစုမှာ အမျိုးသမီး များဖြစ်သည်။ ယင်းပမာဏအရ ယခု ဈေးကွက်အနေအထား သည် အိမ်ဖော်ဈေးကွက် စတင်ပေါ်ပေါက်လာသော ၁၉၉ဝ ပြည့်နှစ်များထက် ၆ဝ ရာခိုင်နှုန်းခန့် တိုးပွား များပြားလာသည် ကိုတွေ့ရသည်။ များမကြာခင်တွင် ကမ္ဘာတစ်ဝန်း အိမ်ဖော် ဈေးကွက် ပိုမိုတွင်ကျယ်လာပြီး အိမ်ဖော်အရေအတွက် သန်း ၁ဝဝ အထိ ရောက်လာမည်ဟု အိုင်အယ်လ်အိုက ခန့်မှန်း ထားသည်။ လက်ရှိအိမ်ဖော်ဈေးကွက်၏ ၄၁ ရာခိုင်နှုန်းမှာ အာရှနှင့်ပစိဖိတ်ဒေသတွင်တည်ရှိနေပြီး ယင်းဒေသများတွင် အိမ်ဖော် ဝန်ဆောင်မှု လုပ်ငန်းများ ရှေးကပင်တည်ရှိနေသည်။

အာရှအိမ်ဖော်ဈေးကွက်သည် ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်ကာပူနှင့် မလေးရှားတို့အပေါ်တွင် ဗဟိုချက်မူတည်သည်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂ လားဒေ့ရှ်နှင့် မြန်မာကဲ့သို့သော ဆင်းရဲသောနိုင်ငံများမှ အိမ်ဖော်များက အေးဂျင့်များ၏ အစီအစဉ်ဖြင့် အဆိုပါဗဟိုချက်နိုင်ငံများသို့ သွားရောက်ကြသည်။ ဝင်္ကပါ သ ဖွယ် ရှုပ်ထွေးသော အာရှ အိမ်ဖော်ဈေးကွက်တွင် အိမ်ဖော်ရှာဖွေစုဆောင်းရေး အေဂျင် စီများ၊ ငွေကြေးစိုက်ထုတ်သူများ၊ အကြွေးစနစ်ဖြင့် ဝန်ဆောင်မှုပေးသူများ၊ အစိုးရ ယန္တရားနှင့် ပညာမတတ်သည့် အမျိုးသမီး ၂ သန်းကျော်တို့ ပါဝင်လှုပ်ရှားနေကြသည်။

အာရှအိမ်ဖော်ဈေးကွက်၏ အဓိကနိုင်ငံသည် ဟောင် ကောင်ဖြစ်သည်။ ဟောင်ကောင်သည် တိုင်းတစ်ပါးမှအိမ်ဖော် ခေါ်ယူခြင်းကို ၁၉၇ဝ ပြည့်နှစ်လယ်ကတည်းက စတင်ခွင့်ပြု ခဲ့ပြီး ယခုအခါ ကမ္ဘာအနှံ့မှအိမ်ဖော်တို့၏ ဦးတည်ရာတစ်ခု အဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေပြီဖြစ်သည်။ အိမ်ထောင်စု ရှစ်စုတိုင်းတွင် တစ်စုက အိမ်ဖော် ငှားရမ်းကြပြီး ကလေး ရှိသော အိမ်ထောင်စု ၃ စုတိုင်းတွင် တစ်စုကအိမ်ဖော် ငှားရမ်းသည်အထိ ဟောင်ကောင်သည် အိမ်ဖော်အပေါ် မှီခို နေသည်ကို တွေ့ရ သည်။ အများအားဖြင့် ပြည်ပမှ အိမ်ဖော် များ ငှားရမ်းကြသည်။ ဟောင်ကောင်ရှိ အိမ်ဖော်ပမာဏမှာ အလုပ်အင်အားစု၏ ၁ဝ ရာခိုင်နှုန်းခန့်နှင့် လူဦးရေစုစုပေါင်း ၄ ဒသမ ၄ ရာခိုင်နှုန်းအထိရှိနေသည်ဟု စာရင်းဇယားများအရ ညွှန်းဆိုနေသည်။

ဟောင်ကောင်သည် အာရှတလွှားမှာ အိမ်ဖော်အဖြစ် အသက်မွေးရသည့် အမျိုးသမီးတို့အတွက် အိမ်သဖွယ်ဖြစ် နေသည်။ အထူးသဖြင့်ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှားတို့မှ အိမ်ဖော် တို့ဖြစ်သည်။ ပိတ်ရက်ဖြစ်သော တနင်္ဂနွေနေ့များတွင်တော့ အိမ်ဖော် တို့ အပြင်သွားအပန်းဖြေကြသည်။ ဟောင်ကောင်၏ နေရာ အနှံ့တွင် သူတို့ကိုတွေ့နိုင် သည်။

”ဒီကလူတွေက ယျေဘုယျတော့ ကြင်နာတတ်ကြပါတယ်” ဟု အသက် ၂၈ နှစ်အရွယ် အင်ဒိုအိမ်ဖော်အမျိုး သမီးအန်းက ဆိုသည်။ အရှေ့အာရှတွင် အကြွယ်ဝဆုံးဒေသတစ်ခုဖြစ်သော ဟောင်ကောင်သည်အစဉ်အလာ
အရပင် အိမ်ဖော်ဈေးကွက် ရှိခဲ့သည်။

ယခုကဲ့သို့ ပြည်ပမှအိမ်ဖော်များခေါ်ယူရာတွင် တစ်ပတ် တစ်ရက် အား လပ်ခွင့်ပေးခြင်း၊ နှစ်စဉ် လစာပြည့် ခွင့်ပေးခြင်းကဲ့သို့သော အကာအကွယ်များနှင့် တရားဝင်တိုင် ကြားခွင့်ပြုသည့် အစီအစဉ်များကို စီမံထားပေးသည်။

သို့ရာတွင် တစ်ပတ်အလုပ်ချိန် ၄၈ နာရီလုပ်ရသော အခြားလုပ်သားများက ဟောင်ကောင်ဒေါ်လာ ၅၇၆ဝ နှင့် ၆၂၄ဝ ကြားရနေသော်လည်း အိမ်ဖော်တို့အတွက် လုပ်ခ လစာသတ်မှတ်ချက်မှာ ဟောင်ကောင်ဒေါ်လာ ၄ဝ၁ဝ (ကန် ဒေါ်လာ ၅၁၅ )သာ ရှိသေးသည်။

”ဟောင်ကောင်က ပြည်ပအိမ်ဖော်တွေရဲ့လုပ်ခနှုန်းထားက အမှန်ေ တာ့ လျော့နည်းလာတယ်လို့တောင် ပြောရမယ်”ဟု အပြည်ပြည်ဆိုင်ရာအိမ်ဖော်ရေးရာအဖွဲ့ချုပ်၏ ဦးဆောင်ညွှန်ကြားရေးမှူး Fish Ip က ပြောသည်။

အကြောင်းမှာ အခြားငွေကြေးလဲလှယ်နှုန်းများနှင့် နှိုင်းယှဉ် လျှင် ဟောင်ကောင်ဒေါ်လာ၏ ငွေဖောင်းပွမှုနှုန်းကြောင့် အိမ်ဖော်များအနေဖြင့် လွန်ခဲ့သည့် ၁၆ နှစ်ကရသည့် လုပ်ခထက် နည်းပါးနေသည်ဟု ၎င်းကဆိုသည်။

ယျေဘုယျအားဖြင့် ဟောင်ကောင်ရောက်ပြည်ပအိမ်ဖော်များသည် လုပ်ခလစာ၏ထက်ဝက်ကို အိမ်ပြန်ပို့ နိုင်ပြီး ခြောက် လနှင့်တစ်နှစ်အတွင်း အေဂျင်စီများကို ဝန်ဆောင်မှု အကြွေးအကြေအလည် ပြန်လည်ပေးဆပ်နိုင်သည်ဟု သိရသည်။

ဟောင်ကောင်တွင် အိမ်ဖော်လုပ်ခမှာ ပုံသေမရှိပေ။ အဘယ့်ကြောင့်ဆိုသော် အလုပ်ချိန်အကန့်အသတ်မရှိ၍ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ၏ အစီရင်ခံစာအရ အိမ်ဖော်အမျိုးသမီး၏ ၃ ပုံ ၁ ပုံက တစ်နေ့အလုပ်ချိန် ၁၇ နာရီအထိ အလုပ် လုပ်ရလေ့ရှိကြောင်း သိရသည်။ အများစုက တစ်ပတ် အားလပ်ရက် တစ်ရက်သာယူလေ့ရှိရာ တစ်ပတ်လျှင်အလုပ် ချိန်နာရီ ၁ဝဝ အထိရှိနေသော သဘော ဖြစ်နေသည်။ ဆိုလို သည်က ဟောင်ကောင်သည် အိမ်ဖော်တို့အလုပ် ဖိစီးမှု အများဆုံးနေရာတစ်ခု ဖြစ်သည်။

”တည့်တည့်ပြောရရင်တော့ ဟောင်ကောင်က အိမ်ဖော်လုပ်သားတွေကို တန်ဖိုးထားမှုအနည်းဆုံးနေရာတစ်ခုပါ”ဟု လူ့အခွင့်အရေးဆောင်ရွက်သူ ရှေ့နေ Rob Connelly က ပြောသည်။ ဟောင်ကောင်၏အိမ်ဖော် လုပ်ခလစာနည်းပါးမှုသည် အခြားဒေသအတွင်း နိုင်ငံများအပေါ်သက်ရောက်မှုများစွာ ရှိသည်။ ထို့ကြောင့်ပင် အိမ်ဖော် လုပ်ခနှုန်းထားမှာ ထိုင်ဝမ်တွင် (ကန်ဒေါ်လာ ၅၁ဝ ခန့်)၊ စင်ကာပူတွင် ကန်ဒေါ်လာ (၇၅)၊ မလေးရှားတွင် ကန်ဒေါ်လာ (၁၈၁)မျှသာရှိခြင်း က ဟောင်ကောင် အိမ်ဖော် ဈေးကွက်၏ရိုက်ခတ်မှုကြောင့် ဖြစ်သည်။

”ဟောင်ကောင်မှာ အိမ်ဖော်လိုအပ်ချက် မြင့်မားလာတာ၊ နိမ့်ကျသွားတာဟာ အခြားနိုင်ငံတွေက အိမ်ဖော်တွေ ရဲ့လုပ်ခလစာအပေါ်ကို သက်ရောက်မှု ရှိနေပါတယ်”ဟု အကျိုးအမြတ် မယူသော Asian Migrant Center ၏ ဦးဆောင် ညွှန်ကြားရေးမှူး Reiko Harima က ပြောသည်။ ”ဟောင်ကောင်မှာသာ အိမ်ဖော်လုပ် ခနှုန်း ထား မြင့်နေ ရင် ပြီးတော့ အိမ်ဖော်လိုအပ်ချက်များရင် တခြားနိုင်ငံတွေလည်း မနေနိုင်ဘူး။ အိမ်ဖော်လုပ်ခကို လိုက်မြှင့်ပေးရလိမ့် မယ်။ မဟုတ်ရင် အားလုံးဟောင်ေ ကာင် ကိုပဲ သွားမှာမို့ အဲဒီ နိုင်ငံတွေမှာ အိမ်ဖော်လိုအပ်ချက်တွေ ရှိလာလိမ့်မယ်”ဟု ၎င်းက သုံးသပ်သည်။

မြို့ပြနိုင်ငံဟောင်ကောင်တွင် ဒီမိုကရက်တစ်နည်းမကျ သော မူဝါဒများလည်း ရှိနေသေးရာ ယင်းက အိမ်ဖော်များ ကို နှိပ်စက်ညှဉ်းပန်းမှုအား ပိုမို အားပေးနေသကဲ့ သို့ ပင်ဖြစ်သည်။ သို့ကြောင့်ပင် ဟောင်ကောင်သည် အိမ်ဖော်လုပ်သားတို့အတွက် ‘စားရမှာလည်း သဲတရှပ်ရှပ်’ ၊ ‘ပစ်ရမှာလည်း အဆီတဝင်းဝင်း’ ဖြစ်နေခြင်း ဖြစ်သည်။

ယခုနှစ်အတွင်းပင် ဟောင်ကောင်အာဏာပိုင်တို့၏ မူဝါဒပြင်ဆင်ချက်တစ်ခုက အိမ်ဖော်လုပ်သားတို့အတွက် ပိုမိုကျပ်တည်းလာစေသည်။ အိမ်ရှင် ၃ ဦး အ ထိပြောင်းပြီးသော အိမ်ဖော်အား နေထိုင်ခွင့် (ဗီဇာ)သက်တမ်း တိုးမပေးတော့ရန် ဆုံးဖြတ်ချက်ဖြစ်သည်။ အာဏာပိုင်တို့က အလုပ်မကြာခဏ ကူးပြောင်းခြင်းကို ကာ ကွယ်ရန်ဟုဆိုသော်လည်း လုပ်သားတို့ အတွက် အိမ်ရှင်ဆိုး၏ဒဏ်ကို အံကြိတ်ခံရုံသာရှိတော့သည့် အနေအထား။

၂ဝဝ၃ ခုနှစ်ကလည်း အိမ်ရှင်၏နေအိမ်တွင် နေထိုင် စေသည့် ဆုံးဖြတ်ချက်က အလုပ်ချိန်ကို အကန့်အသတ် မရှိဟူသော အနေအထားကို ရောက်စေခဲ့သည်။ထိုသို့သော အခြေအနေက အိမ်ရှင်တို့အဖို့ အိမ်ဖော်များ အပေါ် စိတ်ကြိုက်ဆက်ဆံခွင့်ရစေသော အနေအထားဖြစ် သည်။ ထို့ကြောင့်ပင် ၂ဝ၁၂ ခုနှစ်တွင် အိမ်ဖော် များညှဉ်း ပန်း နှိပ်စက် ခံရမှု (၃ဝဝဝ)မျှသာရှိရာမှ ၂ဝ၁၃ တွင် ၇ဝဝဝ အထိ တိုးလာခဲ့ရသည်အထိ ဖြစ်သည်။

”ရွှေ့ပြောင်းအိမ်ဖော်တွေဟာ ခေတ်သစ်ကျွန်တွေလို ဆက်ဆံခံနေရတဲ့ အနေအထားပါ။ သူတို့ဟာ ညစ်ပတ်တဲ့ အလုပ်တွေ လုပ်နေရတယ်။ ဒါကပဲ သူတို့ကို ဆက်ဆံချင် သလို ဆက်ဆံလို့ ရတယ်ဆိုတာမျိုး ဖြစ်နေတယ်” ဟု ဟောင်ကောင်ရှိ အိမ်ဖော်များခိုလှုံရာ စခန်းတာဝန်ခံ Adwina Antonio က ပြောသည်။ မည်သို့ ပင် ဝေဖန် မှုများ ရှိစေကာမူ ဟောင်ကောင် အာဏာပိုင်တို့က မမှု၊ ပြုပြင်ပြောင်းလဲရေးမလုပ်။ ထို့ကြောင့် ပင် အခြားနိုင်ငံများက အိမ်ဖော်ပို့ခြင်းကိုရပ်ဆိုင်းရေး လုပ် ဆောင်လာရသည်။

အင်ဒိုနီးရှားက ၂ဝ၁၇ တွင် ဟောင်ကောင်သို့ အိမ်ဖော် စေလွှတ်ခြင်းရပ်ဆိုင်းရန် ကြေညာခဲ့သည်။ ယခုအခါ ဟောင်ကောင်သို့ အိမ်ဖော်စေလွှတ်ခြင်း တရားဝင် စတင်ပြု လုပ် နေပြီဖြစ်သော မြန်မာအစိုးရကလည်း အိုင်အယ်လ်အိုနှင့် ဆွေးနွေးကာ အိမ်ဖော်တို့အတွက် ပိုမိုကောင်းမွန်သော အဆင့်အတန်း လုပ်ခလစာရရေး မူဝါဒ ရေး ဆွဲနေပြီဖြစ်သည်။ အိမ်ဖော်စေလွှတ်မည့် နိုင်ငံများကသာ ထိုကဲ့သို့ တင်းတင်းကျပ်ကျပ် တောင်းဆိုမှုပြုပါက ဟောင်ကောင်သား တို့အဖို့ ရွေးစရာ များများ မရှိလှ ပါ။ အိမ်ဖော်တို့အတွက် ပိုမိုကောင်းမွန်သော အခြေအနေတစ်ခုကို ဖန်တီးပေးရမည် သာ။ အဘယ့်ကြောင့်ဆိုသော် ဟောင်ကောင်သားတို့အဖို့ အိမ်ဖော်သည် မရှိလျှင် မဖြစ်သည့် အနေအထားဖြစ်၍ ဖြစ်ပါသည်။

ကျော်ရဲလင်း
Ref:How Hongkong’s ”maid trade”is making life worse for domestic workers throughout Asia

Popular Myanmar News Journal

ဦးပိန်တံတား၏ အခန်းပေါင်း ၁၈ ခန်းရှိ တိုင်လုံး များ ဆိုးရွားစွာပျက်စီးနေပြီး စိုးရိမ်ဖွယ်ဖြစ်နေ


အောက်ခြေမရှိတော့သော တံတားတိုင်လုံးအချို့အနီး လှေတစ်စင်းလှော်ခတ်နေသည်ကို ယခုလ ၈ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော်
ပြည်တွင်းနှင့် ကမ္ဘာလှည့် ခရီးသွားများအကြား အထူးထင်ရှားသော အမရပူရမြို့ရှိ ဦးပိန် တံတား၏
အခန်းပေါင်း ၁၈ ခန်းရှိ တိုင်လုံးများ မှာ ဆိုးရွားစွာ ပျက်စီးနေကာ တံတားကြီး ရေရှည်တည်တံ့ရေး
အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေကြောင်း ဒေသခံများကပြောသည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၆၀ ခန့်က မြို့စာရေးဦးပိန်က ကျွန်းတိုင်ပေါင်း ၁, ၀၀၀ ကျော် အသုံးပြုကာ၊
ကမ္ဘာတွင် အရှည်လျားဆုံး သစ်သားတံတားအဖြစ် တောင်သမန်အင်းကို ဖြတ်၍ ဆောက်လုပ်ခဲ့
သော ဦးပိန်တံတား မှာ ယခုအခါ တိုင်လုံးများလည်း လျော့နည်းပပျောက်ခဲ့ပြီဖြစ်ကာ လက်ရှိ
တိုင်လုံးတချို့မှာ အောက်ခြေပိုင်းမရှိတော့ဘဲ အန္တရာယ်ရှိသောအခြေအနေရှိနေသည်ဟု
ဆိုသည်။

"အခု ဦးပိန်တံတားရဲ့ကြံ့ခိုင်မှုက ပြီးခဲ့တဲ့ငါးနှစ်တာ ကာလလောက်နဲ့ နှိုင်းယှဉ်ရင်ပဲ ချို့ယွင်းချက်
တွေ များနေပါပြီ။ သင်္ကြန်ကာလလို၊ ရတနာ့ဂူနတ်ပွဲကာလလို ဧည့်လာများ တဲ့အချိန်တွေမှာ ပွင့်
ပွင့်လင်းလင်းပြောရ ရင် အန္တရာယ်အတော်များပါတယ်။ အခု ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးတာ
မှာ အခန်း ပေါင်း ၁၈ ခန်းက တိုင်လုံးတွေ ပျက်စီးနေတာ အခြေအနေ တော်တော်ဆိုးပါတယ်။
ဒါကို လည်း ဒီလ ၆ ရက်နေ့ ရက်စွဲနဲ့ အမရပူရမြို့နယ် အုပ်ချုပ်ရေးမှူးဆီကို တင်ပြထားပါတယ်။
သူတို့က သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ဆက်လက်တင်ပြသွားကြမှာပါ"ဟု အမရပူရမြို့
ဆင်စွယ်ပွတ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွန့်ဝေက ယခုလ ၈ ရက်တွင် ပြော သည်။

ဦးပိန်တံတားတွင် အခန်းတစ်ခန်း၌ တိုင်လုံး နှစ်လုံးပါဝင်ကြောင်း၊ စဆောက်စဉ်က တိုင်လုံး
၁,၀၀၀ ကျော်ရှိခဲ့သော်လည်း လက်ရှိတွင် ၈၉၀ ခန့်သာ ရှိတော့ကြောင်း၊ သစ်သားခါးပန်းများ
မကောင်းသည့်အခန်းမှာ သုံးခန်းရှိကြောင်း လည်း ပြောသည်။

"အမရပူရမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ကတော့ ကျွန်တော့်ဖေ့စ်ဘွတ်အကောင့် မှာ
ဦးပိန်တံတားကို လာမယ့်ဘဏ္ဍာနှစ်ထဲမှာ အစိုးရဘတ်ဂျက်နဲ့ ပြုပြင်သွားဖို့ရှိတယ်လို့ မှတ်ချက်
ဝင်ရေးပေးထားပါတယ်။ လက်ရှိမှာတော့ မဟာဂန္ဓာရုံကျောင်းတိုက်က ဆရာတော်တွေ၊
တောင်မင်းကြီးဘုရား ဂေါပကအဖွဲ့ဝင်တွေက ပျက်စီးတာတွေကို ကိုယ့်အင်အားနဲ့ ကိုယ်
လုပ်ပေးကြပါတယ်" ဟုလည်း ဦးညွန့်ဝေ က ပြောသည်။

ဦးပိန်တံတားအနီးရှိ တောင်သမန် ငှက်လှေ အသင်း ဥက္ကဋ္ဌ ဦးစိုးဝင်းကမူ ယခုလ ၂ ရက်နေ့ကပင်
တံတားအခန်း ၁၂၂ ခန်းမှ တိုင်လုံးတစ်လုံးကျိုးခဲ့ကြောင်း၊ အထက် ဖော်ပြပါ အဖွဲ့များနှင့် ငှက်လှေ
အသင်းမှ အဖွဲ့ဝင်များပါဝင်လျက် တံတားကြံ့ခိုင်မှု မကောင်းသော အပိုင်းတချို့ကို တပိုင်တနိုင်
ပြုပြင်ပေးကြကြောင်း၊ ယခုနှစ်တွင် ကျပ် ဆယ်သိန်းကျော်ဖိုး ရှိပြီဖြစ်ကြောင်း ပြော သည်။

"အခု ငှက်လှေ ၄၇ စီးရှိတာမှာ သင်္ကြန်တွင်း လူစည်ချိန်မျိုးဆို လည်ပတ်သူတွေ အန္တရာယ်
ကင်းစေဖို့ ကျွန်တော်တို့ ငှက်လှေခတ်သမားတွေလည်း တာဝန်ရှိသူတွေနဲ့ ပူးပေါင်း စောင့်ကြည့်
ပေးရပါတယ်။ တချို့အပျော်လွန်တဲ့သူတွေက တံတားပေါ်မှာ ခုန်ကြ၊ နှဲ့ကြတာတွေ ရှိတော့
အန္တရာယ်များလွန်းတယ်။ မနှစ်ကဆို သင်္ကြန်တွင်းမှာ တံတားပေါ်က ခြောက်ယောက် ပြုတ်ကျ
တယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ကနေ အခုထိဆို အကြောင်းအမျိုးမျိုးကြောင့် ပြုတ်ကျတဲ့သူက အနည်း
ဆုံး ၁၃ ယောက်လောက် ရှိပါတယ်။ ပြုတ်ကျရင်ပြီဆို အနည်းဆုံး ကျိုးရင် ကျိုး၊ ဒါမှမဟုတ်ရင်
အသက်ဆုံးတာပဲ"ဟု ဦးစိုးဝင်းက ယခုလ ၁၀ ရက်တွင် တယ်လီဖုန်း ဖြင့် မေးမြန်းရာ၌ ပြောသည်။

ဦးပိန်တံတား အခန်းတချို့မှာ ပြီးခဲ့သော ၂၀၀၄ ခုနှစ်ရေတက်ချိန်က ပျက်စီးမျောပါ ခဲ့ဖူးကာ
ယခုအခါ သစ်သားတံတား၏ အချို့ အခန်းများကို ကွန်ကရစ်တိုင်များဖြင့် အစားထိုး ထားသည်။

ဖြိုးဝေကျော်နှင့် လှိုင်ကျော်စိုး

မြန်မာတိုင်း(မ်)




နတ်ချစ်အောင် နေပါ



        တစ်ခါတုန်းကပေါ့ မြို့သစ်တစ်ခု တည်ဆောက်ဖို့ လူတွေလုံးပန်းနေကြတယ်။ ပါဋလိပုတ်မြို့လို့ခေါ်တယ်။ ဦးဆောင် တဲ့သူက သုနိဓ၀ဿာကာရလို့ခေါ်တဲ့ အမတ်ပေါ့။ ခံတပ်မြို့တည်ဆောက်ကြတာပါ။ မြေနေရာတွေ ပြင်ဆင်နေကြတယ်။ ဘုရင်နေရာ၊ မူးမတ်နေရာ၊ အရာရှိနေရာ၊ အရာခံနေရာ စသည် ရာထူးအဆင့်ဆင့်အလိုက် နေရာတွေ ခွဲပြီး တည်ဆောက် ကြတယ်။ အဲဒီအချိန်မှာ ကောင်းကင်က နတ်တွေကလည်း မြို့သစ်တည်ဆောက်တဲ့နေရာမှာ ရာထူးအဆင့်ဆင့် အလိုက် နေရာယူကြတယ်။ နတ်တွေနဲ့ လူတွေ တိုင်ပင်ထားသလားအောက်မေ့ရတယ်။

       ဘုရားရှင်ကိုယ်တော်မြတ်ကလည်း အဲနေရာကို ရောက်ရှိနေတဲ့အချိန်။ မနက်စောစော ဒိဗ္ဗစက္ခုဥာဏ်နဲ့ ကြည့် လိုက်တော့ နတ်တွေနဲ့လူတွေ မြို့သစ်တည်ဆောက်လို့ နေရာအသီးသီးယူကြတာကို မြင်တော်မူပါတယ်။ အာန္ဒာကိုမေး တယ်။ အာနန္ဒာက "အရှင်ဘုရား မြို့ဖန်ဆင်းနေကြတာပါဘုရား"။ အေး မြို့ဖန်ဆင်းတာက နတ်တွေနဲ့ တိုင်ပင် ဖန်ဆင်းနေ ကြသလိုပဲ။ အာနန္ဒာ ပါဋလိပုတ်မြို့ဟာ နောင်တစ်ချိန်မှာ အရိယာတွေရဲ့နေရာ ဖြစ်ပြီး ကျက်သရေရှိတဲ့ မြို့ ဖြစ်လိမ့်မယ်။
နောက်နေ့ရောက်တော့ အမတ်ကြီးက ဘုရားရှင်ကို မြို့သစ်နေရာမှာ ဆွမ်းစားပင့်တယ်။ ဘုရားရှင်ကိုယ်တော်မြတ် ဆွမ်း စားပြီးတဲ့အခါမှာ အမတ်နဲ့တကွ အားလုံးကို တရားချီးမြင့်တော်မူပါတယ်။

        "အေး-- အခုလို မြို့သစ်နေရာမှာ သံဃာတော်တွေကို ဆွမ်းကပ်လို့ တရားနာကြတယ်ဆိုတာ ကောင်းမြတ်တဲ့ အလုပ် ပါ။ နောက်ပြီး ဒီနေရာသစ်မှာ တည်ရှိနေတဲ့ နတ်တွေကို အမျှအတန်းပေးကြတယ်။ နတ်နဲ့လူ အပြန်အလှန် မေတ္တာ ဓာတ်တွေနဲ့ စောင့်ရှောက်နေကြတယ်။ အမတ်တို့.... နတ်တွေကို အမျှပေးဝေခြင်း၊ မေတ္တာပို့သခြင်းဖြင့် ပူဇော်နေကြ သူတွေကို နတ်တွေကလည်း ပြန်ပြီး စောင့်ရှောက်လေ့ရှိကြတယ်။ ဘယ်နေရာရောက်ရောက် လိုက်ပါစောင့်ရှောက်ကြတယ်။ မိခင်ဟာ သားအရင်းကို စောင့်ရှောက်သလိုပဲ နတ်တွေကလည်း သင်တို့ကို စောင့်ရှောက်လိမ့်မယ်။ နတ်တွေ ရဲ့ စောင့်ရှောက်မှုကို ခံရတဲ့သူတွေဟာ ကောင်းတဲ့အာရုံတွေနဲ့ပဲ တွေ့ကြုံရပါတယ်။" လို့ ဘုရားရှင်က အနုမောဒနာ တရား ဟောတော်မူလိုက်ပါတယ်။

        စာဖတ်သူများ သတိပြုဖို့က မိမိတို့နေရာတိုင်းမှာ နတ်တွေရှိတယ်ဆိုတာပါပဲ။ နတ်တွေကို ကုသိုလ်လုပ်တိုင်း အမျှပေးပါ။ ဘုရားရှိခိုးပြီးတိုင်း အမျှပေးပါ။ တကယ့်စိတ်ထဲက မေတ္တာဓာတ်တွေနဲ့ကို လှိုက်လှိုက်လှဲလှဲပို့လိုက်ပါ။ မိမိတို့ ဘယ်နေရာ ဘယ်နိုင်ငံရောက်ရောက် ပတ်ဝန်းကျင်နတ်ကောင်းနတ်မြတ်များက စောင့်ရှောက်ပါလိမ့်မယ်။


ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ

နှစ်လခွဲအတွင်း အကျင့်ပျက်ယာဉ်ထိန်းရဲအရာရှိနှင့် အခြားအဆင့် ၁၇ ဦး အရေးယူ


ယာဉ်ကြောရှင်းလင်းပေးနေသော ယာဉ်ထိန်းရဲတစ်ဦး ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အကျင့်ပျက် ယာဉ်ထိန်းရဲ အရာရှိနှင့် အခြားအဆင့်ရှိသူ စုစုပေါင်း ၁၇ ဦးကို နှစ်လခွဲအတွင်း အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

‘‘အကျင့်ပျက်တယ်ဆိုတာထက် စည်းကမ်း ဖောက်ဖျက်တဲ့ သူတွေပေါ့။ ဘာတွေ ကျူးလွန်ခဲ့လို့လဲတော့ အသေးစိတ်မပြောတော့ပါဘူး။ တပ်သားပဲဖြစ်ဖြစ်၊ အရာရှိပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်တယ်ဆိုရင်တော့ အရေးယူပါတယ်’’ဟု အမှတ်(၂) ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး လင်းထွဋ်ကပြောသည်။
         
ဇန်နဝါရီ ၁ ရက်မှ မတ်လ ၁၅ ရက်အထိ ယာဉ်ထိန်းအရာရှိအဆင့်ရှိသူ လေးဦးနှင့် အခြားအဆင့်ရှိသူ ၁၃ ဦးကို အရေးယူခဲ့သည်။
         
‘‘ကျူးလွန်တဲ့သူတွေကို ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ပဲ အရေးယူပါတယ်။ သူတို့ကျူးလွန်တဲ့အမှုအမျိုးအစားကိုလိုက်ပြီးတော့ ပြစ်ဒဏ်တွေမတူညီပါဘူး။ ဘာအမှုနဲ့ ဘယ်သူဘယ်လောက်အရေးယူခံရတယ်ဆိုတာတော့ အသေးစိတ်ပြောလို့မရပါဘူး’’ဟု ယာဉ်ထိန်းရဲအရာရှိတစ်ဦးက ပြောသည်။
         
ပြီးခဲ့သည့် ဖေဖော်ဝါရီက ဖြစ်ပွားခဲ့သော  တာဝန်ထမ်းဆောင်နေစဉ် သရုပ်ဆောင်တစ်ဦး၏ ရိုက်နှက်ခြင်းခံရသည်ဆိုသော ယာဉ်ထိန်းရဲတပ်ကြပ်ကြီးတစ်ဦး၏ဖြစ်စဉ်ကို လက်ရှိတွင် စစ်ဆေးနေဆဲဖြစ်၍ အဆိုပါရဲတပ်ကြပ်ကြီးကို တစ်စုံတစ်ရာ အရေးယူခြင်းမရှိသေးကြောင်း သိရသည်။
           
‘‘တပ်ကြပ်ကြီးသောင်းဒန်အမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေဆဲဖြစ်တဲ့အတွက် အရေးယူထားတာမရှိပါဘူး။ နှစ်ဖက်စလုံးက မှန်တယ်ချည်းပဲ ပြောနေတော့ သေသေချာချာ စစ်ဆေးနေပါတယ်။ ကိုယ့်ဘက်က မှားနေရင်လည်း အကာအကွယ်ပေးမှာမဟုတ်သလို၊ ဟိုဘက်ကမှားရင်လည်း အရေးယူမှာပါ’’ဟု ဒုတိယရဲမှူးကြီးလင်းထွဋ်ကပြောသည်။
           
အဆိုပါယာဉ်ထိန်းရဲတပ်ကြပ်ကြီး အရိုက်ခံရသည့်အမှုနှင့် ပတ်သက်၍ နှစ်ဖက်စစ်ဆေးဆဲ အခြေအနေသာ ရှိသော်လည်း ရဲမှူးအဆင့်နှင့် ဒုရဲမှူးအဆင့်ရှိသော ယာဉ်ထိန်းရဲအရာရှိနှစ်ဦးကိုမူ ရဲစည်းကမ်းဥပဒေဖြင့် အရေးယူမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
         
‘‘ထူးခြားဖြစ်စဉ်ဆိုရင် ဖြစ်ပွားပြီး သုံးနာရီအတွင်း အထက်ကိုတင်ပြရမှာဖြစ်ပေမယ့် ကာလအတော်ကြာ ဖုံးကွယ်ထားတဲ့အတွက် အရေးယူတာပါ။ သတင်းကိုဖုံးကွယ်ပြီး အထက်ကိုမတင်ပြဘဲ ကျိတ်ပြီးဖြေရှင်းနေတဲ့အတွက်ပါ’’ဟု ယာဉ်ထိန်းရဲအရာရှိတစ်ဦးကလည်း ပြောသည်။
         
၂၀၁၃ ခုနှစ်က ရန်ကုန်မြို့အတွင်း တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအနက် အကျင့်ပျက် စည်းကမ်းပျက်ကွက်သည့် ယာဉ်ထိန်းရဲအရာရှိ ၁၄ ဦးနှင့် အခြားအဆင့် ၃၆ ဦးကို အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Author: ဇွဲမာန်
7DAY DAILY




Showroomများက ၀ယ်ရောင်းသမားများအပေါ် သက်ရောက်မှုဖြစ်စေ


လက်ရှိ ပြည်တွင်း ကားဈေးကွက်ရဲ့ ကြီးမား ကျယ်ပြန့်လာမှု အခြေအနေဟာ အရင်နှစ်တွေကနဲ့ စာရင် ပမာဏ များများစားစား တိုးတက်ကောင်းမွန်လာတာ ဖြစ်ပြီး အဲဒီလို တိုးတက်ကောင်းမွန်လာတဲ့ ကားဈေးကွက်ကြောင့်လည်း နောက်ပိုင်းမှာ Brand New Car Showroomတွေရော Used Car Showroomတွေပါ ဖွင့်လှစ်ရောင်းချလာတာ တွေ့နိုင်ပါတယ်။ အရင်က ကားရောင်းဝယ်လောကမှာ Showroomဖွင့်လှစ်လုပ်ကိုင်တဲ့ သူတွေထက် အရေးပါတဲ့ သူတွေက ကားဝယ်ရောင်းသမားတွေ ဖြစ်ပြီးတော့ ဈေးကွက်ကားဝယ်ရောင်း ကဏ္ဍတစ်ခုလုံးရဲ့ ရာခိုင်နှုန်း ၈၀လောက်ထိအောင် ၀ယ်ရောင်းသမားတွေ လက်ထဲမှာ ပွဲဖြစ်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ ပြည်တွင်း ကားဈေးကွက်အတွင်းကို Branded Showroomတွေ အပါအ၀င် Used Car Showroomတွေ အများအပြား ဖွင့်လှစ်ရောင်းချလာတာကြောင့် ၀ယ်ရောင်းသမားတွေ အတွက် အရောင်းအ၀ယ်ပိုင်း ဆိုင်ရာ သက်ရောက်မှုတွေ ဖြစ်လာစေတယ်လို့ မင်းရဲကျော်စွာ ကားရောင်းဝယ်ရေး စခန်းက ကားဝယ်ရောင်းသမား တစ်ဦး ဖြစ်တဲ့ ကိုမျိုးက ပြောပါတယ်။

“အရင်က ကားဝယ်ချင်တယ်ပဲ ဖြစ်ဖြစ်၊ ရောင်းချင်တယ်ပဲ ဖြစ်ဖြစ်၊ သေချာတာက ပွဲစား ဒါမှမဟုတ် ၀ယ်ရောင်းသမား တစ်ယောက်ယောက်နဲ့ ချိတ်ကို ချိတ်ပြီး လုပ်ရတယ်၊ ဒီတော့ ဈေးကွက်တစ်ခုလုံးက ကျွန်တော်တို့လက်ထဲမှာပဲ ရှိနေတာ၊ အခုနောက်ပိုင်းကျတော့ Used Carတွေ ရောင်းတဲ့ Showroomတွေကလည်း အများကြီး ဖြစ်လာနေသလို Brand Newတွေလည်း တရားဝင် တင်သွင်းရောင်းချလာတော့ ကျွန်တော်တို့လို ၀ယ်ရောင်းသမားတွေ အတွက် အရင်ကလောက် ဈေးကွက် မရတော့သလို အဆင်မပြေတော့ဘူး။ အလွယ်ပြောရမယ် ဆိုရင် အရင်က ကျွန်တော် သိသလောက် ဒီပတ်ဝန်းကျင်မှာ တစ်ပတ်ကို ကားဆယ်စီးကနေ အစီးနှစ်ဆယ်လောက်ထိအောင် အရောင်းအ၀ယ် ဖြစ်ပေမယ့် အခုနောက်ပိုင်းမှာက အရောင်းအ၀ယ် တော်တော်လေး အေးသွားတယ်၊ ဒါက ကျွန်တော် သိသလောက်ကို ပြောတာနော်၊ ကားရောင်းဝယ်ရေး စခန်းကြီး တစ်ခုလုံးကိုတော့ မဆိုလိုဘူး၊ ဒါပေမယ့် သေချာတာက ၀ယ်ရောင်းသမားတွေရဲ့ ဈေးကွက်တစ်ခုလုံး အေးသွားတာတော့ အမှန်ပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် အခုနောက်ပိုင်း ၀ယ်ရောင်းလောကမှာတင် မဟုတ်ပဲ ပွဲစားလောကမှာပါ အရောင်းအ၀ယ် အေးလာကြောင်း ဗဟန်းမြို့နယ်အတွင်း နေထိုင်တဲ့ ကားပွဲစားတစ်ယောက်ဖြစ်တဲ့ ကိုအောင်သူက ဆိုပါတယ်။ “၀ယ်ရောင်းဆိုတာက ငွေရင်းစိုက်ထုတ်ပြီး ချိုချိုချောင်ချောင်ရမယ့် ကားကို ရှာဝယ်၊ ပြန်ရောင်းဆိုတာမျိုး လုပ်နေရသေးတယ်၊ ပွဲစားဆိုတာက ဘယ်သူက ဘယ်ကားရောင်းချင်တယ်၊ ဘယ်သူက ဘယ်ကားဝယ်ချင်တယ် ဆိုတာမျိုး သိထားရုံနဲ့ အလုပ်ဖြစ်နိုင်တဲ့ သဘောပါ၊ ဒါပေမယ့် အခုနောက်ပိုင်းမှာက ကားဝယ်လက်တိုင်းလိုလို Showroomတွေဘက်ပဲ ခြေဦးလှည့်ချင်နေကြတယ်၊ ဈေးကွက်မှာ ပွဲစားနဲ့ ဖြစ်ဖြစ်၊ ၀ယ်ရောင်းနဲ့ ဖြစ်ဖြစ် အရောင်းအ၀ယ် သိပ်မလုပ်ချင်တော့ဘူး၊ အဲ..တစ်ခုတော့ ရှိတယ်၊ မော်ဒယ်နိမ့်သွားလို့ ဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုနဲ့ ပြန်ထုတ်ချင်တဲ့ ကားတွေကိုတော့ ပွဲစားတွေနဲ့ ချိတ်ပြီး ပြန်ရောင်းကြတယ်၊ ဒါပေမယ့် ၀ယ်လက်က ရှားတော့ ပွဲမဖြစ်ချင်ဘူး”လို့ ကိုအောင်သူက ရှင်းပြပါတယ်။

အခုနောက်ပိုင်း ကာလတွေမှာ ကားဝယ်ရောင်းသမားတွေ အပါအ၀င် ကားပွဲစားများ အနေနဲ့ အရောင်းအ၀ယ်ဖြစ်ဖို့ရာ နယ်ဈေးကွက်ကို အားကိုးနေရကြောင်းလည်း သီရိမင်္ဂလာကားရောင်းဝယ်ရေး စခန်းက ကားဝယ်ရောင်းသမား တစ်ဦး ဖြစ်တဲ့ ကိုညီညီက ဆိုပါတယ်။ “ရန်ကုန်လို အတိုင်းအတာမှာက ကားဝယ်ချင်သူတွေ၊ ရောင်းချင်သူတွေ ပေါပေမယ့် Showroomတွေဘက်ကိုပဲ ဦးတည်နေကြတော့ ကျွန်တော်တို့လို ကားဝယ်ရောင်းသမားတွေက နယ်ဘက်က ၀ယ်လက်ကိုပဲ အားကိုးနေရတယ်။ နယ်ဝယ်လက်တွေက Showroomတွေဘက် အသွားနည်းတယ်၊ နောက်ပြီး ကိုယ့်မိတ်နဲ့ ကိုယ် ချိတ်ထားမယ် ဆိုရင် နယ်ဝယ်လက်တစ်ယောက် ကားဝယ်မယ် ဆိုတာနဲ့ ကိုယ့်ဆီကို ရောက်လာတာပဲ၊ တကယ်တမ်းလည်း အခုနောက်ပိုင်း ပြင်ပ ကားဝယ်ရောင်းလောကမှာ နယ်ဝယ်လက်တွေနဲ့ပဲ အရောင်းအ၀ယ် အဖြစ်များတယ်”လို့ ပြောပါတယ်။ လက်ရှိ ဈေးကွက်အတွင်းမှာ Showroomတွေ နေရာရလာမှုကြောင့် နောက်ပိုင်းမှာ ကားဝယ်ရောင်းသမားများရဲ့ ကဏ္ဍနဲ့ ပွဲစားများရဲ့ နေရာရမှု လျော့နည်းပျောက်ဆုံးသွားနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုပါတယ်။

လင်းလင်း (IA)
TechSpace Journal

WordPress ဆိုက် ၁၆၂,၀၀၀ မှ DDos တိုက်ခိုက်မှု ဖြစ်ပွားခဲ့


ဟက်ကာတစ်ဦးသည် သံသယဖြစ်ဖွယ်ရှိသော WordPress ဆိုက်များကို အသုံးပြုပြီး နာမည်ကျော် ဝက်ဘ်ဆိုက်တစ်ခုကို နာရီပေါင်းအတန်ကြာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လုံခြုံရေး သုတေသီများကမူ ဟက်ကာများသည် တရားဝင် WordPress ဝက်ဘ်ဆိုက် ၁၆၂,၀၀၀ ကျော်ကို အသုံးပြုပြီး အခြားဝက်ဘ်ဆိုက်တစ်ခုအား distributed-denial-of-service ဖြင့်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လုံခြုံရေးကုမ္ပဏီက Sucuri ကဟက်ကာများသည် သံသယဖြစ်ဖွယ်မရှိသော ဝက်ဘ်ဆိုက်များကို ထိန်းချုပ်ပြီး တိုက်ခိုက်နိုင်သည့် WordPress ရှိအားနည်းချက်ကို သေချာနားလည် သိရှိထားသူများဖြစ်ကြောင်း၊ သို့သော်လည်း နာရီပေါင်းများစွာ DDoS တိုက်ခိုက်မှုခံရသည့် နာမည်ကျော် WordPress ဆိုက်ကိုအသေအချာ မသိရှိရသေးကြောင်း ဆိုခဲ့သည်။

အဆိုပါ DDoS တိုက်ခိုက်မှုသည် ကြီးမားသည့် HTTP-based (layer 7) distributed flood တိုက်ခိုက်မှုဖြစ်ပြီး ၎င်းတို့၏ဆာဗာထံ တစ်စက္ကန့်လျှင် request ရာပေါင်းများစွာ ပေးပို့နိုင်ကြောင်း Sucuri မှ နည်းပညာအရာရှိချုပ် Daniel Cid ကပြောကြားခဲ့သည်။

တစ်စက္ကန့်လျှင် request ရာပေါင်းများစွာပေးပို့ခြင်းသည် မကြာမီကဖြစ်ပွားခဲ့သည့် DDoS တိုက်ခိုက်မှုများနှင့် နှိုင်းယှဉ်လျှင် ဆိုးရွားခြင်းမရှိပေ။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် Namecheap နှင့် CloudFlare တို့ကိုတိုက်ခိုက်ခဲ့သည့် DDoS တိုက်ခိုက်မှုများသည် တစ်စက္ကန့်လျှင် 100 gigabits မှ 400 gigabits အထိရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို လူတစ်ဦးတစ်ယောက်တည်းမှ ပြုလုပ်ခဲ့ခြင်းသည် ထူးခြားကြောင်း Cid ကပြောကြားခဲ့သည်။



-နောင်နောင်
Ref: CNET
Internet Journal

AGTI မှ B.Tech နှင့် B.Tech မှ B.E ပေါင်းကူး ဝင်ခွင့် စာမေးပွဲ ကျင်းပမည့်ရက် ထုတ်ပြန်


 သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ နည်းပညာ တက္ကသိုလ်၊ကောလိပ်၊ သိပ္ပံများတွင် ဖွင့်လှစ် သင်ကြားလျက်ရှိသော AGTI/BTech သင်တန်း အသီးသီး၏ ပေါင်းကူးဝင်ခွင့် စာမေးပွဲများ ကျင်းပ မည့် ရက်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

၂၀၁၀-၂၀၁၁၊ ၂၀၁၁-၂၀၁၂  နှင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်များ၏ အတန်းတင် စာမေးပွဲများတွင် အောင်မြင်ခဲ့ပြီး တစ်ဆင့်မြင့် သင်တန်းများသို့ ဆက်လက်တက်ရောက်ခွင့် မရခဲ့သော ကျောင်းသား၊ ကျောင်း သူများ အတွက် ဝင်ခွင့်စာမေးပွဲများကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပပေးသွားမည် ဖြစ်ကြောင်း သိရသည်။ အင်္ဂလိပ်စာနှင့် Major Subject များကို ဖြေဆိုရမည်ဖြစ်သည်။ အင်္ဂလိပ်စာ ဘာသာရပ်ကို   ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် လည်းကောင်း၊ Major Subject ကို  ဇူလိုင်လ ၂၇ ရက်တွင်လည်းကောင်း အသီးသီးဖြေဆိုရမည် ဖြစ်သည်။

ဖြေဆိုခွင့် လျှောက်လွှာများကို အောင်မြင်ခဲ့သည့် တက္ကသိုလ်များတွင်  ရယူနိုင်ပြီး AGTI လက်မှတ်၊  B.Tech ဘွဲ့လက်မှတ်မူရင်း (သို့ မဟုတ်) ထောက်ခံစာ၊ မှတ်ပုံတင် မိတ္တူ၊ ပတ်စ်ပို့ဓာတ်ပုံ ၄  ပုံတို့နှင့်   ကိုယ် တိုင်၊ မိဘ၊ အရာရှိ၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာနှင့် တကွ ၂၀၁၄ ခုနှစ် မတ် လ ၁၀ ရက်မှ ဧပြီ ၈ ရက် နောက်ဆုံးထား၍ လျှောက်ထားရမည် ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန မှ ကြေညာချက် ထုတ်ပြန်ထားသည်။

ကျောင်းသားရေးရာဌာန၊ စက်မှုနှင့် သက်မွေး ပညာဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော် ဖုန်း-၀၆၇- ၄၀၄၁၈၂ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

ဝေဝေ
Internet Journal

NATO ဝက်ဆိုက်များကို ယူကရိန်း ဟက်ကာများ တိုက်ခိုက်ခဲ့


ရုရှားကို ထောက်ခံသူ ယူကရိန်း ဟက်ကာများသည် ခရိုင်းမီးယား ကျွန်းဆွယ်၌ စစ်တပ်များ ဝင်ရောက် ကျူးကျော်မှုများ အကြား တင်းမာမှု ဖြစ်ပေါ်နေစဉ်အတွင်း NATO ဝက်ဆိုက်များကို ပြုလုပ်သည့် ဆိုက်ဘာ တိုက်ခိုက်မှု အတွက် ၎င်းတို့တွင် တာဝန်ရှိကြောင်း ပြောကြားလိုက်သည်။

Cyber Berkut ဟုခေါ်ဆိုသည့် ဟက်ကာအဖွဲ့သည် ပြီးခဲ့သည့် စနေနေ့က NATO ၏ အဓိကစာမျက်နှာကို တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ၎င်းသည် NATO ၏ ဆိုက်ဘာ ကာကွယ်ရေးစင်တာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အဆိုပါ အဖွဲ့က NATO ၏ ကိုယ်စားပြုနိုင်ငံများ စုဝေးခြင်းအတွက် ဆိုက်ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားလိုက်သည်။

NATO ၏ပြောရေးဆိုခွင့်ရှိသူ Oana Lngescu က NATO ဆိုက်များသည် ထင်သာမြင်သာရှိသော distributed-denial-of-service (DDoS) ၏ ပစ်မှတ်တစ်ခု ဖြစ်သော်လည်း စနစ်များကို မထိခိုက်ခဲ့ဘဲ ကျွမ်းကျင် ပညာရှင်များက ပုံမှန် အနေအထား ရောက်ရှိအောင် လုပ်ဆောင်လျက်ရှိကြောင်း Twitter ပေါ်တွင် အတည်ပြု ပြောကြား သွားခဲ့သည်။

Ref: CNET
Internet Journal

မြန်မာ့လေကြောင်း ဝန်ထမ်းအိမ်တွင် ရတနာပစ္စည်းများ ဖောက်ထွင်းခံရ




ရန်ကုန်၊ မတ် ၁၆
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၅) ရပ်ကွက်၊ ပြည်ထောင်စု လမ်းရှိ မြန်မာလေကြောင်းမှ လက်ထောက် ကြီးကြပ်ရေးမှူး၏ နေအိမ်တွင် မတ်လ ၁၅ ရက် (တပေါင်း လပြည့်နေ့) ညနေ ၅ နာရီ ခန့်က မိသားစုများ ရွှေတိဂုံ ဘုရားဖူး သွားနေချိန် ကျပ်သိန်း ၃၀၀ ကျော်ဖိုး လက်ဝတ်ရတနာ ပစ္စည်းများ ဖောက်ထွင်း ခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
အဆိုပါ အရာရှိနှင့် ၎င်း၏ မိသားစုဝင်များက ယင်းနေ့ နေ့လယ်ပိုင်းတွင် အိမ်တံခါး သော့ပိတ်ပြီး ရွှေတိဂုံ ဘုရားဖူး သွားခဲ့ပြီးနောက် အိမ်ပြန်ရောက်စဉ် နေအိမ် ခြေရင်းဘက်ရှိ ပြတင်းပေါက်၌ တပ်ဆင်ထားသော သံတိုင်၊ သံဆန်ခါများ ပျက်စီးလျက် ရှိပြီး အိပ်ခန်းအတွင်း ဗီရိုတွင် သိမ်းဆည်းထားသော ကျပ် ၃၀၂ သိန်းကျော်ရှိ လက်ဝတ် ရတနာ ပစ္စည်းများ ပျောက်ဆုံးနေကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
အဆိုပါ ပျောက်ဆုံးခဲ့သော လက်ဝတ် ရတနာ ပစ္စည်းများမှာ စိန်စီထားသော နာရီ၊ ပတ္တမြား နားကပ်တစ်ရန်၊ စိန်နားကပ် တစ်ရန်၊ ရွှေအခေါက်တုံး တစ်တုံး၊ ရွှေဆွဲကြိုး၊ ရွှေနားကပ်၊ ရွှေနာရီ အပါအဝင် လက်ဝတ် ရတနာ ပစ္စည်း ၁၃ မျိုး ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။
“ပြတင်းပေါက်က သံတိုင်ကို သံဖြတ်လွှနဲ့ ဖြတ်ပြီး အိမ်ထဲက ပစ္စည်းတွေ အကုန်လုံး မွှေနှောက်ရှာပြီးမှ တန်ဖိုးကြီး လက်ဝတ် လက်စားတွေကို ယူသွားတာ။ အိမ်ဖောက်ထွင်းမှုနှင့် ပတ်သက်ပြီး မသင်္ကာသူတွေကို ခေါ်စစ်ဆေးနေတယ်” ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
သိန်းသုံးရာကျော် လက်ဝတ်ရတနာများ ဖောက်ထွင်းမှုနှင့် ပတ်သက်၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မ ရဲစခန်းမှ (ပ)၂၃၉/၁၄၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

The Voice Weekly

Mobile Banking ကိုယ်စားလှယ် ဆောင်ရွက်လိုပါက သတ်မှတ်ကိုယ်ပိုင်ငွေကြေးတစ်ခုကို ဘဏ်တွင် အပ်ထားနိုင်ရမည်ဟုဆို


Mobile Banking ကိုယ်စားလှယ် ဆောင်ရွက်လိုပါက သတ်မှတ်ကိုယ်ပိုင်ငွေကြေးတစ်ခုကို ဘဏ်တွင် အပ်ထားနိုင်ရမည်ဖြစ်ကြောင်းဟု သမဝါယမဘဏ်၏ ဒုတိယအထွေထွေမန်နေဂျာ ဦးဦးသိန်းမြင့်က ပြောသည်။

ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ရန်မှာ အများပြည်သူအပေါ်၌ ရိုးသားရန်လိုအပ်ကြောင်း ဆိုသည်။ “လုပ်လိုတဲ့သူတွေအနေနဲ့ အများပြည်သူပေါ်မှာ ရိုးသားဖို့လိုတာပေါ့။ စီးပွားရေးကောင်းသလားဆိုတာ ကြည့်ရတယ်။ ဆိုင်တစ်ဆိုင်တော့ ရှိရမယ်လေ။ အဲဒီလူက အနည်းဆုံးဘဏ်မှာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ငွေကြေးတစ်ခု အပ်ထားနိုင်ရမယ်။ သတ်မှတ်ချက်ကတော့ သူ သိန်း၁၀၀ လောက် လည်ပတ်ချင်တယ်ဆိုရင် သိန်းတစ်ရာတော့ ထည့်ထားရမယ်လေ။ ဘာလို့လဲဆိုတော့ သူ့အကောင့်က နှုတ်ပြီးတော့ သူများကိုလွှဲပေးမှာကိုး။ အဲဒီနည်းနဲ့ လုံခြုံရေးကို ထိန်းထားတယ်” ဟု ပြောကြားသည်။ အများပြည်သူ ယုံကြည်စိတ်ချရသောသူ၊ ဘဏ်မှ ယုံကြည်စိတ်ချရသောသူဆိုပါက မိုဘိုင်းဘဏ်စနစ် ကိုယ်စားလှယ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းဘဏ်လုပ်ငန်း ဆောင်ရွက်ရန်အတွက် လုပ်ငန်းတစ်ခုပြရန် လိုအပ်ကြောင်း မိုဘိုင်းဘဏ်ကိုယ်စားလှယ်အဖြစ် လျှောက်ထားသူတစ်ဦးက ပြောသည်။ “ဆိုင်ခန်းရှိရမယ်လို့ သတ်မှတ်ထားပါတယ်။ လုပ်ငန်းဓာတ်ပုံသုံးပုံ၊ လုပ်မယ့်နေရာရဲ့ဓါတ်ပုံ၊ လုပ်ငန်းလိုင်စင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ မှတ်ပုံတင်မိတ္တူတွေနဲ့ နီးစပ်ရာ ဘဏ်မှာ လျှောက်ထားရတာပါ” ဟု သမဝါယမဘဏ်တွင် လျှောက်ထားခဲ့သည့် ယင်းကပြောသည်။ မိုဘိုင်းဘဏ်လုပ်ငန်းကို ပြည်တွင်းဘဏ်အချို့မှ စတင်အကောင်အထည်ဖော်လျှက်ရှိသည်။ မိုဘိုင်းဘဏ်စနစ်ဆောင်ရွက် ချက်တစ်ခုအနေဖြင့် Mobile Banking Application ကို ဖြန့်ချိပေးလျက်ရှိကြောင်း၊ အွန်လိုင်းမှလည်း ရယူနိုင်ကြောင်း AGD Bank မှ မေးမြန်းသိရှိရသည်။

“မိုဘိုင်းဘဏ်စနစ်လုပ်ချင်တဲ့သူက ဘဏ်ကိုလာရမယ်။ သတ်မှတ်တဲ့ ဖောင်တွေဖြည့်ရမယ်။ ဖြည့်ပြီးမှ Saving Account သို့မဟုတ် Current Account ဖွင့်ရမယ်။ အဲ့လိုဖွင့်တဲ့အခါကျရင် Saving စာအုပ်ပေးမှာပေါ့လေ။ Current ဆိုရင် ချက်စာအုပ်ပေးမယ်။ အဲ့ဒီလူဟာ မိုဘိုင်းဌာနမှာ သွားပြီးတော့ အဲဒီဆော့ဖ်ဝဲ Application ကို ထည့်ရမယ်။ အဲ့လိုထည့်ပေးလိုက်တာနဲ့ Pin ကုတ်ပေးမယ်။ အဲ့လိုပေးလိုက်တာနဲ့ သူ့ Saving အကောင့်မှာ ထုတ်လို့ရမယ်။ Current မှာရှိတဲ့ အကောင့်ကို ထုတ်လို့ရတယ်။ အဝေးတစ်နေရာကနေ ကြည့်လို့ရတယ်။ အကောင့်လွှဲတာတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်” ဟု ဘဏ်တစ်ခု၏ တာဝန်ရှိသူက ရှင်းပြသည်။ ATM အကောင့်များကိုလည်း ငွေလွှဲနိုင်မည်ဖြစ်ကြောင်း၊ Master, Visa ကတ်များတွင် ငွေကုန်ပါက မိုဘိုင်းဘဏ် စနစ်ကိုသုံးကာ Master, Visa ရှိ အကောင့်ကို ဖြည့်စွက်၍ရမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

“မိုဘိုင်းဘဏ်က ATM, POS တွေထက် ဘာသာလဲဆိုတော့ ATM, POS ထဲတို့မှာ အဲဒီကိုသွားနေရတယ်လေ။ မိုဘိုင်းဘဏ်စနစ်ကျတော့ ကိုယ့်အိတ်ထဲမှာ အမြဲတမ်းရှိတဲ့အတွက် အချိန်တိုင်းမှာ လွှဲလို့ရတယ်။ ကိုယ့်အကောင့်က လွှဲလို့ရသလို သူများအကောင့်ကိုလည်း လွှဲလို့ရတယ်” ဟု ဦးဦးသိန်းမြင့်က ပြောသည်။ သမဝါယမဘဏ်အနေဖြင့် မိုဘိုင်းဘဏ်လုပ်ငန်းအတွက် ကိုယ်စားလှယ်လုပ်ကိုင်လိုသူများအား ဖိတ်ခေါ်ထားခြင်းဖြစ်သည်။


ထွန်းထွန်း
Internet Journal

သက်လတ်ပိုင်းအရွယ်တွင် ပရိုတိန်းများလွန်းခြင်းကဆေးလိပ်သောက်ခြင်း ကဲ့သို့ ဆိုးရွား


အနည်းဆုံး အသက်ကြီးသည်အထိ ပရို တိန်းပါဝင်မှု နိမ့်သောအစာများ စားခြင်းက ကျန်းမာသက်ရှည်ရေးအတွက် အဓိကကျနိုင် ကြောင်း လေ့လာမှု အသစ်နှစ်ခုက သုံးသပ် ထားသည်။
ကျန်းမာရေးနှင့်ညီသော အစားအစာ တစ်ခုတွင် မည်သည်တို့ ပါဝင်သည်ကို ဆုံး ဖြတ်ချိန်တွင် ကယ်လိုရီပါဝင်မှုကိုသာမက အ ဆိုပါကယ်လိုရီများ မည်သည့်နေရာ ဥပမာ-တိရစ္ဆာန်များ သို့မဟုတ် အပင်များထံမှ လာ သည်ကို စစ်ဆေးရန်လိုကြောင်း လေ့လာမှုများ တွင် ဖော်ပြခဲ့သည်။
ပရိုတိန်း မြင့်မားစွာပါဝင်သော အစား အစာတစ်ခုသည် ရေတိုကာလ၌ ကိုယ်အလေး ချိန်နှင့် အဆီများကို လျော့ကျစေနိုင်သော် လည်း ရေရှည်၌ ကျန်းမာရေးကို ထိခိုက်စေနိုင် ပြီး သက်တမ်းတိုစေနိုင်ကြောင်း၊ အဓိက ကျ သော နောက်ထပ်တွေ့ရှိမှုတစ်ခုက ဖော်ပြခဲ့ သည်။ တွေ့ရှိချက်နှစ်ခုစလုံးကို Cell Meta-bolism ဂျာနယ်တွင် ဖော်ပြခဲ့သည်။
ပထမလေ့လာမှုကို တောင်ပိုင်း ကယ်လီ ဖိုးနီးယားတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ ဗယ်လ်တာလွန်ဂိုက ဦးဆောင်ခဲ့ပြီး ¤င်းကျွမ်း ကျင်ပိုင်နိုင်သည့် နယ်ပယ်များတွင် လူ့သက် တမ်းရှည်မှုနှင့် ဆဲလ်သတ္တဗေဒတို့ပါဝင်သည်။
¤င်းတို့က အမေရိကန် အရွယ်ရောက်သူ ၆၈ဝဝ ကို လေ့လာခဲ့ခြင်းဖြစ်သည်။
သက်လတ်ပိုင်းတွင် ပရိုတိန်းမြင့်မားစွာ စားသုံးခြင်းသည် ကင်ဆာ၊ ဆီးချိုနှင့် သေဆုံး မှုအန္တရာယ် မြင့်မားနေခြင်းနှင့် ဆက်စပ်နေ ကြောင်း ဗယ်လ်တာနှင့် လုပ်ဖော်ကိုင်ဖက်များ က ပြသခဲ့သည်။
သို့သော်လည်း သက်ကြီးပိုင်းများက ပရို တိန်းအသင့်အတင့်စားသုံးခြင်းက အကျိုးရှိ သည်ဟု ဆိုသည်။ ထို့အပြင် အပင်အရင်းအ မြစ်မှရရှိသောပရိုတိန်းက ထိခိုက်မှုလျော့နည်း စေကြောင်းကိုလည်း လေ့လာတွေ့ရှိသည်။
ဒုတိယလေ့လာမှုကို သြစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ စတီဖင်ဆင်ပဆင်က ဦးဆောင်ခဲ့ပြီး ¤င်း၏အဖွဲ့က ဇီဝကမ္မဗေဒ၊ ဂေဟဗေဒနှင့် အပြုအ မူတို့ကို ပေါင်းစပ်လေ့လာခဲ့သည်။
ပရိုတိန်းနိမ့်၍ ကာဘိုဟိုက်ဒရိတ်မြင့်မား သော အစားအစာများသည် သက်တမ်းအရှည် ဆုံးဖြစ်မှုနှင့် ဆက်စပ်နေကြောင်းြ<ွကက်များ နှင့်လေ့လာရာတွင် ¤င်းတို့အဖွဲ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
Ref: Medical News Today


ရန်ကုန်မြို့၌ Apple သီးသန့်အရောင်းဆိုင်များ ဖွင့်လှစ်မှုများပြားလာ


ပြည်တွင်း နည်းပညာဈေးကွက်တွင် Apple ကုမ္ပဏီ၏ iOS နည်းပညာထုတ်ကုန်များကို သီးသန့်ရောင်းချသည့် အရောင်းဆိုင်များ အများအပြား ပေါ်ထွက်လာကြောင်း စုံစမ်းသိရသည်။

အမေရိကန် နည်းပညာကုမ္ပဏီ၏ iOS Platform နည်းပညာထုတ်ကုန်များကို စိတ်ဝင်စားသူများပြားလာခြင်းနှင့် အသုံးပြုသူများ အနည်းငယ်များပြားလာခြင်းကြောင့် ယခုကဲ့သို့ ထုတ်ကုန်သီးသန့်အရောင်းဆိုင်များ ပေါ်ထွက်လာရခြင်းဖြစ်ကြောင်း သိရသည်။

“လူတွေက Apple ထုတ်ကုန်တွေကို အရင်ကထက်ပိုပြီး စိတ်ဝင်စားလာကြတယ်။ နည်းပညာကလည်း တခြားအမျိုးအစားတွေထက် သာလွန်တာရယ်၊ အသုံးပြုတဲ့အခါ သုံးစွဲသူတွေရဲ့ ကြိုက်နှစ်သက်မှုတွေကို ရရှိတာရယ်ကြောင့် အခုလိုမျိုး Apple Store တွေ အပြိုင်အဆိုင် ပေါ်လာတာလို့ထင်ပါတယ်” ဟု Apple အမှတ်တံဆိပ် နည်းပညာထုတ်ကုန်များကို သီးသန့်ရောင်းချသည့် iNora ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းနှင့် ဆက်စပ်နည်းပညာ ထုတ်ကုန်ဈေးကွက်တွင် Apple မှ ထုတ်လုပ်သည့် Tablet နှင့် iPhone အမျိုးအစား ဖုန်းအိမ်များကို အသုံးပြုသူ ယခုနှစ်ဆန်းပိုင်းအတွင်း အနည်းငယ် မြင့်တက်လာခဲ့သည်ဟု ရန်ကုန်မြို့၌ ဖွင့်လှစ်ထားသည့် Apple Store အချို့မှ သိရသည်။ Apple \ iPad Mini နှင့် iPad Air တို့သည် ယခုအချိန်တွင် Samsung အမှတ်တံဆိပ် Tablet များထက် လူအများ၏ စိတ်ဝင်စားခြင်းကို ပိုမိုရရှိနေသည်ဟု ရန်ကုန်အခြေစိုက် မိုဘိုင်းနှင့်ဆက်စပ်အရောင်းဆိုင်များမှ စုံစမ်းသိရသည်။

ထို့အပြင် Apple အမှတ်တံဆိပ် MacBook Air နှင့် MacBook Pro အစရှိသည့် ကွန်ပျူတာထုတ်ကုန်များ၏ ၀ယ်လိုအားသည်လည်း ယခုနှစ်ဆန်းပိုင်းအတွင်း၌ပင် အနည်းငယ်တက်လာသည်ဟု ရန်ကုန်မြို့တွင်း ဖွင့်လှစ် ထားသည့် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များမှ သိရသည်။

Sony, Dell, MSI အစရှိသည့် အမှတ်တံဆိပ် Laptop များ၏ နောက်ဆုံးပေါ် မော်ဒယ်ဈေးနှုန်းများသည် ကျပ်ရှစ်သိန်းဝန်းကျင်အထိ ရှိနေခြင်းက ကျပ်ဆယ်သိန်းမှ တစ်ဆယ့်သုံးသိန်းကျော် ဈေးနှုန်းရှိသော Apple\ MacBook Air နှင့် MacBook Pro များ၏ ဝယ်လိုအားကို ယခင်ထက် အနည်းငယ်တက်လာစေခြင်းဟု အထက်ပါ အရောင်းဆိုင်များမှ ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ယခုလက်ရှိအချိန်တွင် Apple ကုမ္ပဏီမှ တရားဝင်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးထားသည့် mDrive အမည်ဖြင့် အရောင်းဆိုင်တစ်ဆိုင်ရှိနေပြီဖြစ်ပြီး ယင်းအရောင်းဆိုင်သည် ပြည်တွင်း၌  iPhone ဆက်သွယ်မှုကွန်ယက်မရှိသေးသဖြင့် iPhone မှလွဲ၍ အခြား Apple ထုတ်ကုန်များကို ရောင်းချနေသည်။

ယုဇနကိုကို
Internet Journal

အခမဲ့ Web Hosting ဝန်ဆောင်မှုတွေကို ဘယ်လိုရွေးမလဲ


ငြိမ်းချမ်း(BE-IT)

ဒီနေ့ခေတ်မှာ အင်တာနက်ချိတ်ဆက်နိုင်မှုကျယ်ပြန့်လာသောကြောင့် စီပွားရေးလုပ်ငန်းတိုင်း၊ အထူးသဖြင့် လုပ်ငန်းငယ်ကလေးများဟာ ဝက်ဘ် ပေါ်မှာရှိနေဖို့လိုအပ်လာပြီပဲဖြစ်ပါတယ်။ ဒါဟာ အပျော်သဘောမဟုတ်တော့ဘဲ အနည်းဆုံးတော့ ကိုယ့်လုပ်ငန်းရဲ့ အခြေခံ သတင်းအချက်အလက်ကလေးတွေတင်ထားသင့်ပြီး အဲဒိမှာ ကိုယ့်လုပ်ငန်းရဲ့ လိပ်စာ၊ ဖုန်းနံပါတ် နဲ့ အလုပ်ချိန် စသဖြင့် ဆက်သွယ်နိုင်မယ့် အချက်ကလေးတွေဖော်ပြထားသင့်ပါတယ်။သို့သော်လည်း စီးပွားရေးလုပ်ငန်းငယ်ကလေးတွေရဲ့ ဘတ်ဂျက်ထဲမှာ Hosting အတွက်သော်လည်းကေင်း၊ Web Developer တွေထားရှိဖို့အတွက်သော်လည်းကောင်း ထည့်သွင်းထားလေ့မရှိပါဘူး။ သတင်းကောင်းပါးရမယ်ဆိုရင်တော့ အဆိုပါ အသေးစားနဲ့ အလတ်စား လုပ်ငန်းငယ်ကလေးများ (SMBs)အတွက် အခမဲ့လွှင့်တင်ထားနိုင်တဲ့ Free Web Hosting ဝန်ဆောင်မှုတွေများစွာရှိပါတယ်။

အချို့ ကတော့ Hosting လုပ်ထားမယ်ဆိုရင် တစ်စုံတစ်ခုသော အပိုင်းများအတွက် အခမဲ့ဖြစ်ပြီး ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းလိုအပ်ချက်အရထပ်မံတိုးချဲ့ချင်တယ်ဆိုရင်တော့ အခကြေးငွေပေးရတဲ့ Paid Plan ကို အဆင့်မြှင့်တင်ရမှာပဲဖြစ်ပါတယ်။ အချို့အနေနဲ့က Hosting အတွက် အခမဲ့ဖြစ်ပေမယ့် သင့်ရဲ့ site မှာ ကြော်ငြာလေးတွေတော့ထည့်သွင်းမှာဖြစ်ပါတယ်။ အချို့ လိုအပ်တာက အနိမ့်ဆုံး သာ traffic အတွက်သတ်မှတ်ထားသလို site ကို active ဖြစ်နေစေဖို့ ဖိုရမ်တစ်ခုမှာ post တွေတင်နေဖို့ လည်းလိုအပ်မှာပါ။ ဒီလို Free Web Hosting ဝန်ဆောင်မှုတွေကို သုံးစွဲတဲ့အခါ ကုမ္ပဏီက ပေးတဲ့ “ Free” ဆိုတာကို ဘာကိုဆိုလိုတာလဲဆိုတာသေချာသိအောင်လုပ်ရမှာဖြစ်ပြီးကိုယ့်ရဲ့ လိုအပ်ချက်နဲ့ကိုက်ညီမှုရှိမရှိစစ်ဆေးရမှာဖြစ်ပါတယ်။

သင်က စွဲဆောင်မှုရှိတဲ့ site တစ်ခုဖြစ်အောင်လုပ်ဖို့ CSS သို့မဟုတ် HTML ကို သိပ်မသိလို့ စိုးရိမ်နေပါသလား ? အများစုသော Web Hosting ဝန်ဆောင်မှုတွေက အခမဲ့ဖြစ်နေရင်တောင် ယေဘူယျအားဖြင့် များစွာသော အသင့်သုံး Templates ဝက်ဒီဇိုင်း တွေ(သို့မဟုတ်) သင်ကိုယ်တိုင် ဝက်ဘ်ဆိုက်ကိုလွယ်လင့်တကူတည်ဆောက်နိုင်ဖို့ Site Builder Tool တွေကိုပေးထားပါတယ်။တကယ်လို့သင်က HTML, CSS နဲ့ JavaScript တွေကိုသိတယ်ဆိုရင် ပေးထားတဲ့ Templates တွေကို သင့်စိတ်တိုင်းကျပြန်လည် ပြင်ဆင်နိုင်ဦးမှာလည်းဖြစ်ပါတယ်။ သင်က ဘလော့ဂ်တစ်ခုကိုတည်ဆောက်ထားမယ်ဆိုရင် ပုံမှန် post တွေကို ပုံတွေ၊စာသားတွေနဲ့တင်နိုင်မှာပါ။ သင်က ဘလော့ဂ် တစ်ခုလောက်ပဲလိုအပ်တယ်ဆိုရင် Pure Blogging Platform တွေဆိုရင် လုံလောက်ပါပြီ။ ဒါမှမဟုတ် အခြားသော application တွေတင်ချင်ရင် တော့ အခြား Hosting တွေကိုရှာဖွေရမှာပါ။

အခမဲ့ရနိုင်တဲ့ Free Web Service တွေရဲ့ အားနည်းချက်တစ်ရပ်ကတော့ သင့်ရဲ့ domain name နဲ့ပတ်သက်ပြီး ထိန်းချုပ်မှုတွေသိပ်လုပ်နိုင်မှာတော့မဟုတ်ပါဘူး။ ဒါကဘာနဲ့အလားသဏ္ဍာန်တူသလဲဆိုတော့ အခမဲ့ email လိပ်စာတွေမှာလိုပဲ provider တွေရဲ့ domain တွေကိုတွဲဖက်သုံးစွဲရသလိုမျိုးပါ(ဥပမာ- gmail.com,yahoo.com,hotmail.com, စသဖြင့်) ။ များစွာသော Web Hosting providers တွေကသင့်ကို သင့် domain နဲ့ပတ်သက်ပြီး ထိန်းချုပ်လုပ်ဆောင်ခွင့်တွေပေးအပ်ထားမှာဖြစ်ပေမယ့် Paid Plan အတွက် sign up လုပ်ဖို့လိုအပ်မှာလည်းဖြစ်နိုင်ပါတယ်။ရွေးချယ်ဖို့တစ်ခုကတော့ သင့်ရဲ့ domain ကို domain register လုပ်ပြီးရင် သင့်တွက် free site ကို forward လုပ်ပေးမှာဖြစ်ပါတယ်။ Free Web Hosting တွေမှာ အချို့သော ကန့်သတ်ထားမှုတွေလည်းရှိပါသေးတယ်။

အများစုက သင့်ဖိုင်တွေကို အလိုအလျောက် backup မလုပ်နိုင်ပါဘူး။ တစ်နေရာမှာ Up-to-date backups လုပ်ထားနိုင်ဖို့ စဉ်းစားထားရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင် တစ်ခုခုဖြစ်တဲ့အခါ ဒုက္ခတွေ့နိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့ site နဲ့ပတ်သက်ပြီး ပိုမိုထိန်းချုပ်ချင်တယ်၊ဒါမှာမဟုတ် အဆင့်မြင့် tools တွေကိုသုံးစွဲချင်တယ်ဆိုရင်တော့ အခကြေးငွေပေးဆောင်ရတဲ့ Paid Web Hosting ဝန်ဆောင်မှုတွေကိုရှာဖွေရမှာပါ။ အခြေခံအားဖြင့်တော့ ဒီလို အခမဲ့ ရနိုင်တဲ့ Web Hosting တွေက သင့်ကို Online ပေါ်ရောက်စေကူညီမှာဖြစ်ပါတယ်။

ယခုတော့ အခမဲ့ရနိုင်တဲ့ ထိပ်တန်း Free Web Hosting ဝန်ဆောင်မှုများကိုဖော်ပြလိုက်ပါတယ်။
-------------------------------------------------
Biz.nf

www.biz.nf
--------------

biz.nf က $0.00 ဖြစ်ပြီး free plan ရပါတယ်။ သို့သော်လည်း သုံးစွဲသူတွေကို Personal သို့မဟုတ် Business plans တွေကို အဆင့်မြှင့်တင်စေဖို့ ရည်ရွယ်ပါတယ်။ ဒါကဘာကိုဆိုလိုသလဲဆိုရင် ကုမ္ပဏီအနေနဲ့ အမြန်နှုန်းနဲ့ပတ်သက်ပြီး စိတ်ချရနိုင်စွမ်း၊အသုံးတည့်နိုင်စွမ်းတွေအတွက် ယုံကြည်မှုရရှိစေနိုင်တဲ့ ဂုဏ်သိက္ခာတစ်ရပ်လည်းဖြစ်ပြီး ဒါက များစွာသော Free websites တွေအတွက် အရေးကြီးတဲ့ အချက်ပါ။ Free plan မှာတော့ PHP ,Perl Scripts language တွေနဲ့ runမှာဖြစ်ပြီး ASP.Net,Ruby (သို့မဟုတ်) Phthon တို့ကိုမသုံးပါဘူး။ အဲဒါတွေက third-party tools တွေကို install ရတာကခက်ခဲပါတယ်။ Biz.nf က free plan မှာ email account တစ်ခုကို ပေးအပ်ထားပြီး webmail, pop သို့မဟုတ် IMAP တွေကိုသုံးကာ access လုပ်နိုင်ပါတယ်။ ဒီ email မှာ free အနေနဲ့ anti-spam ,malware scanning လုပ်ဆောင်နိုင်စွမ်းတွေကိုလည်းထည့်သွင်းထားပါတယ်။

-------------------------------------------------------------------

Blogger

www.blogger.com

Google က Blogger ကို Free Web Hosting အတွက် ဝန်ဆောင်မှုပေးထားတပြီး Blogspot လို့သိကြပါတယ်။ သင့်အနေနဲ့Blogger မှာ blog တစ်ခုကို run ထားတဲ့အခါ သိပ်အများကြီး လုပ်ဆောင်နိုင်မှာမဟုတ်ဘဲ အခြေခံ Site Analytics Tools တွေကိုတော့သုံးစွဲနိုင်မှာဖြစ်ပါတယ်။ သင့်အနေနဲ့ သင့်ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုသူဘယ်နှယောက်ရှိသလဲဆိုတာကို စာရင်းဇယားများနဲ့တကွသိရှိနိုင်သလို သင့် site မှာရှိတဲ့ popular pages တွေကိုလည်းသိရှိနိုင်မှာဖြစ်ပါတယ်။ Blogger ကတော့ သင့်ကို ဖိုင်တွေ upload လုပ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ သို့သော်လည်း Widgets တွေထည့်သွင်းနိုင်သလို အခြားသော Custom HTML တွေကိုလည်း ပြုပြင်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီ free service ကိုစဉ်းစားမယ်ဆိုရင်တော့ ဝက်စာမျက်နှာ ဘယ်လောက်ရှိမလဲဆိုတာ ကန့်သတ်ထားမှုမရှိဘဲ လှလှပပနဲ့စိတ်ကြိုက် စာမျက်နှာများကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။
----------------------------------------------------------
Freehostia
http://www.freehostia.com/

Freehostia ကတော့ သူ့ရဲ့ plan တွေနဲ့ပတ်သက်ပြီး အများခေါ်ဝေါ်သလို မခေါ်ဆိုမသုံးစွဲဘဲ Free web hosting plan ကို Chocolate လို့ခေါ်ဆိုပါတယ်။ Chocolate ကိုသုံးမယ်ဆိုရင် site builder ကိုသုံးပြီး တကယ့် professional site တွေလိုမျိုး ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ထို့နောက် သင့်ရဲ့ site ကို အလိုအလျောက် install နိုင်မယ့် tool တွေဖြစ်တဲ့ Joomla,Wordpress နဲ့ phpBB လိုမျိုး applications ပေါင်း 40 ကျော်ထဲက တစ်ခုခုကို ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။ Freehostia မှာ Chocolate ကိုသုံးစွဲမယ်ဆိုရင် free email account ကိုလည်းရရှိမှာဖြစ်ပြီး ဒါက အပို ဆောင်းအခွင့်အရေးတစ်ခုပါ။

----------------------------------------------------------
Google Sites
sites.google.com

Google က Blogger အပြင် နောက်ထပ် ပေးထားတဲ့ ဝန်ဆောင်မှုတစ်ခုက Google Sites ပဲဖြစ်ပြီး Blog တစ်ခုထက်သာတဲ့ Website တစ်ခုကိုတည်ဆောက်နိုင်စေဖို့ များစွာသော tools များကိုပေးအပ်ထားပြီး အဲဒါတွေနဲ့ ပိုမိုပြည့်စုံတဲ့ sites များကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ သင်အသင့် တည်ဆောက်နိုင်စေမယ့် များစွာသော templates ဝက်ဘ်ဒီဇိုင်းများစွာကိုသုံးစွဲနိုင်ကာ Lists,Forms နဲ့ Tables တွေကိုလည်း လှလှပပထည့်သွင်းတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ Blogger မှာလိုပဲ သိုလှောင်နိုင်မှုနဲ့ အင်တာနက် bandwidth ကန့်သတ်မှုတွေရှိပြီး ဒီ site မှာ သင့်ရဲ့ ဖိုင်တွေကို upload လုပ်နိုင်မှာတော့မဟုတ်ပါဘူး။ ထို့ပြင် blog သို့မဟုတ် CMS ကိုလည်း install လုပ်နိုင်မှာမဟုတ်ဘဲ Template မှာလုပ်နိုင်စွမ်းတွေနဲ့ကန့်သတ်ထားမှာပါ။ တကယ်လို့သင်က သင့်စီးပွားရေးအတွက် Gmail account ကိုသုံးစွဲနေရင်တော့ Google Sites က နောက်တစ်ဆင့်တက်ဖို့ ခြေလှမ်းတစ်ရပ်လည်းဖြစ်ပါတယ်။

----------------------------------------------------------
Webnode
http://www.webnode.com/

Webnode ကတော့ free ရနိုင်တဲ့ web hosting plan မှာ အခြေခံအကျဆုံးသော feature များကိုပေးအပ်ထားပါတယ်။ Widgets တွေဖြစ်တဲ့ ဗီဒီယိုအတွက် Youtube, လူမှုကွန်ရက်များအတွက် Facebook နှင့် Twitter , ဓာတ်ပုံများအတွက် Flickr နှင့်အခြား ဓာတ်ပုံ galleries များစွာကို ထည့်သွင်းနိုင်ပါတယ်။ ဒီ blog က အခြေခံတွေကိုသုံးစွဲနိုင်တယ်လို့ဆိုထားသော်လည်း Comment ပေးဖို့အတွက် Disqus လိုမျိုး comment ပေးနိုင်တဲ့ ဝန်ဆောင်မှုတွေကို ထပ်မံပေါင်းထည့်နိုင်ပါတယ်။ CSS တွေကို ပြင်ဆင်တည်းဖြတ်မှုတွေကိုလုပ်ဆောင်နိုင်ပြီး Widgets နဲ့အခြားသော tools တွေကိုလည်းပေါင်းထည့်နိုင်ပါသေးတယ်။
----------------------------------------------------------

Webs
http://www.webs.com/

Webs.com က သင့်ရဲ့ ဝက်ဘ်ဆိုက်မှာ third-party tools တွေကို ပေါင်းထည့်ပေးနိုင်မယ့် App Store လိုမျိုးသုံးစွဲနိုင်မှာဖြစ်ပါတယ်။ Free plan ကိုသုံးစွဲခြင်းဖြင့် သင့်ကို online store တစ်ခုပိုင်ဆိုင်နိုင်စေမှာဖြစ်ပြီး စတိုးမှာ items ငါးခုထက်မကထည့်သွင်းရမှာပါ။ သင့် site ကို လာရောက်ကြည့်ရှုလည်ပတ်သူများအတွက် Etsy store သို့မဟုတ် Manage membership accounts တွေကိုလည်း ပေါင်းထည့်နိုင်မှာဖြစ်ပါတယ်။ Webs ကို free ဗားရှင်းအနေနဲ့ အသုံးပြုမယ်ဆိုရင် သင့်အနေနဲ့ နောက်ထပ် upgrade မလုပ်ခင် ဝက်ဘ်စာမျက်နှာ ၁၀ ခုကိုဖန်တီးခွင့်ပေးထားမှာဖြစ်ပါတယ်။ ဒါက သေးငယ်သော sites များအတွက် စတင်နိုင်တဲ့ ကောင်းမွန်သောရွေးချယ်မှုတစ်ခုပြီးပြီး သိပ်ရှုပ်ရှုပ်ထွေးထွေးမရှိဘဲ Webs.com မှာ လွယ်လင့်တကူနဲ့စတင်ကာ hosting လုပ်ထားနိုင်ပြီး ဝက်ဘ်ဆိုက်ကိုစတင်နိုင်မှာဖြစ်ပါတယ်။

---------------------------------------------------------
Weebly
http://www.weebly.com/#

Weebly ကတော့ Free Web Hosting providers တွေထဲမှာ အလွယ်ကူဆုံးတည်ဆောက်နိုင်တဲ့အထဲကတစ်ခုဖြစ်ပြီး မြောက်မြားစွာသော templatesများ၊ themes များ နဲ့ drag-and-drop tools များစွာရနိုင်ပါတယ်။ တစ်သားတည်းကြည့်ရှုလို့ရနိုင်အောင် စိတ်ကြိုက် အနေနဲ့ pages များကို ပြုပြင်နိုင်ပြီး အခြားသော Weebly sites များနဲ့ ကွဲပြားအောင်လုပ်ထားလို့ရပါတယ်။ Weebly မှာ သင့်ရဲ့ site ကို ပုံမှန် backup လုပ်ထားနိုင်ဖို့ export/archive tool တစ်ခုပါဝင်ပြီး အခြား site ကိုပြောင်းရွှေ့မယ်ဆိုရင်တောင် လွယ်လင့်တကူပြောင်းနိုင်မှာဖြစ်ပါတယ်။ Weebly က ဆွဲဆောင်မှုရှိပြီး လုပ်ဆောင်နိုင်စွမ်းမြင့်မားတဲ့ ဝက်ဘ်ဆိုက်တွေကို မြန်မြန်ဆန်ဆန် ၊ချောချောမွေ့မွေ့ တည်ဆောက်နိုင်စေမှာဖြစ်ကာ သင့်အနေနဲ့အခြားသောကိစ္စရပ်များကို ပိုမို အာရုံစိုက်နိုင်စေမှာဖြစ်ပါတယ်။ Weebly ကတော့ သင့်အတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုပါ။

-----------------------------------------------------------
Wix
http://www.wix.com/

Wix က များစွာသော Web Templates များကိုစုစည်းပေးထားပြီး Flash နဲ့ HTML5 sites များကို ဖန်တီးဖို့ drag-and-drop tool များကိုထောက်ပံ့ပေးထားသည့်အပြင် မိုဘိုင်း ဝက်ဘ်ဆိုက်များနှင့် Facebook pages များအတွက်လည်း သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Hosting လုပ်တဲ့အခါ Flash က flash ဖိုင်များကို ဖွင့်နိုင်ဖို့ထောက်ပံ့ပေးထားပါတယ်။ Wix မှာ Flash site builder တစ်ခုပါရှိပြီး swf ဖိုင်များကိုဖန်တီးနိုင်မှာပါ။ ဒီ site ရဲ့အဓိကရည်ရွယ်ချက်ကတော့ လှပတဲ့ ဒီဇိုင်းနဲ့ ဝက်ဘ်ဆိုက်များကိုတည်ဆောက်ဖို့ (သို့မဟုတ်) e-commerce site များကို ရှုပ်ထွေးသော coding များရေးစရာမလိုဘဲ တည်ဆောက်နိုင်စေဖို့ပဲဖြစ်ပါတယ်( upgrade လုပ်မယ်ဆိုရင်တော့ ပိုမိုလှပတဲ့ဒီဇိုင်းများကိုဖန်တီးနိုင်မယ့် tools များကို ရရှိမှာဖြစ်ပါတယ်)။ တကယ်လို့ သင့် site နဲ့ပတ်သက်ပြီး ထိန်းချုပ်မှုတွေလုပ်ချင်ရင်(သို့မဟုတ်) သင့်ရဲ့ဒီဇိုင်းကို အခြားသော host သို့ပြောင်းလဲချင်တယ်ဆိုရင်တော့ Wix က မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုတော့မဟုတ်ပါဘူး။
------------------------------------------------------

WordPress
http://wordpress.com/

Blogger လိုမျိုးပဲ Wordpress.com က သင့်ကို free blog တစ်ခုတည်ဆောက်နိုင်စေမှာဖြစ်ပါတယ်။ သို့သော်လည်း blog တစ်ခုဆိုတာထက်ပိုမိုလုပ်ဆောင်နိုင်တဲ့ platform ပဲဖြစ်ပါတယ်။သင့်အနေနဲ့ အခြေခံ site analytics tools တွေ၊ သင့် site ကို မိုဘိုင်း devices များမှာ pages များအလိုက်သင့်ဖော်ပြနိုင်စေရန် လုပ်ဆောင်နိုမယ့် tools တွေ၊ စတိုင်ကို လွယ်လွယ်ကူကူဖန်တီးနိုင်မယ့် များစွာသော themes နဲ့ template စုစည်းမှုတွေကိုရရှိနိုင်မှာပါ။ WordPress ရဲ့ အကောင်းဆုံးသောအစိတ်အပိုင်းကတော့ plugins များစွာကို DIY-platform အနေနဲ့ ကိုယ်တင်ထားတဲ့ hosted service ကနေ ရရှိနိုင်မှာပါ။ သို့ရာတွင် သင့်ရဲ့ site မှာ PayPal “Donate” ခလုတ်ကို ထည့်သွင်းရင်တော့ free sites မှာရှိတဲ့ e-commerce plugins တွေကခွင့်ပြုမှာမဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေရှိသော်လည်း ဒီ Wordpress ကတော့ ကမ္ဘာ့အကြီးမားဆုံးသော brand တစ်ခုအဖြစ်ရပ်တည်လျှက်ရှိပါတယ်။

---------------------------------------------------
Yola
https://www.yola.com/

Yola ရဲ့ free plan က အခြေခံလုပ်ဆောင်ချက်များသာမက upgrade လုပ်တဲ့အခါ ဘာတွေကိုလုပ်ဆောင်နိုင်မလဲဆိုတာတွေနဲ့ပတ်သက်ပြီးလည်း မြည်းစမ်းခွင့်ရမှာပါ။ဒါပေမယ့်လည်း free plan မှာ ဝက်ဘ်စာမျက်နှာ သုံးမျက်နှာနဲ့ကန့်သတ်ထားတာကတော့ အားနည်းချက်ပါပဲ။ သို့သော် Yola ကသူ့ရဲ့ sites တွေမှာ Google Maps ,Tublbr, YouTube Videos တွေကို ထည့်သွင်းစေနိုင်ရုံသာမက Appointment scheduler ကိုလည်း ချမှတ်ထားနိုင်မှာပါ။ Yola ကလည်း သင့် site ကို မိုဘိုင်း device များမှာ အကောင်းဆုံးသုံးစွဲနိုင်စေဖို့နဲ့ facebook pages များဖန်တီးနိုင်ဖို့ လိုအပ်တဲ့ tools တွေကိုပေးထားတဲ့ အနည်းငယ်သော webs hosts တွေထဲကတစ်ခုဖြစ်ပါတယ်။

TechSpace Journal

Facebook ပေါ်မှာ တစ်စုံတစ်ယောက်ကို ဘလော့ လိုက်ရင် ဘာတွေ ဖြစ်သွားမလဲ


လွယ်လွယ်ပြောရရင် ပျော်သွားမှာပေါ့။ အဲလေ ပျောက်သွားမှာပေါ့။ :) ဖေ့ဘုတ်က သူငယ်ချင်းတွေ မိတ်ဆွေတွေကို တွေ့ဆုံနိင်ဖို့ ဆိုရှယ်နက်ဝပ်လ်တစ်ခုအနေနဲ့ ပေးစွမ်းထားပေမဲ့လို့ သင့်ကို စိတ်အနှောက်အယှက် တစ်စုံတစ်ရာ ဖြစ်ပေါ်အောင်လုပ်စေခဲ့ရင် အဲဒီလူကို မမြင်ရအောင် ဘလော့ပစ်ခွင့်ကိုလည်း ပေးထားပါတယ်။ ဒီနေရာမှာတော့ အဲလို ဖြစ်လာခဲ့ရင် ဘယ်လို ဘလော့ရမယ်ဆိုတာနဲ့ ဘလော့ ပစ်လိုက်ပြီးဆိုတာနဲ့ ဘယ်လို အဓိပ္ပာယ် သက်ရောက်သွားတာကို အနည်းငယ် ရှင်းပြထားပါတယ်။ ဘလော့ပစ်တာနဲ့ ပတ်သက်ပြီး ဖေ့ဘုတ်မှာ နည်း(၃) မျိုး ရှိပါတယ်။

၁) ဖုန်းပေါ်မှာဆိုရင် အမြန်ဆုံးကတော့ Homepage ရဲ့ ဘယ်ဘက်အပေါ်ဆုံးက ( newfeed) ပေါ်က (သော့ခလောက်ပုံ) လေးကို

Select လုပ်ပြီး နာမည် (သို့) ဘလော့စေချင်သူရဲ့ မေးလ်ကို ထည့်ရုံပါ



၂) နောက်တစ်ခုက setting ထဲမှာ ရှိတဲ့ Blocking ကနေ၀င်ပြီး အောက်ဆုံးက Block user နေရာမှာ နာမည် (သို့) ဘလော့စေချင်သူရဲ့ မေးလ်ကို ထည့်ရုံပါပဲ။

၃) နံပါတ်(သုံး) အချက်က သူရဲ့ ဖေ့ဘုတ်ပရိုဖိုင် ဆီကိုသွားကာ ညာဖက်မှာ ရှိတဲ့ စက်ဝိုင်း ပုံကိုနှိပ်ကာ Report/Block ကိုရွေးရုံပါ။ ဒါဆိုရင်တော့ ရွေးချယ်ဖို့ Option တစ်ခုရမှာ ဖြစ်ပါတယ်။ ဒီထဲမှာမှ Unfriend လုပ်မှာလား၊ အပြီးအတိုင် ဘလော့မှာလား၊ ဆိုပြီး ရွေးနိင်ပါတယ်။ တကယ်လို့သင့်ဟာ တစ်ယောက်ယောက်ကို ဘလော့ခဲ့ပြီးဆိုရင် ဖေ့ဘုတ်ရဲ့ search ရလဒ်မှာ ထိုပုဂ္ဂိုလ်ဟာ ပေါ်မှာ မဟုတ်တော့ပါဘူး။

Google Search မှာနာမည်နဲ့ + facebook ကို တွဲရိုက်ပြီး ရှာမယ်ဆိုရင်တော့ ရှာနိင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း ။။။။ ဖေ့ဘုတ်ပေါ်ရောက်ရင်တော့ Page not available ဆိုပြီး တွေ့ရမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ တကယ် အဲဒီလူကိုတွေ့ချင်ပါတယ်ဆိုရင်တော့ ဖေ့ဘုတ်မှာ ရှိတဲ့ ကိုယ်အကောင့်ကို Sign out လုပ်ပြီး ရှာရင်တော့ တွေ့နိင်ပါတယ်။ သင့်ကိုလည်း အခုလိုသူများတွေက လုပ်ပြီး ရှာနိင်နေတဲ့အတွက် Privacy Setting ထဲက Who can look me up ? ဆိုတဲ့ နေရာကို my friends လို့ပြောင်းပြီး ကာကွယ်ထားနိင်ပါတယ်။ သင့်မှာ တကယ်လို့ mutual သူငယ်ချင်းရှိလို့ရှိလျှင် ထို သူငယ်ချင်းရဲ့ ပို့စ်ပေါ်မှာ ဘလော့ထားတဲ့လူတစ်ယောက်ဟာ သင့်ရဲ့ ကွန်မန့်တွေကို မြင်နိင်မှာ မဟုတ်ပါဘူး။ ဒီတော့ ဘလော့တော့မယ်ဆိုရင်တော့ သတိထားဖို့လိုပါတယ်။

Aung Heine ( www.smart.com.mm )

Community Center များကို တယ်လီနော တည်ဆောက်ပေးမည်ဟုဆို


ကျေးလက်ဒေသများ၌ အင်တာနက်စနစ်နှင့် မိုဘိုင်းဖုန်းအသုံးပြုမှု တွင်ကျယ်လာစေရေးအတွက် တယ်လီနောသည် Community Information Center များကို တည်ဆောက်ပေးသွားမည်ဟု ပြောဆိုခဲ့သည်။

ပြည်တွင်းရှိ ပါတနာကုမ္ပဏီများနှင့် ပူးပေါင်း၍ တယ်လီနောအနေဖြင့် Community Information Center များကို တည်ဆောက်သွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ထပ်မံကြေညာသွားမည်ဟု တယ်လီနောမြန်မာရုံးချုပ်မှ တာဝန်ရှိသူက ပြောသည်။

တယ်လီနောအနေဖြင့် လိုင်စင်စတင်လျှောက်ထားစဉ်က Community Center ပေါင်း ၂၀၀ ခန့်ကို ပြည်တွင်း၌ တည်ဆောက်ပေးသွားမည်ဟု ပြောဆိုခဲ့သည်။ အဆိုပါ Community Center များကြောင့် ဒေသအနှံ့တည်ရှိနေကြသည့် ကျောင်းနေအရွယ်လူငယ်များသည် ဒီဂျစ်တယ်နည်းပညာ အသုံးပြုသည့် စာပေများပေါ်ထွန်းလာမည်ဟု တယ်လီနောက ယုံကြည်ခဲ့သည်။

အသုံးပြုနိုင်မည့် အခြေအနေမျိုးစုံတို့ကို အသေးစိတ်ပြောကြားခဲ့ခြင်း မရှိသော်လည်း တယ်လီနောသည် ၎င်း၏ ဈေးကွက်အတွင်း လူမှုစီးပွားကို အကျိုးပြုသည့် လုပ်ငန်းများ လုပ်ကိုင်ပေးသွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။ ၎င်းတို့ အနေဖြင့် မိုဘိုင်းဖုန်းဆက်သွယ်ရေးကို ကောင်းမွန်သောအကျိုးစီပွားအဖြစ် အသုံးချဆောင်ရွက်ရန် စောင့်ကြည့်နေကြောင်းလည်း ပြောဆိုခဲ့သည်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာလိုင်စင်ကို ရရှိခဲ့သည့် တယ်လီနောဂရု (ပ်) သည် လိုင်စင်ရရှိပြီး ၈ လ ကြာမြင့်သည့်အခါ မြန်မာပြည်သူလူထုလက်ခံနိုင်သည့် မိုဘိုင်းဖုန်းနှင့် အင်တာနက်စနစ်ကို ဝန်ဆောင်မှုပေးအပ်သွားမည်ဟု ပြောဆိုခဲ့ပြီး ဖြစ်သည်။

လက်ရှိအချိန်၌ ၎င်းတို့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးဆီသို့ အရည်အသွေးမြင့် အင်တာနက်အမြန်နှုန်းနှင့် အသံဝန်ဆောင်မှုကို ပေးအပ်နိုင်သည့် အဆင့်မြင့်ကွန်ရက်များကို တည်ဆောက်နိုင်ခဲ့ကြောင်း စတင်အသုံးပြုခြင်းနှင့် ပတ်သက်၍ အသုံးပြုသူ မိတ်ဆက်ကို မကြာခင်ကာလ၌ ထုတ်ပြန်ပေးနိုင်ဖွယ်ရှိကြောင်း တယ်လီနောမြန်မာရုံးချုပ်မှ တာဝန်ရှိသူက ပြောသည်။

မြင့်ကျော်လှိုင်
Internet Journal

နိုင်ဂျီးရီးယား အလုပ်အကိုင် ရွေးချယ်ပွဲတွင် အလုပ်ရှာသူများ လူပိမိရာမှ အနည်းဆုံးခုနစ်ဦးသေဆုံး


အဘူဂျာ၊ မတ် ၁၆

နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အဘူဂျာတွင် အလုပ်အကိုင် ရွေးချယ် စိစစ်ပွဲတစ်ခု ပြုလုပ်ခဲ့ရာ လူပေါင်းများစွာ လာရောက်ခဲ့ပြီး လူပိမိရာမှ အနည်းဆုံး လူခုနစ်ဦး သေဆုံးခဲ့ရပြီး လူပေါင်းများစွာ ဒဏ်ရာရရှိသွားခဲ့ကြောင်း BBC သတင်း စာမျက်နှာတွင် ဖော်ပြထားသည်။

သေဆုံးသူ အရေအတွက်သည် ယခုကိန်းဂဏန်းထက် ပိုများဖွယ်ရှိပြီး အနည်းဆုံး အလောင်းခုနစ်လောင်း တွေ့ရှိခဲ့ရသည်ဟု AFP သတင်းထောက်တစ်ဦးက ပြောကြားသည်။

အစိုးရ လူဝင်မှု ကြီးကြပ်ရေးဌာနက အလုပ်အကိုင် နေရာသစ်အတွက် လူခေါ်ခဲ့ရာ လာရောက် ဖြေဆိုကြသူများ အလွန်များခဲ့ခြင်း ဖြစ်သည်။

ယင်းအလုပ်အကိုင် နေရာလွတ်များအတွက် လူသောင်းပေါင်းများစွာ လာရောက် လျှောက်ထား ဖြေဆိုခဲ့ကြကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

နိုင်ဂျီးရီးယားနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း အလွန်မြင့်မားလျက် ရှိနေပြီး အထူးသဖြင့် လူငယ်များကြားတွင် ယင်းနှုန်းက အလွန်မြင့်တက်လျက် ရှိသည်။

၂၀၁၁ ခုနှစ်တွင် နိုင်ဂျီးရီးယား၏ အလုပ်လက်မဲ့နှုန်းသည် ၂၃ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။
လူနင်းခံရသော်လည်း အသက် မသေခဲ့သူ ရို့စ်မေရီအိုဂီဒါဆိုသူ အမျိုးသမီးတစ်ဦးက ၎င်းကို လူသုံးဦးက လာရောက် ထူသွားသည်ကိုသာ မှတ်မိတော့ကြောင်း AFP သတင်းဌာနကို ပြောကြားခဲ့သည်။
“ကျွန်မကို လူဘယ်နှယောက်လောက် နင်းသွားတယ် ဆိုတာကိုတောင် မတွေးတတ်တော့ပါဘူး” ဟု အိုဂီဒါက ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံသည် အာဖရိကတွင် ရေနံထုတ်လုပ်မှု ဒုတိယအမြင့်ဆုံး နိုင်ငံဖြစ်သော်လည်း တိုင်းပြည်၏ လူဦးရေ ထက်ဝက်ခန့်မှာ ဆင်းရဲမွဲတေမှု အောက်တွင် နေထိုင်ရလျက်ရှိသည်။

ဘွဲ့ရ အလုပ်လက်မဲ့ များကလည်း အလွန်အမင်း များပြားလျက်ရှိရာ အလုပ်လက်မဲ့ ပြဿနာနှင့် ဆက်စပ်သည့် ရာဇဝတ်မှု ထူပြောခြင်း စသည့် လူမှုပြဿနာများလည်း တွေ့ကြုံရလျက်ရှိသည်။

The Voice Weekly


ချင်းပြည်နယ်တွင် လေယာဉ်ကွင်းဆောက်ရန်စီစဉ်


ရန်ကုန်၊ မတ် ၁၆

ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး ဒေသတစ်ခု ဖြစ်သည့် ချင်းပြည်နယ်သို့ ပြည်တွင်းပြည်ပ ခရီးသည်များ သွားလာရ လွယ်ကူစေရန်အတွက် လေယာဉ်ကွင်း ဆောက်လုပ်ရန် စီစဉ်နေကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဆွေထွန်းက The Voice သို့ ပြောကြားသည်။

လေယာဉ်ကွင်း တည်ဆောက်ရန်အတွက် တီးတိန်၊ ဟားခါး၊ ဖလမ်းစသည့် မြို့သုံးမြို့တွင် သုတေသန ပြုလုပ်လျက်ရှိပြီး မြေနေရာ အကျယ်အဝန်း၊ မိုးရေချိန် စသည်တို့ကို အခြေခံ၍ ဖြစ်နိုင်ခြေ ရှိသည့်မြို့ကို ရွေးချယ်ဒီဇိုင်းဆွဲကာ ပို့ဆောင်ရေး ဝန်ကြီးဌာနသို့ တင်ပြမည် ဖြစ်ကြောင်း လေယာဉ်ကွင်း စံချိန်စံညွှန်းနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြောဆိုသည်။

လက်ရှိတွင် ချင်းပြည်နယ်သို့ သွားရန် ကလေးလေဆိပ်မှတစ်ဆင့် သွားရပြီး ချင်းပြည်နယ်သို့ သွားသည့် ခရီးသည် မည်မျှ ရှိသည်ကို တိတိကျကျ မပြောနိုင်သဖြင့် ဈေးကွက် အနေအထားကို ခန့်မှန်း၍ မရကြောင်း Air KBZ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ချင်းပြည်နယ်မြောက်ပိုင်းရှိ ကနေဒီတောင်၊ တီးတိန်၊ ဖလမ်းတို့ကို လည်ပတ်ရန် ကလေးမြို့လေဆိပ်မှ သွားရပြီး ဧည့်သည် နည်းပါးကာ လေယာဉ်ခရီးစဉ် ပြေးဆွဲမှု နည်းပါးသဖြင့် ပုံမှန်သွား၍ မရကြောင်း ခရီးသွား လုပ်ငန်းရှင်များက ပြောဆိုသည်။

တစ်နိုင်လုံးရှိ လေယာဉ်ကွင်း ၆၉ ခု အနက် အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း သုံးခုနှင့် ညောင်ဦး၊ ဟဲဟိုး၊ သံတွဲစသည့် လေယာဉ်ကွင်းများမှာ နိုင်ငံခြား ခရီးသွားများကို ဆွဲဆောင်နိုင်ကာ ပြည်တွင်း လေကြောင်းလိုင်း ကိုးလိုင်းက ပြည်တွင်း လေဆိပ်များကို ဆင်းသက်ပျံသန်းလျက် ရှိကြောင်း လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်

The Voice Weekly

ရော်ဂျာဖက်ဒဲရာ ကို အနိုင်ယူပြီး BNP Paribas ဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဂျိုကိုဗစ်




Angel on 2014-03-17 15:47    
အင်ဒီးယန်းဝဲလ် မှာ ကျင်းပပြီးစီးခဲ့တဲ့ BNP Paribas ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်မှာ နိုဗန် ဂျိုကိုဗစ်က ရော်ဂျာ ဖက်ဒဲရာကိုအနိုင်ယူပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်၊ ဆားဘီးယားလူမျိုး ဂျိုကိုဗစ်ဟာ အဖွင့်ပွဲမှာ အရေးမလှခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ် တွေမှာ ဖက်ဒဲရာကို လိုက်ကစားပြီး အနိုင်ရယူခဲ့တာပါ။ ဒါပေမယ့် ဂျိုကိုဗစ်ဟာ သူ့ ရဲ့အကောင်းဆုံးလက်စွမ်း ကိုမရခဲ့ဘူးဆိုတာကတော့ သိသာပါတယ်။

လွန်ခဲ့တဲ့လက ဒူဘိုင်းမှာ ဖက်ဒဲရာကို ရှုံးနိမ့်ခဲ့တဲ့ ရှုံးကြွေးကို ဂျိုကိုဗစ်တစ်ယောက် ဆပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

“ ဒါဟာ ဂုဏ်ယူစရာကောင်းတဲ့ဆုလာဒ်တစ်ခုပါပဲ။ ဖလားကို သိမ်းပိုက်နိုင်ခဲ့တာတင်မဟုတ်ဘဲ ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံကို ပြန်တွေ့ ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ ကျွန်တော့်ကိုကျွန်တော် ယုံကြည်မှု ပြန်ရစေခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီး ကျွန်တော်ပြောခဲ့သလို ဗိုလ်လုပွဲစဉ်မှာ အမှတ်အနည်းငယ်ကပဲ အဆုံးအဖြတ်ပေးသွားမယ်ဆိုတာလေ။ တွေ့ လား။ကျွန်တော်ပြောတာ မှန်တယ်” ဂျိုကိုဗစ်က ဆုကို လက်ခံအပြီးမှာ ပြောကြားသွားခဲ့တာပါ။

ဆွစ်လူမျိုး ရော်ဂျာဖက်ဒဲရာနဲ့ ဆာဘီးယားလူမျိုး ဂျိုကိုဗစ်တို့ တင်းနစ်ကစားသမားဘ၀တစ်လျှောက် ၃၃ ကြိမ်တွေ့ ဆုံခဲ့ရာမှာ ဖက်ဒဲရာက ၁၇ ပွဲ၊ ဂျိုကိုဗစ်က ၁၆ ပွဲအနိုင်ရရှိထားပါတယ်။

Ref: bbc.com
Trend Myanmar

အမျိုးသားတွေ နားမလည်နိုင်တဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အချက် (၇) ချက်




မေသော် on 2014-03-17 17:06    
ကိုယ့်ချစ်သူကောင်လေးတွေ ကိုယ့်ကိုနားလည်မပေးနိုင်တဲ့ အချက်ဆိုတာ စုံတွဲတိုင်းမှာ ရှိနေတတ်ပါတယ်။ တစ်ချို့စုံတွဲတွေအတွက် တစ်ချက်၊ နှစ်ချက်လောက်ဆိုပေမယ့် တစ်ချို့အတွဲတွေကျတော့ ကိုယ့်ကောင်မလေးကို နားလည်မှုကို မပေးနိုင်တာပါ။ ဘာလို့ဒါတွေလုပ်တာလဲ၊ လိုအပ်လို့လား ဆိုတာမျိုးတွေနဲ့ ပြဿနာခဏခဏ တက်နေပြီဆိုရင်တော့ သူတို့ကို နားလည်အောင် ရှင်းပြဖို့ လိုပြီပေါ့။ ဒါ့ကြောင့် ကိုယ့်ချစ်သူကောင်မလေးနဲ့ ပတ်သက်ပြီး အမျိုးသားတွေ နားမလည်နိုင်တဲ့ အချက်တစ်ချို့ကို ပြောပြပေးလိုက်ပါတယ်။

၁။ဖိနပ်အမြင့်တွေ ၀ယ်တဲ့ကိစ္စမျိုးပါ။ ယောင်္ကျားအများစုက ဒေါက်မြင့်ဖိနပ်တွေစီးပြီး ခက်ရာခက်ဆစ် လမ်းလျှောက်နေရတဲ့ အမျိုးသမီးတွေကို နားမလည်နိုင်ပါဘူး။ ကိုယ့်ရည်းစားဆိုရင်လည်း နောက်တစ်ခါ ဒီလို ဖိနပ်မျိုး မ၀ယ်စမ်းပါနဲ့လို့ ပြောပါလိမ့်မယ်။

၂။ဖိနပ်ဘယ်နှစ်ရံတောင် ရှိသလဲဆိုတဲ့ မေးခွန်းမျိုးကလည်း အမျိုးသမီးတွေအတွက် နည်းနည်းအဖြေရခက်တဲ့ မေးခွန်းပါ။

၃။မိန်းကလေးတွေ ဘာလို့ အုပ်စုဖွဲ့ပြီး အိမ်သာသွားကြသလဲဆိုတာမျိုးကလည်း သူတို့စဉ်းစာလို့မရတဲ့ အချက်ပါပဲ။ မင်းဘာလို့ တစ်ယောက်တည်း အိမ်သာမသွားတာလဲလို့ အမေးခံရရင်လည်း စိတ်မဆိုးပါနဲ့။ သူတို့နားမလည်ဘူးဆိုတာကိုသာ သိထားလိုက်ပါ။

၎။ရင်ပြတ်အ၀တ်အစား၊ ပေါင်တစ်ဝက်ပဲပါတဲ့ dress မျိုးတွေက ဘယ်အချိန်ဝတ်ဖို့ ၀ယ်တာလဲ။ ဒါမျိုးတွေ မ၀တ်စမ်းပါနဲ့လို့ သူတို့ပြောတဲ့အခါ ခေါင်းညိတ်ပြလိုက်ပါ။ ပြန်မငြင်းပါနဲ့။

၅။ကိုယ့်ကောင်လေးကို ဘယ်လိုအရောင် ၀ယ်ရမလဲဆိုပြီး၊ ဘယ်လိုအရောင်မျိုးနဲ့ ကိုယ်နဲ့လိုက်သလဲ ဆိုတာမျိုးတွေ အကြံဥာဏ်တောင်းတဲ့အခါ သူတို့နားမလည်တာက အရင်အရောင်မကြိုက်တော့ဘူးလား ဆိုတာပါပဲ။ အမှန်တော့ မိန်းကလေးတွေက ကိုယ့်ရည်းစားရဲ့ အကြံဥာဏ်ကို လိုချင်တာပါ။ အပြစ်တင်ခံချင်တာမျိုး မဟုတ်ဘူးနော်။

၆။ဘာ့ကြောင့် အလှကုန်ပစ္စည်းတွေ ၀ယ်မဆုံးဖြစ်နေသလဲဆိုပြီး ကိုယ့်ကိုအပြစ်တင်လာခဲ့ရင် ဘယ်နေရာအတွက်က ဘာသုံးရတယ်ဆိုတာကို တစ်ချက်ချင်းရှင်းပြလိုက်ပါ။ အို မိန်းကလေးကိစ္စ ရှင်တို့ ဘယ်သိမလဲလို့ အငေါ်မတူးလိုက်ပါနဲ့။

၇။GYM ဆော့မယ့်ကိစ္စမျိုးကို ကိုယ့်ချစ်သူကောင်လေးက ခုလည်းလှနေတာပဲ ဘာအတွက်ထပ်ပြီး GYM ဆော့ဦးမှာလဲလို့  ပြောခဲ့ရင်လည်း ပြုံးပြုံးလေးနဲ့ ကိုယ့်ချစ်သူအတွက် လှပြီးရင်း လှနေတဲ့ မိန်းကလေးဖြစ်ချင်လို့ပါလို့သာ ပြောလိုက်ပါ။ ကျေနပ်သွားပါလိမ့်မယ်။

Ref:cosmopolitan.com
Trend Myanmar

အချစ်အတွက်နဲ့ သေကြောင်းကြံခဲ့တဲ့ ဓာတ်ပုံတွေကို Instagram ပေါ်တင်ခဲ့တဲ့ ကောင်မလေး





သီဟနိုင် on 2014-03-17 16:05    


အသက်ငယ်ငယ် တရုတ်မလေး တစ်ယောက်ဟာ အထပ်မြင့်တိုက် ပြူတင်းပေါက်ကနေ ခုန်ချပြီး သေကြောင်းမကြံခင် သူမရဲ့ ဘ၀နိဂုံးအခိုက်အတန့်တွေကို Instagram ပေါ်တင်ခဲ့တယ်လို့ ယူဆရပါတယ်။

‘ငါသေပြီးရင် နေ့ရောညပါ နင့်ကို လာခြောက်မယ်။’ လို့ ကောင်မလေးဟာ သူ့ ရည်စားဟောင်းကို ပြောပြီး Instagram မှာ ဓာတ်ပုံတွေတင်ခဲ့ပါတယ်။ သူမ ပိုင် ပစ္စည်းတွေမီးရှို့နေပုံ၊ အောက်မှာ ကားပါကင်တစ်ခုနဲ့ အထပ်ပေါင်းများစွာရှိတဲ့ တိုက်ပြူတင်းပေါက်မှာ ခြေထောက်တွဲလောင်းချထားပုံ တွေပါပဲ။

နောက်တော့ ဘာဆက်ဖြစ်သွားလဲ ဆိုတာတော့ မရှင်းပါဘူး။ ဒါပေမဲ့ တရုတ်ဖိုရမ် Mop က shared ထားတဲ့ ဓာတ်ပုံမှာတော့ ကားပါကင်က ရေအိုင်အလယ်မှာ အမျိုးသမီးအလောင်းတစ်ခုရှိနေတဲ့ မှုခင်းဖြစ်ပွားထားရာ နေရာရဲ့ ဓာတ်ပုံကို တွေ့ရပါတယ်။

အဲ့ဒီ မှုခင်းဖြစ်ပွားထားရာ ကားပါကင်ဟာ တရုတ်မလေးရဲ့ ဓာတ်ပုံထဲက ကားပါကင်နဲ့ ဆင်တူတယ်လို့ DailyDot သတင်းဆိုဒ်အရ သိရပါတယ်။ တရုတ်မလေးနဲ့ တစ်တိုက်တည်းနေတဲ့ အိမ်နီးချင်းတစ်ယောက်က အတည်ပြုပေးထားတာပါ။

‘ဒါ တကယ်ပါ။ ကျွန်တော်တို့ တစ်တိုက်တည်းနေတာ။ စနေနေ့ မနက်က သူမ ဆုံးသွားတာ။ ဘာပဲဖြစ်ဖြစ်ပေါ့၊ ကောင်မလေးတစ်ယောက်ဟာ သူ့ကိုယ်သူ သေကြောင်းကြံဖို့အတွက် ဘယ်လောက်များ သတ္တိရှိလိုက်သလဲ။ နောက်ဘ၀မှာ ငြိမ်းချမ်းမှုကို ရှာတွေ့ပါစေလို့ မျှော်လင့်လိုက်ပါ။’ လို့ အိမ်နီးချင်းဖြစ်သူက ရေးခဲ့ပါတယ်။

သူမရဲ့ သူငယ်ချင်းဖြစ်သူ နောက်တစ်ယောက်ကိုလည်း ‘ငါ သွားတော့မယ်။’ လို့ မက်ဆေ့ဂ်ျပို့ခဲ့ပါသေးတယ်။ သူငယ်ချင်းဖြစ်သူက သူမ သေဆုံးခဲ့မှုကို ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့  မက်ဆေ့ဂ်ျကို screenshot ရိုက်ပြီး တင်ခဲ့ပါတယ်။

‘ငါမသေဘဲနဲ့တော့ မေ့နိုင်မှာ မဟုတ်ဘူး။ ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူး။’ လို့ တရုတ်မလေးက ပြောခဲ့ပါတယ်။ ရည်းစားဟောင်း ကောင်လေးထက် ပိုခန့်၊ ပိုချမ်းသာ တဲ့သူတွေ ရှိပေမဲ့ ‘ငါ့နှလုံးသားက နင်မဟုတ်တဲ့ တခြားတစ်ယောက်ကို လက်မခံနိုင်ဘူးဟာ။’ လို့ ကောင်မလေးက ပြောခဲ့ပါတယ်။ သူမကို မျှော်လင့်ချက်တွေ အများကြီးပေး၊ ကတိတွေ အများကြီးပြုခဲ့တဲ့ ကောင်လေးဟာ နောက်တော့ အလိမ်အညာတွေ ဖြစ်နေခဲ့ပါတယ်။

တရုတ်မလေး တင်ခဲ့တဲ့ ဓာတ်ပုံတိုင်းဟာ ရာနဲ့ချီတဲ့ follower တွေဆီကနေ like တွေရခဲ့ပေမဲ့ သူမရဲ့ သောကကို ဖြေသိမ့်ပေးသူ မရှိခဲ့ပါဘူး။ သူမသိပ်ချစ်ရသူနဲ့ လမ်းခွဲလိုက်ရလို့ အသည်းတွေ တစစီကြေမွခဲ့ရတဲ့ တရုတ်မလေးအတွက်တော့ တစ်လမ်းတည်းသော လွတ်မြောက်မှုဟာ သေဖို့ပဲ ဖြစ်ခဲ့ပါတယ်။
Trend Myanmar

ကရိုင်းမီယားဆန္ဒခံယူပွဲ တရားမ၀င်ဟု အမေရိကန်ပြော


ကရိုင်းမီယားဒေသကို ခွဲထွက်ဖို့ မတ် ၁၆ ရက်နေ့က လူထုဆန္ဒခံယူတာဟာ ယူကရိန်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်နေတာမို့ တရားမဝင်ဘူးလို့ အမေရိကန် သမ္မတအိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီမဲပေးမှုကို အမေရိ ကန်ပြည်ထောင်စုကရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဘယ်တော့မှ အသိမှတ်ပြုမှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။

ကရိုင်းမီယားကျွန်းဆွယ်ခွဲထွက်ဖို့ ဆန္ဒမဲခံယူတာကို ရုရှားက ကျောထောက်နောက်ခံ ပေးထား တဲ့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမဟာမိတ်တွေက ရုရှားအပေါ် နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေ လုပ်ဖို့ ပြင်ဆင်နေပြီလို့ သမ္မတ ဘာရက် အိုဘားမားက ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ပြောကြားလိုက်ပါတယ်။

လူထုဆန္ဒ ကောက်ယူမှုမှာ ကနဦး ရလဒ်တွေအရ ယူကရိန်းကနေ ခွဲထွက်ပြီး ရုရှားနဲ့ ပူးပေါင်းဖို့ မဲပေးသူ အရေအတွက်ဟာ ၉၅ ရာခိုင်နှုန်း ရှိပြီး မဲပေးခွင့်ရသူ ၈၀ ရာခိုင်နှုန်းကျော်တယ်လို့ ကြေညာထားပါတယ်။

ရုရှားအစိုးရမီဒီယာကတော့ ကရိုင်းမီယားက ယူကရိန်းနဲ့ အဆက်ဖြတ်ပြီး ရုရှားနဲ့ ပူးပေါင်းဖို့ မနေ့က အပြတ်အသတ် မဲပေးခဲ့တယ်လို့ ကြေညာပါတယ်။

ယူကရိန်းအစိုးရကတော့ ရုရှားဟာ ကရိုင်းမီယားဒေသရှိရာ ပင်လယ်နက်ကျွန်းဆွယ်ကို တပ်တွေ လွှတ်ခဲ့တယ်လို့ စွပ်စွဲပြီး ခွဲထွက်ရေးခေါင်းဆောင်တွေဟာ သူတို့ ခြေထောက်အောက်က မြေကို မီးရှို့လိမ့်မယ်လို့ သတိပေးခဲ့ကြောင်း ဆိုပါတယ်။

ဒီလုပ်ရပ်ကို ဆန့်ကျင်သူတွေကတော့ ဒီမဲပေးမှုကို သပိတ်မှောက်မယ်လို့ ပြောခဲ့ပြီး လူထုဆန္ဒခံယူပွဲ မဲရေတွက်မှုအပြီးမှာတော့ ရုရှားအစိုးရဘက်ယိမ်းတဲ့ ကရိုင်းမီယားဝန်ကြီးချုပ် ဆာဂီအခ်စီနော့ဗ်ကတော့ ရုရှားအလံတွေ၊ ရုရှားအမျိုးသားသီချင်းတို့နဲ့ အတူ ကရိုင်းမီယားမြို့တော် ဆင်မ်ဖာရိုပိုရဲ့ လီနင်ရင်ပြင်က စင်ပေါ်တက်လာခဲ့ပါတယ်။

အနောက်နိုင်ငံ အစိုးရတွေနဲ့ ယူကရိန်းအစိုးရ ခေါင်းဆောင်တွေကတော့ ဒီ လူထုဆန္ဒခံယူပွဲကို အယောင်ဆောင်အဖြစ် လူသိရှင်ကြား ရှုတ်ချခဲ့ကြပါတယ်။

DVB Burmese

ယူနတီဂျာနယ် သတင်းထောက်များအမှု စတင်စစ်ဆေး


နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ (၁) (က)/ ၉ နဲ့ ဖမ်းဆီးအမှုဖွင့်ခံရတဲ့ ယူနတီဂျာနယ် သတင်းထောက်တွေကို ဒီကနေ့ အမှုစတင်စစ်ဆေးနေပါတယ်။

Unity copyလျှို့ဝှက် ဓာတုလက်နက်စက်ရုံ ဆောင်းပါးရေး သားဖော်ပြခဲ့မှုနဲ့ ပတ်သက်ပြီး ယူနတီဂျာနယ် သတင်းထောက် ၄ ဦးနဲ့  အမှုဆောင်အရာရှိချုပ် ၁ ဦး စုစုပေါင်း ၅ ဦးကို သက်ဆိုင်ရာက နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ (၁) (က)/ ၉ နဲ့ စွဲဆိုထားတဲ့အမှုကို မကွေးတိုင်း ပခုက္ကူခရိုင်တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးတာဖြစ်ပါတယ်။

တရားလို နှစ်ဦးအနက် တဦးသာစစ်ပြီး နောက်တဦးကို နက်ဖြန်မှာ ဆက်စစ်မယ်လို့ တရားစွဲဆိုခံရသူတွေရဲ့  ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

တရားခွင်ကိုတက်ရောက်နားထောင်ခဲ့တဲ့  သတင်းထောက် ကိုလူမော်နိုင်ရဲ့ ဇနီးသည် မလွင်လွင်မြင့်က ဒီကနေ့ တရားလို ဒုတိယ ဗိုလ်မှူးကြီး ကျော်ကျော်ဦးရဲ့ ထွက်ဆိုချက်ဟာ စွဲထားတဲ့ပုဒ်မနဲ့ လွဲနေတယ်လို့ ပြောပါတယ်။

ကိုလူမော်နိုင်ကို ကျန်းမာရေးကြောင့် အာမခံလျှောက်ကြားမှုကို တရားရုံးက ပယ်ချပြီး အကျဉ်းဦးစီးဌာနကနေ ဒီကိစ္စနဲ့ပတ်သက်ပြီး လုံလောက်တဲ့ဆေးကုသမှု ပြုလုပ်ဖို့ အမိန့်စာထုတ်ပေးမယ်လို့ ကတိပြုခဲ့ကြောင်း ပြောပါတယ်။

 ပြီးခဲ့တဲ့  ဇန်န၀ါရီလ ၂၅ ရက်ထုတ် ယူနတီဂျာနယ်မှာ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊  တရုတ်ပညာရှင်နှင့် လက်ရှိ ကာ/ ချုပ်တို့၏ ပေါက်မြို့နယ်မှ လျှို့ဝှက်ဓာတု လက်နက်စက်ရုံ”   အမည်နဲ့ ဆောင်းပါးကို မကွေးတိုင်း ပခုက္ကခရိုင် ပေါက်မြို့က အမှတ် ၂၄ ကာကွယ်ရေးပစ္စည်း စက်ရုံအကြောင်း စက်ရုံအလုပ်သမားတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဓာတ်ပုံတွေနဲ့ တကွ ဖော်ပြခဲ့တာပါ။

ဒီအပေါ် ရန်ကုန်အခြေစိုက် ယူနတီသတင်းဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက်တွေဖြစ်တဲ့ ကိုစည်သူစိုး၊ ကိုပိုင်သက်ကျော်၊ ကိုရာဇာဦး နဲ့ ပခုက္ကူအခြေစိုက် သတင်းထောက် ကိုလူမောင်နိုင်တို့ ငါးဦးကို  ဖမ်းဆီးပြီး တရားစွဲနေတာပါ။

သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်ကတာ့ ဒီစက်ရုံဟာ ဓာတုလက်နက်စက်ရုံမဟုတ်ဘဲ ကာကွယ်ရေးပစ္စည်းထုတ်တဲ့ စက်ရုံသာဖြစ်တယ်လို့ မီဒီယာကနေ ရှင်းလင်းထားပါတယ်။

အသံဖိုင်နားဆင်ရန်
DVB Burmese

သမ္မတ ပေးပို့သည့် မီတာခသဏ်လွှာနှင့်ပတ်သက်ပြီး မေးမြန်းချက်

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ဧပြီလကနေ စတင်ပြီး မီတာခ တိုးမြင့်ကောက်ခံဖိုကိစ္စနဲ့ ပတ်သက်ပြီး သမ္မတက သ၀ဏ်လွှာပေးပို့ခဲ့ပါတယ်။

ဦးဖေသန်း

ဘီလီယံပေါင်း ၂၀၀ ကျော်လောက် အရှုံးပေါ်နေတဲ့အတွက် မီတာခ တိုးမြင့်ကောက်ခံဖို့ နည်းလမ်း ၃ ခုကို တင်ပြခဲ့ပြီး ဒီအထဲက တခုကို လွှတ်တော်အမတ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်ရ မယ်လို့ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက ပြောပါတယ်။

ဘယ်လိုဘယ်နည်းနဲ့ တိုးမြင့်ကောက်ခံမလဲ။ ဒီသ၀ဏ်လွှာနဲ့ပတ်သက်ပြီး ဘာတွေ ဆွေးနွေးသလဲ ဆိုတာနဲ့ ပတ်သက်ပြီး လွှတ်တော်အမတ် ဦးဖေသန်းကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်

DVB Burmese

နို့နှင့်နို့ထွက် အစားအစာ အလွံအကျွံ စားသုံးမှုက အမျိုးသားတို့ ကလေးရနိုင်ချေ နည်းစေ


သာမန်အတိုင်း စားသုံးရင် ပရိုတိန်းဓာတ်၊ ကာဘွန်ဟိုက် ဒရိတ်ဓာတ် ကြွယ်ဝတဲ့ အစားအစာများက ကျန်းမာရေး အတွက် အကျိုးပြုပေမယ့် များများ စားသုံးရင် အမျိုးသားတို့ အတွက် ကလေးရနိုင်ချေ နည်းပါး စေကြောင်း သိရပါတယ်။
အမျိုးသားရယ်လို့ မဟုတ်ပဲ အမျိုးသမီးများရဲ့  မျိုးပွားနိုင်ချေ နှုန်းကိုပါ ထိခိုက် စေနိုင်တယ်လို့ လေ့လာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ကာဘွန် ဟိုက်ဒရိတ်ဓာတ်၊ ပရိုတိန်းဓာတ်ကို သာမန်ထက် စားသုံးမိရင် အမျိုးသား တို့ရဲ့  မျိုးပွားနိုင်မယ့် ကျားဟိုမုန်း (Sperm) တွေကို သေစေပါတယ်။ ဒါကြောင့် ကလေးရန် ခက်ခဲစေခြင်း ဖြစ်ပါတယ်။ အမျိုးသမီးများရဲ့  မျိုးပွားနိုင် ၏တဲ့ vitro fertilization (IVF) ကိုလည်း ထိခိုက်စေပြီး ကိုယ်ဝန်ဆောင်နိုင်ချေကို နည်းပါးစေပါတယ်။ ထောပတ်ဒိန်ခဲ၊ မလိုင် တို့လို နို့နှင့် နို့ထွက် ပစ္စည်း များ အားလုံးပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ ကက္ကဆက် တက္ကသိုလ်မှ ဆေးပညာရှင် သုတေနီနဲ့ ပရော်ဖက်ဆာများ လက်တွေ့ လေ့လာ စစ်တမ်း ကောက်ယူထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နို့နှင့် နို့ထွက် အစားအစာများကို ပုံမှန်စားသုံးခြင်း ထက် မပိုသင့်ပါလို့ တိုက်တွန်း ထားကြောင်း သိရပါတယ်။
Ref: healtda

လည်ချောင်းတွင် အရိုးဆူးပါလျှင်


(၁) ရေများများသောက်ပါ။ ရေတွင် ဆားအနည်းငယ် ရောထည့်ပါ။ အရိုး တော်တော်များများသည် လည်ချောင်း မှအစာအိမ်သို့ ဆားကြောင့် နူးပျော့၍ အကုန်အကျမြန်မည်ဖြစ်သည်။

(၂)ထမင်းကို ထမင်းဆုပ်လုပ်၍ လည်းကောင်း၊ ငှက်ပျောသီး၊ ပေါင်မုန့်တို့ကို မြိုခြင်းသည် ကပ်နေသည့်နေရာ မှ အရိုးသည် အစာအိမ်သို့ ရောက်ရှိသွားပေမည်။ ဤသို့ မြိုပြီးတိုင်း ရေ(၁)ဖန်ခွက် သောက်ရန်မမေ့ပါ နှင့်။

(၃)ဗနီကာကို ရေတွင်ရော၍သောက်ပါ။ ဗနီကာတွင်ပါဝင်သော Acetic Acid က အရိုးကို ပျော့သွားစေပြီး လည်ချောင်းတွင်း၌ လွယ်ကူစွာ ကြေ ပျက်သွားသည်။

(၄)လိမ္မော်ရည် (သို့) သံပရာရည် သောက်ခြင်းသည်လည်း အရိုးကိုဖယ်ရှားပေးနိုင်သည်။ ယင်းတို့ထဲမှ citric acidက အရိုးကိုပျော့သွားစေနိုင်သည်။

(၅)သံလွင်ဆီကိုသောက်ပါ။ အရိုးက ချောပြီး လည်ချောင်းထဲမှ ထွက်သွားသည့်အပြင် အရိုးဆူးဒဏ်ကြောင့် လည်ချောင်းအထဲ၌ ထိခိုက်နာကျင်မှုကိုလည်း သက်သာစေသည်။

(၆)ယခုခေတ်တွင် coke အအေး အချို့ကို သောက်ခြင်းဖြင့် အရိုးပျော့သွားစေနိုင်သည်။

(၇)အဓိကအရေးကြီးသည့် အချက်မှာ လည်ချောင်း၏ အပြင်ဖက်မှ လည်ချောင်းကို နှိပ်နယ်ခြင်းမပြုပါနှင့်။

Health Updates 7Day News Journal

ဘဝမှာ ပျော်ပျော် နေထိုင်ရန် နည်းလမ်း


ဘဝမှာ ပျော်ပျော်နေထိုင် နိုင်ဖို့ နိုင်ငံတကာက စိတ်နဲ့ ဆေးပညာ ဆရာဝန်များ ညွန်ကြားထားတဲ့ နည်းလမ်းကို ဘာသာပြန် မျှဝေ ပေးလိုက် ရပါတယ်။

Create a Plan for yourself

ဘဝမှာ ရည်ရွယ်ချက် မရှိပဲ ရှင်သန် နေထိုင်ရတာ ဘယ်လောက်တောင် ပျင်းဖို့ ကောင်းလိုက်သလဲ။ ဦးတည်ချက် ရည်ရွယ်ချက်ရှိမှ လုပ်ကိုင်မှု ဘဝက အဓိပ္ပါယ်ရှိတာ ပျော်တာ။ အဲ့ဒါ အမှန်ပါပဲ။ ကိုယ့်အနာဂတ်အတွက် ဘာမှ မစဉ်းစား မပူပင်ပဲ နေတာ ဘယ်လောက်ကြာကြာ နေနိုင်မှာလဲ။ ကြာရင် စိတ်ကျ ရောဂါ ဝင်လာလိမ့်မယ်။ . ဒီတော့ Plan လေး တစ်ခုဆွဲဖို့ အကြံပေး ချင်ပါတယ်။ Plan ဆွဲလိုက်တိုင်း အဲ့ဒီ Plan ကို အောင်မြင်ဖို့ ရောက်ရှိဖို့ လို့လဲ မယူဆ ထားနဲ့။ ကိုယ်က သွားနေတယ်၊ ကြိုးစား နေတယ် ဆိုတာကပဲ အကောင်းဆုံး ရလဒ် ဖြစ်ပါတယ်။

Surround yourself with Positive People

ဘုရားဟော တရားလိုပဲပေါ့။ သူတော်ကောင်းများနှင့်သာ ပေါင်းပါလို့။ ဒီခေတ်မှာ ဖြူစင် သန့်ရှင်း မွန်မြတ်ပါတယ် ဆိုတဲ့ သူတော်ကောင်း ဆိုတာ ကတော့ ရှားတယ် လေနော်။ ကိုယ်ကိုယ်တိုင် အပါအဝင် အားလုံးက အားနည်းချက် ကိုယ်စီတွေနဲ့ ပါပဲ။ ဒီတော့ လုပ်ရမှာက အကောင်းမြင်စိတ် ထားတတ် သူများနဲ့ ပေါင်းစေဖို့ပဲ ဖြစ်ပါတယ်။ ကိုယ်ပေါင်းတဲ့ သူက အတင်း အဖျင်း၊ အပုတ်ချတာပဲ တွေ့တိုင်း ပြော၊ ငြီးငြူပြ၊ စိတ်ညစ်ပြတာကို ကြုံတွေ့ နေရရင် ဘယ်လောက်တောင် စိတ်ညစ်ဖို့ ကောင်းလိုက်လဲ။ ဒီတော့ ကိုယ်ကိုယ်တိုင် ကလည်း အကောင်းမြင်စိတ် ထားရမှာ ဖြစ်သလို ကိုယ်တွဲတဲ့ မိတ်ဆွေ သူငယ်ချင်း များကလည်း အကောင်းမြင်စိတ် ရှိသူများ ဖြစ်ရ ပါမယ်။

Failure is inevitable

ကျရှုံးမှု ဆိုတာ ရှောင်လွဲလို့ မရဘူး။ ဒါကို ကျရှုံးတိုင်း စိတ်ညစ်၊ စိတ်ဓာတ် ကျနေ ရင် ကိုယ်က လိုချင်တာ များနေလို့။ လောဘ ကြီးနေလို့၊ ကြောက်စိတ် များလို့။ ဒေါသ များနေလို့။ အမလေး.။ များလိုက်တာနော်။ ကျရှုံးမှုကနေ ဆက်လာလိုက်တာ ကိုယ့်ဆီမှာ အဲ့ဒါကို ရင်ဆိုင်ရဲတဲ့ သတ္တိသာ မရှိရင် ဘဝ ဆိုတာ ပျော်စရာ ဆိုတာ မရှိတော့ ပါဘူး။ 'လဲရင် ပြန်ထ ဒါလူ့ဘဝ' နဲ့ အကြိမ် ပေါင်း သောင်းချီ သိန်းချီ ရှုံးတာကို စိတ်ညစ်မနေပဲ နောက်ဆုံး ရရှိလိုက်တဲ့ အောင်မြင်မှုကို တန်ဖိုးထား ပျော်တတ် ဖို့ လိုအပ် ပါတယ်။

Appreciate what/who you have

လူတွေက ကိုယ့်ဆီမှာ ရှိနေတဲ့ ပစ္စည်း၊ ကိုယ်ရည် ကိုယ်သွေးတို့ကို မရောင့်ရဲ မတင်းတိမ် နိုင်ကြပဲ သူများ ရှိတာ၊ ပိုင်တာ လုပ်နိုင်တာတွေကို ကြည့်ပြီး မနာလို၊ အူတို နေကြတယ်။ ကိုယ့်ကိုယ်ကို ငြင်းဆဲ ဝမ်းနည်းနေကြ တယ်။ အမှန်တော့ ကိုယ်လုပ်နိုင်တာ၊ လုပ်ခဲ့တာ၊ ကိုယ့်ဆီမှာ ရှိနေတဲ့ အရာ များကို ကျေနပ်ပြီး အမွမ်းတင် တတ်နေဖို့ လိုပါသေးတယ်။ ဒါမှလည်း ပျော်ရွှင်မှု ရရှိ မှာပါ။

Treat yourself

တစ်ခါတစ်လေ ကျရင် သူများအတွက် တွေချည်း ခေါင်းပူပေး အလုပ်ရှုပ် ပေး မနေနဲ့ ကိုယ့်ကိုယ်ကို ပြုစု ပျိုးထောင်ဖို့လည်း အချိန်ပေးအုံးနော်။ စားချင်တာ စား၊ သွားချင်တာသွား၊ လုပ်ချင်တာ လုပ်။ သို့ပေမယ့် ကောင်းတဲ့ အရာတွေပဲ ဖြစ်ပါစေ.

Be Healthy

ကျန်းမာခြင်းသည် လဘ်တစ်ပါးတဲ့။ အထက်ပါ အချက်တွေနဲ့တော့ လိုက်နာ နိုင်တယ်။ ကိုယ်ကိုယ်တိုင်က မကျန်းမာ နေဘူး ဆိုရင်တော့ ခဲလေ သမျှ သဲရေ ကျရတာပါပဲရှင်။ ဒါကြောင့်မို့ ကျန်းမာဖို့က အင်မတန့်အင်မတန် အရေးကြီးတဲ့ အရာ တစ်ခု၊ ဆုလာဘ် တစ်ခုပဲ ဖြစ်ပါတယ်။ ယင်း ဆုလာဘ် ကို မပျောက်ပျက်အောင်၊ ထိန်းသိမ်း ထားဖို့ လိုအပ် ပါတယ်။

အထက်ပါ အချက်များအတိုင်း လုပ်ဆောင်၊ ကျင့်ကြံ နေထိုင်သူများက ဘဝမှာ ဘယ်တော့မှ စိတ်မညစ်ပဲ ပျော်နေရမှာ ဖြစ်ကြောင်း ထပ်လောင်း ပြောကြား နိဂုံး ချုပ်လိုက် ရပါတယ်။

အောင်ခမ်း (ရိုးရာလေး)


အရေအပြား ကျန်းမာရေး အတွက် မှီဝဲရန် အစားအသောက် ၃ မျိုး




အရေအပြားဟာ လူသားတွေမှာ ပါဝင်တဲ့ အများဆုံးထဲက အစိတ်အပိုင်း တစ်ခု ဖြစ် ပါတယ်။ ပြီးတော့ ဂရုစိုက်ရတာ အလွယ်ဆုံး ဖြစ်သလို၊ အခက်ခဲဆုံးလည်း ဖြစ်နိုင် ပါတယ်။ အရေအပြားလှရုံနဲ့တင် မိမိရဲ့ လှပ ကျန်းမာမှုကို အများက အမှတ်ကောင်းကောင်း ပေးကြ မှာ ဖြစ်ပါတယ်။ ဒီတော့ အရေးအကြီးဆုံး ဖြစ်တဲ့ Skin ကျန်းမာရေး အတွက် စားသုံးရန် အစားအသောက် များကို မျှဝေ ပေးလိုက် ရပါတယ်။

၁။ လိမ္မော်သီး

လိမ္မော်သီးဟာ ဗင်တာမီ စီ ဓာတ် ပြည့်ဝပြီး သေဆုံးသွားတဲ့ အရေအပြားက ဆဲလ်တွေကို ပြန်လည် ရှင်သန် စေ ပါတယ်။ ရှိရင်းစွဲကို ထိန်းသိမ်း ပေး ပါတယ်။ အရွယ်မတိုင် အိုမင်းခြင်းကို ကာကွယ်း ပေးသလို၊ အရေအပြားကို အရောင်အသွေး လှပစေမှာ ဖြစ်ပါတယ်။ နောက်ထပ် ပါဝင်သေးတဲ့ ဗင်တာမင် ဘီ ဟာ ခရမ်းလွန်ရောင်ခြည် ကြောင့် အရေအပြား ပျက်ဆီးခြင်း မဖြစ်အောင် ကာကွယ် ပေး ပါတယ်။

၂။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ lycopene ဓာတ်ဟာ အရေအပြား နေလောင်ခြင်းနဲ့ အရွယ်မလွန်ခင် အိုမင်းခြင်းကို မဖြစ်အောင် ကာကွယ်ပေး ပါတယ်။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ အက်ဆစ် ဓာတ်ကလည်း အရေအပြားမှာ အဖုထခြင်း၊ ဝက်ခြံ ပေါက်ခြင်းတို့ မဖြစ် အောင် ကာကွယ်ပေး ပါတယ်။

၃။ ရေနွေးကြမ်း (ခါးရည်)

လက်ဘက်ခြောက် ထည့်သောက်ရတဲ့ ရေနွေးကြမ်းမှာ antioxidant ဓာတ် များစွာ ပါဝင်ခြင်း အရည်အပြားကို လှပစေ ပါတယ်။ အရေအပြားအပေါ် အခြေခံလို့ ဖြစ်နိုင်တဲ့ အဖု၊ အနာ အမျိုမျိုး မဖြစ်အောင် ကာကွယ်ပေးတဲ့ အပြင် အရေအပြား ကင်ဆာ မဖြစ်အောင် Green Tea ကို တစ်ရက် ရေနွေးကြမ်း ၂ ခွက်စာ ပုံမှန်သောက်သုံး သင့်ကြောင်း လမ်းညွန် ထားပါတယ်။

Ref: positivemad

အောင်ခမ်း (ရိုးရာလေး)


စကားများ ရန်ဖြစ် ဓားဖြင့် ခုတ်ရာမှ လူတစ်ဦး ခေါင်းပြတ် သေဆုံး


ရန်ကင်း မြို့နယ် (၁၂) ရပ်ကွက် အတွင်း ရှိ လူ နှစ်ဦး သည် မတ်လ (၁၅) ရက်နေ့၊ ည (၁၁) နာရီ၊ (၄၅) မိနစ် အချိန် က စကား များ ရန်ဖြစ် ခဲ့ပြီး ဓားဖြင့် ခုတ်မှု ဖြစ်ပွား ခဲ့၍ လူ တစ်ဦး ခေါင်းပြတ် သေဆုံး ခဲ့ ကြောင်း ရန်ကင်း မြို့မရဲစခန်းမှ တာဝန်ရှိ သူတစ်ဦး က The Messenger သတင်းစာ သို့ ပြော သည်။

သေသွားတဲ့လူက ကလေး သုံးယောက် ရှိတယ်။ မိန်းမကလည်း ကိုယ်ဝန်ကြီး နဲ့ ဟု ရန်ကင်း (၁၂) ရပ် ကွက် အတွင်းရှိ ပြည်သူ တစ်ဦးက ပြောသည်။ သေဆုံးသူမှာ ဓားဖြင့် ခုတ်ခံရခြင်း ကြောင်း လည်ပင်း၊ နောက် စေ့၊ ယာလက်ဖျံ တို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ လူသတ်မှု ကျူးလွန်သူကို မတ်လ (၁၆) ရက်နေ့၊ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေး နေကြောင်း ရန်ကင်းမြို့မ ရဲစခန်းမှ သိရသည်။

ယင်းဖြစ်စဉ်တွင် ဓားဖြင့်ခုတ်ခဲ့သူကို အရေးယူပေးရန် သေဆုံးသူ၏ ယောက္ခမဖြစ် သူက တရားလို ပြု လုပ်တိုင်တန်းခဲ့ပြီး ရန်ကင်း မြို့မ ရဲစခန်း (ပ) ၄၅/၂၀၁၄၊ ပြစ်မှု ပုဒ်မ -၃၀၂ ဖြင့် မတ်လ (၁၆)ရက်နေ့၊ နံနက် (၁) နာရီအချိန်က အမှုဖွင့်ခဲ့ကြောင်း ပထမ သတင်းပေးချက်အရ သိရသည်။

Messenger News Journal