မြန်မာတို့ လျှပ်စစ် မဂ္ဂါဝပ် ၂၀၀၀ ခန့်သုံးစွဲချိန်တွင် ဘင်္ဂလာဒေခ်ျ့ တို့ မဂ္ဂါဝပ် တစ်သောင်းကျော် သုံးစွဲနိုင်၍ အောင်ပွဲခံ

ပို့စ်တင်ချိန် - 11/13/2013 05:24:00 PM

မဂ္ဂါဝပ် တစ်သောင်းထိ တိုးမြှင့် သုံးစွဲနိုင်၍ ဘင်္ဂလာတို့ အောင်ပွဲခံ အခမ်းအနား။ ( ဓါတ်ပုံ- The Star)
မြန်မာ နိုင်ငံထက် သုံးဆခန့် ငယ်ပြီး မြန်မာထက် ၂၃ နှစ်ကြာမှ လွှတ်လပ်ရေး ရလာသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသည် ယခုအခါ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၁၀၀၀၀ ကျော် ထုတ်လုပ် သုံးစွဲနိုင်သဖြင့် ယမန်နေ့ ညနေက အခမ်းအနား ပြုလုပ်ပြီး အောင်ပွဲခံခဲ့သည်။

လက်ရှိ အစိုးရမှ မီးရှူး၊ မီးပန်းများကို မိုးသို့ ပစ် ဖေါက်ပြီး လျှပ်စစ် မဂ္ဂါဝပ် တစ်သောင်းကျော် သုံးစွဲနိုင်မူ အခမ်းအနားကို ပြုလုပ်ပြီး ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ကြသည်ဟု သိရသည်။

၎င်းအောင်ပွဲခံ အခမ်းအနားအား ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး ဗိသုကာ ဘင်ဂါဘောင်ဒူ နိုင်ငံတကာ အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ ဘင်္ဂလာဒေခ်ျ့  ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက စက်ခလုတ်ဖွင့်ကာ ဖွင့်လှစ်ပေးခဲ့သည်ဟု သတင်းစာများတွင် ဖေါ်ပြသည်။ ၎င်းနောက် မီးရှူး မီးပန်း ပစ်လွှတ်ရာ အခမ်းအနားသို့ ၀န်ကြီးချုပ် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်က “ ဒီကနေ့ဟာ ငါတို့ အားလုံးအတွက် အောင်ပွဲဖြစ်တယ်။ လက်ရှိ အစိုးရရဲ့ သမိုင်းဝင် အောင်ပွဲလည်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

၎င်းပြင်သူမက ၂၀၁၃ ခုနှစ် အကုန်တွင် ဘင်္ဂလာဒေခ်ျ့တွင် မဂ္ဂါဝပ် ၇၀၀၀ ထိ တိုးမြှင့် ထုတ်လုပ်သုံးစွဲရန် ရာတားထားသော်လည်း ယခုအခါ မဂ္ဂါဝပ် တစ်သောင်းကျော် ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊လက်ရှိ အစိုးရ လက်ထက်တွင် လျှပ်စစ် စီမံကိန် ၅၇ ခုကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ နောက်ထပ် လျှပ်စစ် ဓါတ်အား ထုတ်လုပ်မည့် စီမံကိန်း ၃၃ ခုကို တည်ဆောက်လျှက် ရှိနေကြောင်း ပြောကြားသည်။

၎င်းပြင် ဘင်္ဂလာဒေခ်ျ့သည် ရုရှား အစိုးရ အကူအညီဖြင့် နျူကလီးယားသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ (၂) ခုကို သူ့နိုင်ငံတွင်းတွင် တည်ဆောက်နေကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် သူ့တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် လျှပ်စစ် မဂ္ဂါဝပ် တစ်သောင်းကျော် သုံးစွဲနေချိန်တွင် မြန်မာနိုင်ငံတွင်မူ လျှပ်စစ် ဓါတ်အား သုံးစွဲမူ ပမာဏမှာ ၂၀၁၁ ခုနှစ်က မဂ္ဂါဝပ် ၁၄၂၀ သာရှိပြီး ၂၀၁၃ ခုနှစ်တွင် ၂၀၆၀  မဂ္ဂါဝပ်သာ ရှိကြောင်း သိရသည်။

၎င်းပမာဏာကို လျှပ်စစ် စွမ်းအားဝန်ကြီး ဦးခင်မောင်စိုးက ပြည်သူ့ လွှတ်တော်တွင် နိုဝင်္ဘာလ ၁၂ ရက်နေ့က ထုတ်ဖေါ် ပြောကြားခဲ့သည်။

ယင်းပြင် လျှပ်စစ် စွမ်းအားဝန်ကြီးက ၂၀၁၅ ခုနှစ်တွင် လျှပ်စစ် ဓါတ်အား မဂ္ဂါဝပ် ၃၀၀၀ ခန့်အထိနှင့် ၂၀၁၆ ခုနှစ်တွင် မဂ္ဂါဝပ် ၄၀၀၀ ထိ ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း ပြောကြားသွားသည်။

(နိရဉ္စရာ- ၁၃ နိုဝင်္ဘာ ၂၀၁၃)