စဥ့်ကိုင် သစ်အချောထည်စက်ရုံလုပ်သား ၁၀၀၀ ကျော်ဆန္ဒပြ

ပို့စ်တင်ချိန် - 3/24/2014 11:43:00 PM


မန္တလေးတိုင်း ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာမှာရှိတဲ့ ကံကောင်းခြင်း ရတနာသစ်ချောထည်စက်ရုံမှာ  လုပ်အားခ အပြည့်အ၀ရရှိရေးအတွက် အလုပ်သမား ၁၀၀၀ ကျော် အလုပ်မဆင်းဘဲ ဆန္ဒပြနေကြပါတယ်။

ဘယ်လင်းကျေရွာမှာ ရှိတဲ့ ကံကောင်းခြင်းရတနာ သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ ပြီးခဲ့တဲ့လက သူတို့နဲ့ အလုပ်ရှင်အကြား ရထားခဲ့တဲ့ သဘောတူညီချက် တွေကို အလုပ်ရှင်က အကောင်အထည် မဖော်ပေးတဲ့အတွက် ဆန္ဒပြတာလို့ အလုပ်သမား ခေါင်းဆောင် ဦးခိုင်မင်းက ပြောပါတယ်။

အလုပ်သမားတွေဟာ သူတို့ရဲ့ လိုလားချက်တွေကို ရရှိဖို့အတွက် ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့ ကတည်းက အလုပ်မဆင်းဘဲ အလုပ်ရုံရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြတာ သီတင်း ၁ ပတ်နီးပါး ရှိလာပြီ ဖြစ်ပေမယ့် အလုပ်ရှင်ဘက်က ဖြေရှင်းပေးမှုတွေ မလုပ်ဘဲ အလုပ်ကို ပြန်ဝင်ဖို့သာ တွန်းအားပေးတယ်လို့ ပြောပါတယ်။

အလုပ်သမားတွေရဲ့ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး အလုပ်ရှင်ဘက်ကိုတော့ ဆက်သွယ်လို့ မရပါဘူး။

အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဒေါ်သက်သက်အောင်ကတော့ ခုလို အလုပ်သမားတွေ အကြိမ်ကြိမ်ဆန္ဒပြရတာဟာ တရားမျှတမှု မရှိလို့ ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း အလုပ်သမားတွေဟာ အလုပ်ချိန်လျော့ချရေးနဲ့ လစာအပြည့်အ၀ရရှိရေး ဆန္ဒပြခဲ့ကြပြီး အလုပ်ရှင်နဲ့ အချက် ၁၄ ချက်ကို သဘောတူညီခဲ့ပါတယ်။

ဒီအချက်တွေထဲက အတော်များများကို အလုပ်ရှင်က လိုက်လျောမပေးတဲ့အတွက် အခုထပ်ပြီး ဆန္ဒပြရတာလို့ ပြောပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်













DVB Burmese