ကလေးခရိုင်တွင် ဆင်စွယ်နှစ်ချောင်းနှင့် သင်းခွေချပ်ခွံ ၃၄ ပိဿာဖမ်းမိ

ပို့စ်တင်ချိန် - 3/24/2014 06:19:00 PM


ကလေး၊ မတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်တွင် မတ်လ ၁၉ ရက်နေ့က ကျပ်သိန်း ၆၀ တန်ဖိုးရှိ ဆင်စွယ် နှစ်ချောင်းနှင့် ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိ သင်းခွေချပ်ခွံ ၃၄ ပိဿာအား ဖမ်းဆီးရမိခဲ့ကြောင်း ကလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ကလေးဝမြို့နယ် တောင်ကုန်း ကျေးရွာအနီး ကလေးဝ-ယာကြီး-မုံရွာ ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁၁) တွင် ကလေးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ရွှေသဇင် ခရီးသည်တင်ယာဉ်ကို သတင်းအရ ရှာဖွေရာ ကားထိုင်ခုံ နောက်ဆုံးတန်းနှင့် နောက်ပိတ်ကြားတွင် အလျား ၂ ပေ ၁၁လက်မခန့်၊ အလေးချိန် သုံးပိဿာခန့်စီရှိသော ဆင်စွယ်နှစ်ချောင်း (တစ်ပိဿာလျှင် ၁၀ သိန်းကျပ်နှုန်းဖြင့် ကာလတန်ဖိုး ကျပ်သိန်း ၆၀) နှင့် ယာဉ်မောင်းထိုင်ခုံ ယာဘက်တူးဘော်နှင့် ကားဘော်ဒီကြားတွင် ပလတ်စတစ် အပြာရောင်ဖြင့် ထုပ်ပြီး ဆေးလိပ်ဘူးခွံဖြင့် ထည့်ထားသော ၈၈ စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၂၂ ပြား (တစ်ပြားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ကျပ်ခြောက်သိန်း တစ်သောင်းကျပ်) တို့အား တွေ့ရှိသဖြင့် မေးမြန်းရာ ကလေးမြို့ရှိ ရွှေသဇင်ကားဂိတ်မှ ကုန်ကိုယ်စားလှယ် ဦးအဲ (ခ) ဝင်းထွဋ်မှ တင်ပေးခဲ့ကြောင်း၊ ပစ္စည်းပိုင်ရှင်မှာ ဒေါ်အားမိန် ဖြစ်သည်ဟု ထွက်ဆိုကြောင်း အဆိုပါရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ယာဉ်မောင်း ဦးဇော်မျိုးလတ်၊ ယာဉ် နောက်လိုက် ဦးတိုးနိုင်ဝင်း၊ ဦးအဲ (ခ) ဝင်းထွဋ်နှင့် ဒေါ်အားမိန်တို့ လေးဦးအား ကလေးဝ မြို့မရဲစခန်းမှ (ပ) ၁၇/၂၀၁၄၊ သဘာဝအပင်များ တောရိုင်းတိရစ္ဆာန်များ ကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ-၃၇ (က) ဖြင့်လည်းကောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား မယ(ပ)၂/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ - ၁၅/၁၉(က)/၂၁ တို့ဖြင့် လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အလားတူ ယင်းနေ့ ညနေ ၅ နာရီခန့်တွင် ကလေးဝ-ယာကြီး-မုံရွာ ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁၀) တွင် ကလေးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် ရွှေသဇင် ခရီးသည်တင် မှန်လုံယာဉ်အား ရှာဖွေရာ ခရီးသည်များထိုင်သည့် ထိုင်ခုံအောက်မှ စပါးနှံတံဆိပ်ပါ အဖြူရောင် ပီနှံအိတ် ငါးအိတ်အတွင်း သင်းခွေချပ် အကြေးခွံ စုစုပေါင်း ၃၄ ပိဿာ၊ တစ်ပိဿာလျှင် ခြောက်သောင်း ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၂,၀၄၀,၀၀၀ သိန်းအား တွေ့ရှိခဲ့သဖြင့် မေးမြန်းရာ ရွှေသဇင်ကားဂိတ်မှ ကုန်ကိုယ်စားလှယ် ဦးအဲ (ခ) ဝင်းထွဋ်မှ တင်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသဖြင့် ယာဉ်မောင်း ဦးတင်ထွန်းအောင် (ချောက်မြို့) နှင့် ယာဉ်နောက်လိုက် ဦးဂျာဂျန်းဘာလူး (တမူးမြို့) နှင့် ဦးအဲ (ခ) ဝင်းထွဋ်တို့အား ကလေးဝမြို့မ ရဲစခန်းမှ (ပ) ၁၇/၂၀၁၄၊ သဘာဝအပင်များ တောရိုင်းတိရစ္ဆာန်များ ကာကွယ် စောင့်ရှောက်ရေး ဥပဒေပုဒ်မ - ၃၇(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
“ဒီကနေ့ထိတော့ ဆက်စပ် တရားခံတွေကို စုံစမ်းစစ်ဆေးနေဆဲပါပဲ” ဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက ဆိုသည်။

The Voice Weekly Myanmar