ဧရာဝတီတိုင်းဒေသကြီးတွင် ဧကပေါင်း ၂၆၀၀ စံပြကွက်ဖော်မည်

ပို့စ်တင်ချိန် - 3/24/2014 06:24:00 PM


ရန်ကုန်၊ မတ် ၂၃

စပါးအထွက်နှုန်း မြင့်မားကာ လယ်ယာမြေ အကျိုးစီးပွား မြှင့်တင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်၌ တစ်မြို့နယ် ဧက ၁၀၀ နှုန်းဖြင့် ဧကပေါင်း ၂၆၀၀ ကို စံပြကွက်အဖြစ် ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် ဖော်ထုတ်မည် ဖြစ်ကြောင်း ယင်းတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးမှူး ဦးအေးသန်းက ပြောကြားသည်။

စံပြကွက် ဖော်ထုတ်မည့် လယ်မြေများကို တောင်သူများနှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ရှိသူများက ညှိနှိုင်း ရွေးချယ်ရမည် ဖြစ်ပြီး ဆည်ရေသောက် ဧရိယာများတွင် စံပြကွက် ဖော်ထုတ်နိုင်ရေးအတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် စီစဉ်လျက် ရှိကြောင်း၊ ဒေသခံတောင်သူများက ဧရိယာတိုင်းတာ၍ တင်ပြမည်ဆိုပါက အဆင်ပြေနိုင်ဖွယ် ရှိကြောင်း တိုင်းဦးစီးမှူးက ဆိုသည်။

ဟင်္သာတခရိုင် မြန်အောင်နှင့် ကြံခင်းမြို့နယ်များမှ ကွန်ချောင်းဆည် ဧရိယာတွင် ဧက ၁၅၀၀ စံပြကွက် ဖော်ထုတ်ရေး တောင်းဆိုမှုကို လက်ရှိအချိန်တွင် လုပ်ပေးနိုင်ဖွယ် မရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် မိုးစပါး စိုက်ဧက ၃၆ သိန်းရှိပြီး စက်မှုလယ်ယာ ဦးစီးဌာနတွင် လယ်ထွန်စက် အစီးရေ ၂၅၀ ဝန်းကျင်သာ ရှိသဖြင့် လယ်ယာသုံး စက်ကိရိယာ မရှိသည့် တောင်သူများကို လိုအပ်သည့် နည်းပညာပိုင်း ဆိုင်ရာများ ဦးစားပေး ကူညီပေးမည်ဟု ဦးအေးသန်းက ဆက်လက်ပြောဆိုသည်။

နေပြည်တော် ကောင်စီနယ်မြေတွင် စံပြဧက နှစ်သောင်းကျော် ဖော်ထုတ်ပေးခဲ့ပြီး ဒေသအချို့၌ စံပြကွက် ဧကများ ဖော်ထုတ်ရေးတွင် တောင်သူအချို့က ကန့်ကွက်ပါက ဆက်လက်လုပ်ကိုင်ရန် မဖြစ်နိုင်ကြောင်း၊ စံပြဖော်ထုတ်ကွက် တစ်ကွက်အတွက် ကျပ်ငါးသိန်း သုံးသောင်းဝန်းကျင် ကုန်ကျစရိတ်ရှိပြီး မြို့နယ်ပေါင်း ၃၃၀ ကို ဖော်ထုတ်ပေးနေခြင်း ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ပြည်ထောင်စုဝန်ကြီး ဦးအုန်းသန်းက ပြောကြားသည်။

စံပြကွက်များအတွက် နေရာရွေးချယ်ရာတွင် တောင်သူများ သဘောတူ လက်မှတ်ထိုးထားရကြောင်း၊ စံပြကွက်များကို လယ်ထွန်စက်ဖြင့် လုပ်ကိုင်ရမှုကြောင့် မြေမညီမျှမှု အနည်းငယ် ဖြစ်တတ်သည်ကို တောင်သူများ ကြိုတင် သိရှိထားရမည် ဖြစ်ပြီး ကန်သင်းရေလုံအောင် ကိုယ်တိုင်လည်း လုပ်ရန်လိုသည်ဟု ၎င်းကဆိုသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က နှစ်ရှည်ချေးငွေ ရရှိရေး၊ အတိုးနှုန်း သက်သာရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ငွေချေးယူပြီး တောင်သူများကို ပြန်ချေးရသည့်အစား ဗဟိုဘဏ်မှ တိုက်ရိုက်ချေးယူပြီး တောင်သူများ လုပ်ကိုင်နိုင်ရေး ဆောင်ရွက်မည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက တောင်သူများနှင့် မတ်လ ၁၇ ရက်နေ့က တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

The Voice Weekly Myanmar