မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှု မြင့်မားလျက်ရှိပြီး ပြည်တွင်း၌ နှစ်စဉ်ထုတ်လုပ်နေသည့် အရက်နှင့်ဘီယာ ဂါလန်ပေါင်း ၂၅ သန်းနှင့်အထက် ရှိနေ

ပို့စ်တင်ချိန် - 3/24/2014 03:27:00 PM



မြန်မာနိုင်ငံတွင် အရက်သောက်သုံးမှု မြင့်မားလျက်ရှိပြီး ပြည်တွင်း၌ နှစ်စဉ်ထုတ်လုပ်နေသည့် အရက်နှင့်ဘီယာ ဂါလန်ပေါင်း ၂၅၀၀၀၀၀၀ (ဂါလန် ၂၅ သန်း)နှင့်အထက်ရှိကြောင်း သိရသည်။

အဆိုပါပမာဏမှာ ပြည်တွင်း၌ပင် ထုတ်လုပ်နေသည့် အရေအတွက်ဖြစ်ပြီး ပြည်ပမှ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းမှဖြစ်စေ၊ တရားမ၀င်ကုန်သွယ်မှု လမ်းကြောင်းမှဖြစ်စေ ဈေးကွက်အတွင်း ၀င်ရောက်လာသည့် အရက်နှင့် ဘီယာများကို ထည့်သွင်းတွက်ချက်လျှင် ဂါလန်သိန်းပေါင်းများစွာ မြန်မာပြည်၏ ဈေးကွက်အတွင်း ရှိနေကြောင်း သိရှိနိုင်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံသားပိုင် ဘီယာနှင့် အရက်ချက်စက်ရုံများ ရှိသကဲ့သို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင်အစည်းအဝေးမှ စိစစ်ခွင့်ပြုချက်များအရ ယခုအခါ နိုင်ငံသားကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်မည့် နိုင်ငံခြား ဘီယာကုမ္ပဏီများပါ ၀င်ရောက်လာပြီဖြစ်သည်။

၂၀၁၃ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ၌ တင်သွင်းခဲ့သည့် သုတေသန စာတမ်းတစ်စောင်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ ၇၀၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့ရာတွင် အမျိုးသားများ၏ အရက်သောက်သုံးမှုနှုန်းမှာ ၃၁ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးများ၏ အရက်သောက်သုံးမှုနှုန်းမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအတိုင်း စစ်တမ်းကောက်ယူမည်ဆိုပါက ဖော်ပြပါ ရာခိုင်နှုန်းထက်ပင် ပိုများနိုင်သည်ဟု သိရသည်။

“အရက်တွေ ဘီယာတွေကို အများကြီး သောက်မယ်ဆိုရင် အသည်းကို ထိခိုက်နိုင်ပါတယ်။ အသည်းက လူ့ကျန်းမာရေးအတွက် အရေးကြီးတဲ့ Organ တစ်ခု ဖြစ်တယ်။ အသည်းကနေ အလုပ်တွေ အများကြီး လုပ်ပေးတယ်။ ဒါကြောင့် အသည်းက မကောင်းတော့ဘူးဆိုရင် နောက်ပိုင်းဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်ပါတယ်” ဟု ဒေါက်တာဝင်းစည်သူက ပြောပြသည်။

ယင်းကဲ့သို့ သောက်သုံးမှုများကြောင့် ရေရှည်တွင် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ်စေတတ်သည့် အရက်၊ ဘီယာနှင့် ၀ိုင်အမျိုးမျိုးပေါ်၌ အခွန်စည်းကြပ် ကောက်ခံရာတွင်မူ ပြည်ပမှ တင်သွင်းသည့် ကုန်စည်ဖြစ်လျှင် ကုန်းပေါ်ရောက် တန်ဖိုးပေါ်တွင် လည်းကောင်း၊ နိုင်ငံတော်အတွင်း ထုတ်လုပ်သော ကုန်စည်ဖြစ်လျှင် ရောင်းရငွေပေါ်တွင် လည်းကောင်း ကောက်ခံမည့် အခွန်နှုန်းထားမှာ ရာခိုင်နှုန်း ၅၀ သာဖြစ်သည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ပြည်တွင်း၌ ထုတ်လုပ်သည့် အရက်နှင့် ဘီယာဂါလန် အရေအတွက်ကို ကြည့်မည်ဆိုပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဂါလန်ပေါင်း ၂၄၈၆၇၇၁၃ (ဂါလန် ၂၄၈ သိန်း)၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဂါလန်ပေါင်း ၂၇၄၇၉၅၃၉ (ဂါလန် ၂၇၄ သိန်း) ထုတ်လုပ်ခဲ့ကာ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ကိုးလအတွင်း ဂါလန်ပေါင်း ၂၅၂၅၂၂၉၅ (ဂါလန် ၂၅၂ သိန်း) ထုတ်လုပ်ထားကြောင်း သိရသည်။


Eleven Media Group