ဂျပန်အစိုးရက ယန်းရှစ်ဘီလီယံ ထပ်မံအကူအညီပေးမည်

ပို့စ်တင်ချိန် - 3/24/2014 03:33:00 PM


မြန်မာနိုင်ငံတွင် ရထားလမ်းများ စောင့်ကြည့်စနစ်နှင့် ဆေးရုံများ၌ နောက်ဆုံးပေါ် ဆေးဝါးကိရိယာများသုံးစွဲရေးအတွက် ဂျပန်နိုင်ငံမှ နောက်ထပ် ဂျပန်ယန်းငွေ ရှစ်ဘီလီယံ(အမေရိကန် ဒေါ်လာ ၇၈ သန်း) ထောက်ပံ့ပေး မည့်အစီအစဉ်ကို ဂျပန်အစိုးရက ယနေ့ ကြေညာမည်ဖြစ်သည်။

ရန်ကုန်မြို့သို့ မတ်လ ၂၃ ရက် တွင် ရောက်ရှိလာသည့် ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါ သည် မြန်မာသမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နေပြည်တော်တွင် ယနေ့တွေ့ဆုံရာ၌ အဆိုပါ အကူအညီပေးမှုကို ပြောကြားမည်ဖြစ်သည်။

နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရန်နှင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ဂျပန်ကုမ္ပဏီများအားပံ့ပိုးရန် ဂျပန်ဝန်ကြီးချုပ် ရှင်ဆိုအာဘေးက ၂၀၁၂ ခုနှစ် ဒီဇင်ဘာက မြန်မာနိုင်ငံသို့ ဂျပန်ယန်းငွေ ၁၆၀ ဘီလီယံ ထောက်ပံ့သွားမည်ဟု  ကတိပြု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီးနှင့် နေပြည်တော်တွင် ဆွေးနွေးရာ၌ မြောက်ကိုရီးယားနှင့် သံတမန်ဆက်သွယ်ရေးရှိသော မြန်မာနိုင်ငံဆီမှ မြောက်ကိုရီးယား၏ ဂျပန်နိုင်ငံသားများအပေါ် အတိတ်က အနိုင်အထက်မတရားကျင့်ခဲ့မှုများ ကူညီဖြေရှင်းပေးရန် ထောက်ခံမှုရရှိမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကီရှီဒါက မျှော်လင့်သည်။

ထို့အပြင် ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံတွင် ကျဆုံးသွားသော ဂျပန်စစ်သားများ၏ ရုပ်အလောင်းများကို လေ့လာရှာဖွေရာတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံ သဘောတူ ဆောင်ရွက်သွားမည်ဟု မျှော်လင့်ထားသည်။

ကိုးကား-Kyodo
7 Day Daily