လျှပ်စစ်ရဲ့အပူမီး ဘယ်အထိသွားမလဲ

ပို့စ်တင်ချိန် - 3/24/2014 03:32:00 PM



ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည့် ဧပြီ ၁ ရက်မှစ၍ တိုးမြှင့်ကောက်ခံမည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ

အစိုးရက လက်ရှိကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများဖြစ်သော အိမ်သုံးတစ်ယူနစ်လျှင် ၃၅ ကျပ်၊ စက်မှုသုံးတစ်ယူနစ်လျှင် ၇၅ ကျပ်၊ အစိုးရသုံး တစ်ယူနစ်လျှင် ၃၅ ကျပ်၊ နိုင်ငံခြားငွေဖြင့် တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ ၀ ဒသမ ၁၂ ဖြင့် ကောက်ခံနေမှုအား ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှ စတင်ကာ သတ်မှတ်ထားသည့် ပြင်ဆင်နှုန်းများအတိုင်း ကောက်ခံရန် မတ် ၁၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခဲ့သည်။

ယမန်နှစ်ကပင် လျှပ်စစ်မီတာခ ဈေးနှုန်းများကို တိုးမြှင့်ကောက်ခံရန် အစိုးရက စီစဉ်ခဲ့သော်လည်း ပြည်သူများ၏ ပြင်းထန်စွာ ဝေဖန်မှုများ၊ ဖယောင်းတိုင်မီးများ ကိုင်ဆောင်ကာ ဆန္ဒပြမှုများကြောင့် ယင်းအစီအစဉ်ကို ယာယီရွှေ့ဆိုင်းပေးခဲ့ရသည်။

သို့သော်လည်း အစိုးရအနေဖြင့် အများပြည်သူအပေါ် များစွာအကျိုးသက်ရောက်မှု ရှိလာနိုင်ပြီး စီးပွားရေး အကျပ်အတည်းများနှင့် အခြေခံလူတန်းစားအလွှာ အနေဖြင့် ဘ၀ရပ်တည်ရေးအတွက်ပင် ရုန်းကန်နေရသည့် အချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သက်ရောက်မှု ကြီးမားနိုင်သော လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံလိုမှုကို ဧပြီလတွင် စတင်နိုင်ရန် လွှတ်တော်၏ အတည်ပြုချက်ကို ရယူနိုင်ခဲ့သည်။

လက်ရှိ အတည်ပြုလိုက်သော ပြင်ဆင်နှုန်းထားများကြောင့် မြန်မာနိုင်ငံတွင် ရှိနေသော ၉၉ ရာခိုင်နှုန်းသော အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်းရှင်များအပေါ် အဓိကထိခိုက်မှု ရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် SMEs အား အဓိက မောင်းနှင်အားအဖြစ် သတ်မှတ်ထားချိန်တွင် ယင်းကဲ့သို့ မီတာနှုန်းထားများ တိုးမြှင့်လိုက်ခြင်းသည် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို များစွာသက်ရောက်လာနိုင်ကြောင်း စီးပွားရေး ကျွမ်းကျင်သူများက ဝေဖန်သုံးသပ်မှုများ ပြုလုပ်ခဲ့သည်။

“အသေးစားလုပ်ငန်းတွေက ယူနစ် ၅၀၀၀၀ ၀န်းကျင်မှာပဲ ရှိတယ်။ ဆိုလိုတာက အိမ်တွင်းစက်မှုလုပ်ငန်းတွေပေါ့။ ၅၀၀၀၀ နဲ့ ၂၀၀၀၀၀ ကြားဆိုရင် ဒါက အလတ်စား စက်မှုလက်မှုလုပ်ငန်းပဲ။ ၅၀၀၀၀ အထိကို ၁၂၅ ကျပ်၊ ၅၀၀၀၀ နဲ့ ၂၀၀၀၀၀ ကြားဆိုရင် တစ်ယူနစ်ကို ၁၅၀ ကျပ်ကောက်မယ်။ ၃၀၀၀၀၀ အထက်ဆိုရင် တစ်ယူနစ်ကို ၁၀၀ ကျပ်ပဲ ရှိတယ်။ အဲဒီတော့ အခု တိုးကောက်မယ်ဆိုတဲ့ နှုန်းထားမှာ အသေးစားနဲ့ အလတ်စား စက်မှုလက်မှု လုပ်ငန်းတွေကို ကောက်တဲ့နှုန်းက အများဆုံးဖြစ်နေတယ်” ဟု လှိုင်သာယာစက်မှုဇုန်ရှိ အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ထို့အပြင် အသစ်ပြဋ္ဌာန်းလိုက်သော မီတာခနှုန်းထားများမှာ အသေးစားနှင့်အလတ်စား လုပ်ငန်းများကို အထိနာစေနိုင်ပြီး စီးပွားရေး လုပ်ငန်းကြီးများကို လုပ်ကိုင်နေသော ခရိုနီ လုပ်ငန်းရှင်ကြီးများ အနေဖြင့် ထိခိုက်မှု ကြီးကြီးမားမား မရှိဘဲ သက်သာခွင့်ရနိုင်ဖွယ် ရှိကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အား အများအပြား သုံးစွဲရသော နိုင်ငံပိုင် စက်ရုံအလုပ်ရုံများကို အစိုးရနှင့်နီးစပ်သော လုပ်ငန်းရှင်ကြီးများ၊ နယ်ပယ်စုံ လုပ်ကိုင်နေသာ ကုမ္ပဏီများကသာ အများစု ရယူလုပ်ကိုင်နေခြင်းလည်းဖြစ်သည်။

“အခုနှုန်းထားအရဆိုရင် ချမ်းသာပြီးသား လုပ်ငန်းအကြီးကြီးတွေကို လျှော့ကောက်သလို ဖြစ်နေတယ်။ ဖြစ်သင့်တာက တိုးကောက်မယ်ဆိုလည်း အကြီးအသေး ခွဲမနေတော့ဘဲ တစ်ယူနစ် ဘယ်လောက်ဆိုတဲ့ ပျှမ်းမျှနှုန်းထား ဖြစ်သင့်တာ။ ဥပမာ-ပျှမ်းမျှ ၁၂၅ ကျပ်ဆိုတဲ့ နှုန်းထားမျိုးနဲ့ ထားကောက်သင့်တယ်။ တကယ်တမ်း အများပြည်သူအတွက် စဉ်းစားမယ်ဆိုရင် အများပြည်သူ မီတာတိုးကောက်ဖို့ကို နောက်ဆုံးမှ စဉ်းစားသင့်တယ်” ဟုလည်း လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးသိန်းအောင်က ပြောကြားခဲ့သည်။

မီတာခများ တိုးမြှင့်လာမည် ဖြစ်သည့်အတွက် လက်ရှိအချိန်၌ စက်မှုဇုန်များရှိ စက်မှုထုတ်ကုန် အများစုကို ဈေးတင်ရောင်းချနေပြီဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဈေးတင်လိုက်ခြင်းသည် အမြတ်အစွန်း ပိုမိုရရှိရန်အတွက် မဟုတ်ဘဲ တိုးမြင့်ပေးဆောင်ရမည့် မီတာခအား ကာမိစေရန်အတွက်သာ ဖြစ်ကြောင်းနှင့် ယင်းကဲ့သို့သော အခြေအနေတွင် လက်ရှိရှိနေဆဲ အော်ဒါများမှ မည်ကဲ့သို့ တုံ့ပြန်လာမည်ကိုမူ လုပ်ငန်းရှင်များ အနေဖြင့် စောင့်ကြည့်နေရကြောင်းလည်း စက်မှုကုန်ထုတ် လုပ်ငန်းရှင်များထံမှ သိရသည်။

ထို့ပြင် ယခု အတည်ပြုလိုက်သော တိုးမြှင့်ကောက်ခံမည့် လျှပ်စစ်မီတာခ နှုန်းထားများအရဆိုရင် အရင်းအနှီး၊ အခြေခံအဆောက်အအုံ၊ နည်းပညာလုံလောက်မှု မရှိဘဲ ကိုယ်စွမ်းကိုယ်စနှင့် ရုန်းကန်ရပ်တည်နေရသော အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများသာ ပိုမိုထိခိုက်မည်ဖြစ်ကြောင်း၊ သို့သော်လည်း လုပ်ငန်းရှင်ကြီးများ၊ စက်ရုံအလုပ်ရုံများစွာ ရယူလုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စုကြီးများ သက်သာခွင့် ရရှိဦးမည် ဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ်မှုမှာ ရာခိုင်နှုန်း ၈၀ ရှိပြီး အရင်းမှာ ၁၅ ကျပ်ခန့်သာရှိကြောင်း အိမ်သုံးတစ်ယူနစ်လျှင် ၃၅ ကျပ်နှုန်း၊ စက်မှုသုံးတစ်ယူနစ်လျှင် ၇၅ ကျပ်နှုန်းနှင့် ရောင်းချနေခြင်းမှာ အရှုံးပေါ်နိုင်ဖွယ် မရှိကြောင်းနှင့် နိုင်ငံတော်မှ အရှုံးခံ ထုတ်လုပ်နေသည့်အတွက် ယင်းကဲ့သို့ တိုးမြှင့်ကောက်ခံရခြင်းမှာ ပြည်သူများအတွက် ရေရှည်တွင် အကျိုးမရှိစေနိုင်ပဲ နောင်တစ်ချိန်တွင် လျှပ်စစ်ကဏ္ဍတွင် ၀င်ရောက်လုပ်ကိုင်သည့် ကုမ္ပဏီများကိုသာ အကာအကွယ်ပေးခြင်း ဖြစ်စေနိုင်ကြောင်း လွှတ်တော်အတွင်း အတိုက်အခံ ပါတီများမှ ကိုယ်စားလှယ်များမှ သုံးသပ်ဝေဖန်ကြသည်။

“လက်ရှိအခြေအနေမှာ SME လုပ်ငန်းတွေ ရုန်းကန်နေရတာ အားလုံးအသိ ဖြစ်ပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်လေးနဲ့ ကြိုးစားရုန်းကန်နေရချိန်၊ အမြတ်အစွန်း ရဖို့ဆိုတာထက် ကိုယ့်လုပ်ငန်း ရပ်တည်ဖို့အတွက်သာ ရုန်းကန်နေရချိန်မှာ ဒီလိုမီတာခတွေ တိုးကောက်တဲ့ကိစ္စက ပြည်တွင်း SME တွေရဲ့ ရေရှည်ရပ်တည်နိုင်မှုကို ပြဿနာ ရှိလာနိုင်ပါတယ်။ နောက်ပြီး ယှဉ်ပြိုင်မှုတွေများ လာမယ့် ၂၀၁၅ အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်မှုဒေသ အတွက်လည်း ကျွန်တော်တို့ လုပ်ငန်းရှင်တွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ထိုးနှက်ချက် တစ်ရပ်ပါပဲ” ဟုလည်း ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

အစိုးရ ၀န်ထမ်းများ၏ လစာအား ဧပြီ ၁ ရက်မှစ၍ ကျပ် ၂၀၀၀၀ စီ တိုးမြှင့်ရန် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် နိုင်ငံတော်၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းတွင် ထည့်သွင်းရေးဆွဲထားကြောင်း ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ် ၂၁ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ထို့ပြင် ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျ တိုးမြှင့်ပေးရန် ထည့်သွင်းလျာထားကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ် ဧပြီလမှစ၍ လစာတိုးမြှင့်ပေးမှု၊ ၂၀၁၄ ခုနှစ် ဧပြီလမှစ၍ လျှပ်စစ်ဓာတ်အား သုံးခွဲခများ တိုးမြှင့်ကောက်ခံမှုတို့ကြောင့် အခြေခံ စားသောက်ကုန်များ ဈေးနှုန်းမြင့်တက်မှု မရှိစေရန် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သင့်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်ပြောကြားခဲ့ကြသည်။

“အရင်တုန်းက ပိုက်ဆံ ၂၀၀၀ ကို ကြက်သား ၄၀ သား၊ ၄၅ ကျပ်သားရတယ်။ မိသားစုလေးယောက်ရှိတဲ့ အိမ်မှာ မနက်၊ ည နှစ်နပ်စားရတယ်။ အခုတော့ ပိုက်ဆံ ၂၀၀၀ ကို ကြက်သားက ၃၀ သားပဲ ရတော့တယ်။ အရင်က ကြက်သား ၁၀ သားကို ၅၀၀ ဈေး၊ အရိုးအရင်းက ၄၀၀ ဈေး။ အခု ရင်ပုံတစ်ဆယ်သားကို ကျပ် ၇၀၀ ဖြစ်သွားပြီ။ စီပီကြက်သားတွေ ဘာလို့ဈေးတက်သွားတာလဲ မေးကြည့်တော့ စီပီကြက်စာ ဈေးတက်သွားလို့။ မီတာခတွေတက်တော့ ကြက်စာဈေးတွေ တက်သွားလို့ဆိုပြီး ကြက်သားရောင်းတဲ့ သူတွေက ပြန်ပြောပြတယ်” ဟု ရန်ကုန်မြို့ရှိ အိမ်ရှင်မတစ်ဦးက ပြောကြားခဲ့သည်။

လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းမှာ လူတန်းစားအလွှာ အသီးသီးအပေါ် သက်ရောက်နိုင်ပြီး အိမ်နီးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဓာတ်အားအသုံးပြုခ များပြားသွားနိုင်သဖြင့် ကုန်ထုတ်လုပ်မှု အပိုင်းတွင်လည်း ယှဉ်ပြိုင်နိုင်ရန် ခက်ခဲသွားမည်ဖြစ်သည်။ ယမန်နှစ်ကတည်းက အစိုးရ၏ မီတာခ တိုးမြှင့်ကောက်ခံလိုမှုအပေါ် ပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်သည့်အပြင် ပြန်လည်ဆန်းစစ် သုံးသပ်နိုင်ရန်နှင့် ဖြစ်နိုင်ပါက ပြည်သူများ အမှန်တကယ် လိုအပ်နေသည့် အပိုင်းများတွင် နိုင်ငံတော်မှ ငွေကြေးစိုက်ထုတ် သုံးစွဲမှုများ ပြုလုပ်ပေးရန် တောင်းဆိုမှုများ ရှိခဲ့သည်။ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်သည့် နိုင်ငံအချို့တွင် အစိုးရအနေဖြင့် ပြည်သူအမှန်တကယ် လိုအပ်မည့် အပိုင်းများတွင် အရှုံးခံကာ Subsidize လုပ်သည့် အနေအထားမျိုး ဆောင်ရွက်ကာ ပြည်သူများ၏ အခက်အခဲနှင့် ၀န်ထုပ်ဝန်ပိုးအပေါ် တာဝန်ယူ ဖြေရှင်းပေးသည့် ပုံစံမျိုး ပြုလုပ်ပေးလေ့ရှိသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက်၌ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများလုပ် ဆောင်နေသော်လည်း နှစ်စဉ်လူနေမှုစရိတ် မြင့်တက်ခြင်း၊ အိမ်ခြံမြေဈေးများ ခုန်တက်လာခြင်းနှင့် စားဝတ်နေရေး မပြေလည်မှုများအပေါ် ဖြေရှင်းနိုင်ခြင်း မပြုနိုင်ဘဲ ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင်ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက “လျှပ်စစ်မီတာခ တက်လိုက်ပြီဆိုတာ ငါး၊ ပုစွန် ပြုပြင်ထုတ်လုပ်တဲ့ အအေးခန်းစက်ရုံတွေက ဈေးတက်တော့မယ်။ သူရဲ့ ထုတ်လုပ်မှုစရိတ် မြင့်လာတာနဲ့ ဈေးတက်လာမယ်။ ဈေးတက်လာရင် စားသုံးသူနဲ့ ပြည်သူလူထုတွေပဲ ထိခိုက်မယ်။ နောက် ငါး၊ ပုစွန် သယ်ယူတဲ့နေရာ၊ ထိန်းသိမ်းတဲ့ နေရာတွေမှာ ရေခဲတွေကို တော်တော်များများ သုံးရတယ်။ လျှပ်စစ်မီတာခ တက်လိုက်ပြီဆိုတာနဲ့ ရေခဲဈေးက အလိုလို တက်လာလိမ့်မယ်။ အဲဒီလို ဖြစ်လာတာနဲ့ ငါးပုစွန်ဈေးက အလိုလိုကို တက်လာမယ်။ နောက်ဆုံး ဘယ်သူတွေကို သွားထိခိုက်လဲ စားသုံးတဲ့သူတွေနဲ့ ပြည်သူလူထုပဲ အဓိက နစ်နာမှာပဲ။ ဒါတင်မကဘူး လျှပ်စစ်မီတာခတက်တာ အများကြီး ထိခိုက်နိုင်ပါတယ်” ဟု ပြောကြားသည်။

ရေထွက်ကုန် အအေးခန်းလုပ်ငန်းရှင် တစ်ဦးက “လျှပ်စစ်မီတာခ တက်တာနဲ့ ကျွန်တော်တို့ စက်ရုံတွေမှာရှိတဲ့ ထုတ်ကုန်တွေရဲ့ ဈေးနှုန်းတွေက ဈေးပြောင်းသွားမှာတော့ အမှန်ပဲ။ မီတာခတက်တဲ့ အပေါ်မှာ မူတည်ပြီးတော့ ဈေးနှုန်းကတော့ ပြောင်းသွားမှာပဲ။ အဓိကတော့ စားသုံးတဲ့သူတွေနဲ့ ပြည်သူလူထုကိုပဲ အဓိက ထိခိုက်လိမ့်မယ်။ လျှပ်စစ်မီးကို အသုံးပြုနေတဲ့ ပစ္စည်းတွေကတော့ ဈေးနှုန်းအပြောင်းအလဲတွေ ဖြစ်လာမယ်။ နောက်ဆုံးနစ်နာမှာကတော့ အားလုံးပါပဲ” ဟု ပြောကြားသည်။

ပြီးခဲ့သည့် မတ် ၂၈ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သော လန်ဒန်အခြေစိုက် Oxford Business Group ၏ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးစစ်တမ်းတွင်လည်း ငွေကြေးဖောင်းပွမှု မြင့်တက်နိုင်ခြင်း အပါအ၀င် မြန်မာနိုင်ငံ၌ စိန်ခေါ်မှုများစွာ ရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။

“World Bank က ထုတ်ပြန်ထားတာ ၂၀၁၃ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၇ ဒသမ ၃ လောက် ရှိတယ်။ အခုတစ်ခါ လစာတိုးပြီး လျှပ်စစ်မီတာခတွေ တိုးမြှင့်လိုက်မယ်ဆိုရင် ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာနိုင်တဲ့အတွက် ငွေကြေးဖောင်းပွမှုနှုန်းလည်း ထပ်တက်လာနိုင်တယ်။ ဒါကတစ်ကြောင်း၊ နောက်တစ်ခုက ဒီပုံစံအတိုင်းဆိုရင် SMEs တွေ နာလန်ထူဖို့ မလွယ်ဘူး။ ဒါကြောင့်မို့လို အစိုးရအနေနဲ့ မူဝါဒတစ်ခုကို ချမှတ်မယ်ဆိုရင် ဘက်စုံထောင့်စုံကတွေးပြီးမှ လုပ်သင့်ပါတယ်။ ဒီနေ့ Action Aid Myanmar ကလုပ်တဲ့ပွဲမှာ ၀န်ကြီးဌာနတွေရဲ့ ၀င်ငွေကို ပြန်ကြည့်လိုက်ရင် အသုံးစရိတ်က ၀င်ငွေကိုမကျော်ပါဘူး။ ဘာကြောင့် မြန်မာနိုင်ငံမှာ ဘတ်ဂျက်လိုငွေ ပြနေသလဲဆိုရင် အစိုးရအသုံးစရိတ် ကြီးမြင့်တဲ့ အတွက်ကြောင့်ပါ။ ဒါကြောင့်မို့လို့ အစိုးရအနေနဲ့ လျှပ်စစ်မှာ စိုက်ခံထားရလို့ အရှုံးပေါ်နေတယ်ဆိုရင်
အခြားအခွန်လို ဟာမျိုးမှာ ထိထိရောက်ရောက် ကောက်ပြီးတော့ ဖြေရှင်းသင့်ပါတယ်။ မီတာခ တိုးမြှင့်လိုက်တာဟာ ပြည်သူလူထုကိုလည်း အရမ်းကို ၀န်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။ အစိုးရမှာ စိုက်ပြီးတော့ ကျခံနေရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်ပြည်သူတွေရဲ့ဝင်ငွေ ဘယ်လောက်ရှိပြီလဲ ဆိုတာတော့ ပြန်ပြီးတော့ တွက်ချက်စဉ်းစား သင့်ပါတယ်။ အစိုးရသစ် လက်ထက်မှာ နှစ်ကြိမ်ရှိသွားပြီ။ မီတာခတက်ရင် ကျန်တာတွေအကုန်လုံး လိုက်တက်သွားမှာပါ။ ဒါကြောင့် ငွေကြေးဖောင်းပွမှုနှုန်းလည်း ဖြစ်လာနိုင်ပါတယ်” ဟု စီးပွားရေး ပညာရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

“ထိတာကတော့ SMEs တွေ ထိမှာပဲ။ ငွေကြေးဖောင်းပွတာနဲ့ကို SMEs တွေထိမှာ။ ရပ်ကွက်ထဲမှာ SMEs တွေ အများကြီးရှိတယ်။ သူတို့ယူနစ်နဲ့ စက်ချုပ်တဲ့အခါ အိမ်မီတာဆိုတော့ တစ်ယူနစ်ကို ၅၀ ပဲ ပေးရတယ်။ လုပ်ငန်းငယ်လေးတွေကို တစ်ယူနစ်ကို ၇၅ ကျပ်နဲ့ လိုက်ကောက်နေတယ်။ ဒါတွေမတိုင်ခင်ကပဲ နားလည်မှုနဲ့ ကောက်တာ။ အဲဒီကတည်းက ကောက်နေတာ အခုမှ မဟုတ်ဘူး။ အဲဒီမှာတင် SMEs တော်တော်များ ပြုတ်သွားတာ။ သူက လုပ်ငန်းလိုင်စင်လည်း ချမပေးဘူး။ ပြီးတော့ SMEs ဆိုပြီးလည်း ကောက်တယ်။ အိမ်မှာ စက်ကလေးအပိုင်ချုပ်နဲ့ တပြိုင်နက်တည်း လျှပ်စစ်သုံးတယ်ဆိုပြီးတော့ တွယ်တာပဲ။ အခုက တရားဝင် လုပ်ပြီဆိုတော့ ပိုဆိုးတာပေါ့။ ကျွန်တော်ကတော့ ပွင့်ပွင့်လင်းလင်းပြောရင် မလုပ်စေချင်ဘူး။ လျှပ်စစ်ဓာတ်အား မလုံလောက်ရင် သူများနိုင်ငံတွေ ရောင်းစားတဲ့အထဲက ပြန်ပြီးတော့ ညှိနှိုင်းပေါ့။ ရေနံနဲ့ ဓာတ်ငွေ့တွေက ကျွန်တော်တို့ တော်တော်များများ ရထားသားပဲ။ တကယ်တော့ အစိုးရက အရှုံးခံတယ်ဆိုတာ ဘာမှမရှိဘူး။ အစိုးရဆိုတာ သူတို့ရှုံးတာမှ မဟုတ်တာ။ ဟိုကရတဲ့ဥစ္စာ ဒီဘက်အိတ်ထဲပြောင်းထည့် ဒါမျိုးပဲဥစ္စာ။ လျှပ်စစ်ကိုလည်း ကျွန်တော် ဒီလိုပဲမြင်တယ်။ အစိုးရဆိုတဲ့ အလုပ်က မြတ်တာလည်း မရှိဘူး။ ရှုံးတာလည်း မရှိဘူး။ အရှုံးခံရတယ်ဆိုတဲ့ စကားလုံးက တစ်မျိုးဖြစ်နေတယ်။ သူ့တာဝန်က လူထုအတွက် လုပ်ပေးရမှာပဲ” ဟု ရန်ကုန်တက္ကသိုလ် အသုံးချဘောဂဗေဒဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးက ပြောကြားခဲ့သည်။

ဆက်လက်၍ “ငွေကြေးဖောင်းပွမှုမှာ သုံးမျိုးရှိတယ်ဗျ။ ပထမဦးဆုံး တစ်မျိုးက ၀ယ်လိုအားဆွဲအားကြောင့်ဖြစ်တဲ့ demand course inflation၊ ဒုတိယအချက်က စရိတ်တွန်းအားကြောင့်ဖြစ်တဲ့ cost push inflation၊ နောက်တစ်ခုကတော့ ငွေကြေးရိုက်တာ များတဲ့အတွက်ကြောင့် ဖြစ်တဲ့ money supply inflation အဲဒီသုံးခု ရှိတယ်။ အခုဟာကတော့ လေးခုတောင်ဖြစ်မလို ဖြစ်နေပြီ။ အစိုးရ လုပ်တဲ့အတွက် ငွေကြေးဖောင်းပွမှုဆိုတာတစ်မျိုး ရှိလာမလားတောင် မသိဘူး။ ကျွန်တော်ကတော့ အဲလိုပဲ မြင်လာတယ်။ ငွေဖောင်းပွမှုကို အစိုးရက ထိန်းရမယ့်အစား လမ်းကြောင်းပေးသလို ဖြစ်နေတယ်” ဟု ဒေါက်တာမောင်မောင်စိုးက သုံးသပ်ပြောကြားခဲ့သည်။

၂၀၀၇ ခုနှစ်အတွင်းက အစိုးရ၏ လောင်စာဆီဈေးနှုန်း တိုးမြှင့်လိုက်မှုကြောင့် ပြည်သူများအကြား ဂယက်ရိုက်သွားခဲ့ပြီး ထိုစဉ်က အစိုးရ၏ လုပ်ရပ်ပေါ် မခံမရပ်နိုင် ဖြစ်ခဲ့သည့်အတွက် ပြည်သူများ လမ်းပေါ်ထွက်ကာ ဆန္ဒပြ ကန့်ကွက်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့နောက်တွင် နိုင်ငံတစ်ဝှမ်း သံဃာထု ဦးဆောင်ပါဝင်ပြီး ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားခဲ့သည်။

ယခုအချိန်တွင်လည်း နိုင်ငံအနေဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ အချိန်တွင် ရုန်းကန်နေရဆဲဖြစ်ပြီး အစိုးရသစ်သက်တမ်း သုံးနှစ်ကျော်အတွင်း ပြည်သူအတွက် အဓိက လိုအပ်ချက်များကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသည့်အပေါ် ဝေဖန်မှုများ ရှိနေသည်။ ထို့အပြင် လာဘ်ပေးလာဘ်ယူမှု ပြဿနာကို ဖြေရှင်းပေးနိုင်ခြင်း မရှိသည့်အပြင် အခြားတစ်ဖက်တွင်လည်း ပြည်သူများအနေဖြင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ အိမ်နှင့်မြေဈေးနှုန်း မြင့်တက်မှုတို့နှင့် ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ လျှပ်စစ်မီတာခ ဈေးနှုန်းကိုပါ အစိုးရက တိုးမြှင့်သတ်မှတ်လိုက်ခြင်းကိုပါ ရင်ဆိုင်ရတော့မည်ဖြစ်သည်။ သို့ဖြစ်ရာ အစိုးရ၏ မီတာခ တိုးမြှင့်လိုက်မှု လုပ်ရပ်အပေါ် ပြည်သူများကြားတွင် မနှစ်မြို့စွာဖြင့် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသော်လည်း အဖက်ဖက်မှ ကြုံတွေ့နေရမည့် အခက်အခဲများကို ခါးစည်းခံကာ အကျပ်အတည်းပေါင်း များစွာနှင့် ပြည်သူတို့ ခံနိုင်ရည်စွမ်းရည်ကို ၂၀၁၄ ခုနှစ်အတွင်းတွင် စောင့်ကြည့်ကြရတော့မည်လည်း ဖြစ်သည်။


Eleven Media Group