ပျောက်ဆုံးလေယာဉ်နှင့်ပတ်သက်ပြီး သံသယဖြစ်ဖွယ် အရာဝတ္ထတခု တွေ့ရှိဟုဆို

ပို့စ်တင်ချိန် - 3/24/2014 05:18:00 PM


ဓာတ်ပုံ - အေအက်ဖ်ပီ

ပျောက်ဆုံးနေဆဲ မလေးရှားလေယာဉ် MH370 ကို ရှာဖွေနေတဲ့ တရုတ်လေယာဉ်က အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ သံသယဖြစ်ဖွယ် အရာဝထ္ထုတခုကို ရှာဖွေတွေ့ရှိထားတယ်လို့ တရုတ်အစိုးရပိုင် ရုပ်သံက ဒီနေ့  ကြေညာပါတယ်။

စီစီတီဗွီသတင်းမှာ သံသယဖြစ်ဖွယ် အရာဝထ္ထုကို အရှေ့လတ္တီကျူ ၉၅ ဒဿမ ၁ နဲ့ တောင်လောင်တီကျူ ၄၂ ဒဿမ ၅၄ မှာ တရုတ်ရှာဖွေရေး လေယာဉ် အိုင်အယ်လ် ၇၆ က တွေ့ရတယ်လို့ ဆင်ဟွာသတင်းကို ကိုးကားပြီး ကြေညာသွားပါတယ်။

ဒီလို တွေ့ရှိထားတာ သြစတြေးလျကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ ရှာဖွေရေးလေယာဉ်က တွေ့ရတဲ့ အရာဝထ္ထုဟာ  အတော်အတန်ကြီးမားပြီး အနီးတ၀ိုက် ကီလိုမီတာတော်တော်များများ အကျယ်အ၀န်းအထိ အဖြူရောင် အပိုင်းအစတွေ ပြန့်ကျဲနေတာကို တွေ့ရတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

တရုတ်ရေခဲခွဲ နှင်းနဂါး သင်္ဘောဟာ အခုနောက်ဆုံး တွေ့တဲ့ နေရာဘက်ကို ဦးတည် မောင်းနှင်သွားနေတယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

အခုဆိုရင် လေယာဉ်ပျောက် ရှာပုံတော်ဟာ ၃ ပတ်ထဲကို ရောက်နေပါပြီ။ လူ ၂၃၉ ယောက်ပါသွားတဲ့ Boeing 777  နဲ့ပတ်သက်လို့ အခုအထိ ခိုင်မာတဲ့ သဲလွန်စတခုမှ ရှာမတွေ့သေးပါဘူး။

DVB Burmese