ထိုင်းနိုင်ငံ၌ တည်ထားကိုးကွယ်မည့် မဟာမြတ်မုနိဘုရားပုံတူ ကျိုင်းတုံသို့ ရောက်ရှိ

ပို့စ်တင်ချိန် - 3/24/2014 10:33:00 PM


ကျိုင်းတုံ၊ မတ် ၂၃

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ရှိ လာမ်ဖွန်မြို့၌ တည်ထားကိုးကွယ်ရန် မန္တလေး မြို့၌ သွန်းလောင်းခဲ့သော မဟာမြတ်မုနိ ဘုရားကြီး၏ ပုံတူရုပ်ပွားတော် အဘိဇယဝံသ မဟာမုနိဘုရားကြီးသည် ရှမ်းပြည် နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ မတ်လ ၂၀ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရောက်ရှိလာခဲ့ပြီး တစ်ညတာ ကိန်းဝပ်စံပယ်တော် မူခဲ့ကြောင်း ယင်းမြို့နယ် ဒေသခံများထံမှ သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ လာမ်ဖွန် ကျောင်းဆရာတော် PHRA APIWIT APICCHAYO နှင့် ဒါယကာ၊ ဒါယကာမတို့ စုပေါင်းကာ မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် အဆိုပါ အဘိဇယဝံသ မဟာမုနိဘုရားကြီးကို မဟာမြတ်မုနိ ဘုရားကြီး၏ ရုပ်ပွားတော် အနေနှင့် တည်ထား ကိုးကွယ်ရန်အတွက် သွန်းလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဘုရားကြီးကို မန္တလေးမြို့မှနေ၍ ဦးဆောင်ကာ ပင့်ဆောင်လာသည့် ဟိုပုန်းမြို့ ဆွမ်မီကျောင်း ဆရာတော် ဦးဝိမလ ဓမ္မက မိန့်ကြားသည်။
“မဟာမြတ်မုနိ ဘုရားကြီးပုံတူကို ချင်းမိုင်မြို့နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ လာမ်ဖွန်မြို့မှာ တည်ထား ကိုးကွယ်ချင်တယ်လို့ အဲဒီလာမ်ဖွန်ကျောင်း ဆရာတော်နဲ့ သူ့ဒါယကာတွေက အကူအညီတောင်းလို့ ဦးပဉ္စင်းတို့က ကူညီပေးတာပါ။ ဦးပဉ္စင်းတို့ ထိုင်းဘက် သွားရင်လည်း အဲဒီ ဆရာတော်က လိုလေသေးမရှိ အကူအညီ ပေးတာဆိုတော့ ကိုယ့်မြန်မာဘက် လာရင်လည်း ပြန်ကူညီပေးတဲ့ သဘောပါ။ ဘုရားကြီးကို မန္တလေး မြန်မာမှု ကြေးသွန်း လုပ်ငန်းမှ ဦးဝင်းမောင်က သွန်းလုပ်ပေးပြီး တာချီလိတ်မြို့အထိ ဦးပဉ္စင်းတို့က ကူညီပြီး ပို့ပေးရတာ” ဟု ဆရာတော်က မိန့်ဆိုသည်။

ယင်းရုပ်ပွားတော်မြတ်ကြီးကို မန္တလေးမြို့မှ ထိုင်းနိုင်ငံသို့ ပို့ဆောင်ရန်အတွက် တပေါင်းလပြည့်နေ့တွင် မန္တလေး မဟာမြတ်မုနိ ဘုရားကြီး၌ သံဃာတော် ၁၀၈ ပါးဖြင့် ဘုရားအနေကဇာ တင်ခဲ့ပြီး သုံးရက်ကြာ ရင်ငွေ့လုံခဲ့ကြောင်း၊ မတ်လ ၁၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် မော်တော်ယာဉ်များဖြင့် မန္တလေးမြို့၌ လှည့်လည် အပူဇော်ခံခဲ့ကာ စတင်ပင့်ဆောင် လာခဲ့ကြောင်း၊ တောင်ကြီးမြို့၌ တစ်ညတာ ကိန်းဝပ်အပူဇော်ခံခဲ့ပြီး သံဃာတော် ၁၀၈ ပါးဖြင့် ထပ်မံ၍ ဘုရားအနေကဇာ တင်ခဲ့ကြောင်း တောင်ကြီးမြို့ အေးစေတီ စာသင်တိုက် ပဓာနနာယက ဆရာတော် ဦးလက္ခဏသာမီဘိဝံသက ဆက်လက်မိန့်ကြားသည်။

“မန္တလေးမှာ လှည့်လည်အပူ ဇော်ခံခဲ့တာ အလှူငွေကျပ် ၁၀ သိန်းခန့်ရတယ်။ တောင်ကြီးတို့၊ နမ်ဆမ်တို့ မိုင်းပျဉ်းမြို့တွေက အလှူငွေကတော့ မရေတွက်ရသေးလို့ မသိသေးပါဘူး။ ကျိုင်းတုံမှာ ကတော့ မြန်မာငွေ ၄၀၉,၁၅၀ ကျပ်၊ ထိုင်းဘတ် ၁၁၅ ဘတ်နဲ့ ဒေါ်လာ ၃၀ ရပါတယ်။ ဒီအလှူငွေ အားလုံးက ဘုရားကြီး အလှူငွေတွေ ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံက ဆရာတော်ကို အကုန်ပြန်လှူပေးမှာပါ။ ဘုရားကြီးကို ပင့်ဆောင်လာတာမှာ ဆရာတော်ကြီး ကိုးပါးနဲ့ ဒါယကာ ခုနစ်ဦးက ကိုယ့်စရိတ်နဲ့ ကိုယ်ကုသိုလ် ယူပေးကြတာပါ။ မြို့တိုင်းမှာတော့ ဒေသခံဓမ္မစကြာ ဝတ်အသင်းတွေနဲ့ လူမှုရေး အသင်းအဖွဲ့တွေက ကူညီကြပါတယ်” ဟု တောင်ကြီးမြို့၊ အေးစေတီတိုက်ခွဲ ဓမ္မဥယျာဉ် ကျောင်းဆရာတော် အရှင်သူရိယက မိန့်ဆိုသည်။

အဆိုပါ အဘိဇယဝံသ မဟာမုနိဘုရားကြီးကို မန္တလေးမြို့၌ ၂၀၁၃ ခုနှစ် ဇွန်လတွင် စတင်သွန်းလောင်းခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ပြီးစီးကြောင်းနှင့် ဘုရားကြီး၏ ဉာဏ်တော် အမြင့်သည် ၁၁ ပေ ၆ လက်မရှိပြီး ကြေးပိဿာချိန် ၁၇၀၀ ရှိရာ မန္တလေးမြို့မှ တာချီလိတ်မြို့အထိ သယ်ဆောင်ခ အပါအဝင် စုစုပေါင်း ကုန်ကျငွေသိန်း ၁၃၀ ရှိကြောင်း ယင်းဘုရားကြီးအား ဦးဆောင် ပင့်ဆောင်လာသည့် ဆရာတော်ကြီးများ၏ မိန့်ကြားချက်အရ သိရသည်။

The Voice Weekly Myanmar