အလောင်းတော်ကဿပမှ ဘုရားဖူး ပြန်လာသည့် ဒိုင်နာယာဉ် ချောက်ထဲထိုးကျ၊ နှစ်ဦး သေဆုံး၍ ၂၂ ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 3/24/2014 07:35:00 PM


အလောင်းတော်ကဿပမှ ဘုရားဖူး ပြန်လာသည့် ဒိုင်နာယာဉ် တစ်စီးသည် မတ်လ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်က သနပ်ခါး ရေစခန်းအနီး ကုန်းဆင်းတွင် ဆိုင်ကယ်ကို ရှောင်ရာမှ အရှိန်လွန်ပြီး လမ်း၏ လက်ယာဘက်ရှိ ဝါးသုံးပြန်ခန့် နက်သော ချောက်အတွင်းသို့ ထိုးကျခဲ့ရာ ခရီးသည် နှစ်ဦး သေဆုံးပြီ ၂၂ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသော လူမှုကူညီရေး အသင်းဝင်များနှင့် ယင်းကားပေါ်တွင် ပါလာသည့် ဘုရားဖူးများ၏ ပြောကြားချက်အရ သိရသည်။

ချောက်ထဲ ထိုးကျခဲ့သည့် ဒိုင်နာယာဉ်မှာ အမရပူရမြို့နယ် ယဉ်တော်ရွာမှ အသိနှင့် ဆွေမျိုးသားချင်းများ စုပေါင်းပြီး အလောင်းတော်ကဿပသို့ ဘုရားဖူးသွားရန် စုပေါင်း ငှားလာသည့် ဒိုင်နာယာဉ် ဖြစ်ပြီး ကားပေါ်တွင် ကလေး၊ လူကြီး စုစုပေါင်း၂၆ ဦး ပါဝင်ခဲ့ကြောင်း ကားပေါ်တွင် ပါဝင်ခဲ့သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

“ကားဆရာက သောက်ထားတယ်။ အရှေ့က ဆိုင်ကယ်ကို ရှောင်လိုက်တဲ့ အချိန်မှာ ကားက အရှိန်လွန်ပြီး လမ်းဘေးက ချောက်ထဲကို ထိုးဆင်းသွားတာပဲ။ ကျွန်မလည်း မျက်စိစုံ မှိတ်ထားလိုက်တာ ချောက်ထဲရောက်မှ သိတော့တယ်။ ချောက်က တော်တော်နက်တယ်။ လမ်းလျှောက်နိုင်တဲ့ သူတွေက ကားလမ်းပေါ် ပြန်တက်ပြီး အကူအညီတွေ တောင်းကြတယ်။ ခဏကြာတော့ ဦးပဉ္ဇင်းတွေ ရောက်လာပြီး ကူညီကြတယ်” ဟု ချောက်ထဲကျသော ဒိုင်နာယာဉ်နင့် ဘုရားဖူး ခရီးထွက်လာသူ အမရပူရမြို့နယ် ယဉ်တော်ရွာနေ မဝင်းမာက ပြောကြားသည်။

မတော်တဆမှု ဖြစ်ပွားခဲ့သော နေရာတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အတွက် အလောင်းတော်ကဿပမှ ပြန်ဆင်းသော ကားလမ်းများ သုံးနာရီခန့် ပိတ်ဆို့သွားခဲ့ပြီး ဒဏ်ရာရရှိသူများကို ကပိုင် တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးနေသည်ကို မြင်တွေ့ခဲ့ရကြောင်း မုံရွာနှင့် အလောင်းတော်ကဿပ လိုင်းပြေးနေသည့် မင်းသိန်းနှင့် ရောင်းရင်းများ ကားလိုင်းမှ ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

“ကပိုင် တိုက်နယ်ဆေးရုံကနေ လူနာတွေကို မုံရွာကိုပြောင်းဖို့ အနီးအနား ကျေးရွာတွေက လူနာတင်ယာဉ်တွေ ခေါ်ပြီး ပို့ခဲ့ပါတယ်။ ကပိုင် ဆေးရုံမှာတော့ အမျိုးသားတစ်ဦး ဆုံးသွားတယ်။ မုံရွာဆေးရုံကြီး ရောက်တော့လည်း အဘွားအို တစ်ဦးက အသက် မရှိတော့ဘူး။ ဒဏ်ရာ ပြင်းထန်တဲ့ သူတွေလည်း ရှိတယ်။ အနည်းငယ် ထိခိုက်သူလည်း ရှိတယ် ကလေးတွေလည်း ပါတယ်” ဟု မုံရွာဆေးရုံကြီးသို့ လူနာများ လိုက်ပါ ပို့ဆောင်ပေးခဲ့သည့် သင်္ဂဟ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အလောင်းတော်ကဿပ ကားလမ်းသည် တောင်တက် တောင်ဆင်းလမ်း ကြမ်းသည့်အတွက် သွားလာဖူးသည့် ယာဉ်မောင်းများသာ မောင်းနှင် သင့်ကြောင်း၊ ယာဉ်မောင်းအချို့မှာ အရက်သေစာများကို သော်စားပြီး ယာဉ်မောင်းနှင်ခြင်းကြောင့် ခရီးလမ်းတွင် ယာဉ်မတော်တဆ ဘုရားဖူး ခရီးသည်များ အသက်မဆုံးရှုံးသင့်ဘဲ အသက်ဆုံးရှုံးရကြောင်း အလောင်းတော်ကဿပ သာသနာ့နယ်မြေတွင် သီတင်းသုံး နေထိုင်သည့် သံဃာတော် တစ်ပါးက မိန့်ကြားသည်။

မုံရွာဆေးရုံကြီးသို့ ရောက်ရှိခဲ့သည့် လူနာ စုစုပေါင်း၂၂ ဦး ရှိပြီး အသက် ၆၅ နှစ်အရွယ် အဘွားအိုတစ်ဦး သေဆုံးကြောင်း၊ ထိခိုက်ဒဏ်ရာများမှာ အမျိုးမျိုး ဖြစ်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသူများလည်း ပါဝင်ကြောင်း မုံရွာပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly