ဧရာဝတီမြစ်ကမ်းဘေး ကျူးကျော်သူများ SEA Games မတိုင်မီ ရှင်းလင်းမည်

ပို့စ်တင်ချိန် - 11/13/2013 05:24:00 PM


မန္တလေး၊ နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ဧရာဝတီမြစ်ကမ်း နံဘေးရှိ ကျူးကျော်နေထိုင်သူ များကို အရှေ့တောင် အာရှအားကစားပြိုင်ပွဲ (SEA Games) မတိုင်မီ ဒီဇင်ဘာလ ဒုတိယပတ် အတွင်း ရှင်းလင်းသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
"ရွှေ့တဲ့သူကလည်း ရွှေ့ပြီးသွား ကြပါပြီ။ ကျန်တဲ့သူတွေကို ဆီးဂိမ်းပွဲ မတိုင်မီ အပြီး ရှင်းလင်းသွားမှာပါ။ ဒီကြားထဲမှာ ဒုတိယအကြိမ် သတိပေးစာ ပို့ဖို့လည်း ရှိပါတယ်။ ဒဏ်ရိုက် အရေးယူတာတော့ မရှိသေးပါဘူး" ဟု ၄င်းကဆိုသည်။

အဆိုပါ ကျူးကျော်နေထိုင်သူ များကို အောက်တိုဘာလ အတွင်းက ရွှေ့ပြောင်းပေးရန် သတိပေး အကြောင်းကြားစာများ ပို့ထားပြီး ပြောင်းရွှေ့ရန် ကျန်ရှိသူများကို အောက်တိုဘာ လကုန်တွင် ရှင်းလင်းသွားရန် စီစဉ်ထားသော်လည်း ရက်ရွှေ့ဆိုင်း လိုက်ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

"စည်ပင်က စာပို့ထားတော့ တော်တော်များများတော့ ပြောင်းပြီးသွားကြပြီ။ ဈေးဆိုင်တွေနဲ့ ကုန်တင်ကုန်ချ ဂိတ်လေးတွေပဲ ကျန်တော့တယ်။ ဈေးဆိုင်လေးတွေ ကတော့ ပြောင်းပေးဖို့ အဆင် မပြေနိုင်ဘူး။ မော်တော်ဆိပ် ရှိနေသရွေ့တော့ အဲဒါကို အမှီပြုပြီး စီးပွားရှာရတာ ဆိုတော့လေ။ စည်ပင်က လာရှင်းတဲ့ အချိန်ကျရင်တော့ ပြောကြည့်ရမှာပဲ" ဟု ဧရာဝတီ မြစ်ကမ်းဘေးရှိ ချမ်းအေးသာစံ မြို့နယ်တွင် ကုန်စုံဆိုင် ဖွင့်လှစ်ထားသူ တစ်ဦးကဆိုသည်။

အဆိုပါ ကျူးကျော်နေထိုင်သူ အများစုမှာ ကျပန်းအလုပ်သမားများ ဖြစ်ပြီး ယင်းနေရာတွင် နေထိုင်နေသည်မှာ နှစ်ပေါင်း ၃၀ နီးပါးခန့် ရှိပြီဖြစ်ကြောင်း၊ ယင်းနေရာတွင် ရှိသော တဲအိမ် အချို့တွင် နေထိုင်သူများမှာ မပြောင်းရွှေ့ဘဲ ဆက်လက် နေထိုင်ခွင့်ပေးရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံသို့ အသနားခံစာ တင်ထားကြောင်း ၄င်းတို့ထံမှ သိရသည်။
The Voice Weekly