ယုံကြည်လောက်တဲ့သဲလွန်စကြောင့် လေယာဉ်တွေ့ရန် မျှော်လင့်ချက်တိုးလာဟု သြဇီဝန်ကြီးချုပ်ပြော

ပို့စ်တင်ချိန် - 3/24/2014 06:19:00 PM


အေအက်ဖ်ပီ

ကင်ဘာရာ၊ မတ် ၂၃

လေယာဉ်အပိုင်းအစများဟု ယုံကြည်ရလောက်သည့် အရာဝတ္ထုများ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ရေပြင် တွင် မျောပါနေသည်ကို တွေ့ရှိရသဖြင့် ပျောက်ဆုံးသွားသော မလေးလေယာဉ် MH 370 နှင့် ခရီးသည် များ၏ ကံကြမ္မာကိုသိရှိရန် မျှော်လင့်ချက်များ တိုးလာကြောင်း သြစတြးလျဝန်ကြီးချုပ်က ထုတ်ဖော်ပြော ကြားလိုက်သည်ဟု မတ်လ ၂၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သြဇီဝန်ကြီးချုပ် တိုနီအဘော့တ်က “အတိအကျပြောဖို့ စောပါသေးတယ်။ ယုံကြည်လောက်တဲ့သဲလွန်စ တွေ ဖြစ်တယ်ဆိုတာတော့ သိသာပါတယ်။ ဒါကြောင့် မျှော်လင့်ချက်တော့ တိုးလာတာပေါ့။ ကံမကောင်း အကြောင်းမလှတဲ့ ဒီလေယာဉ်ဘာဖြစ်သွားခဲ့တာလဲဆိုတာ သိနိုင်ဖို့လမ်းစတော့ ဖြစ်နိုင်ပါတယ်” ဟု ပြော သည်။

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း မလေးရှားလေယာဉ်ရှာဖွေမှုတွင် ကုန်ပစ္စည်းတင် သစ်သားပျဉ်ချပ်များ၊ ကြိုးစ များနှင့် ခါးပတ်များကို တွေ့ရှိခဲ့ကြောင်း သြစတြေးလျ အာဏာပိုင်များက ပြောကြားပြီးနောက် ၀န်ကြီးချုပ် က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပျောက်ဆုံးသွားသော ဘိုရင်း ၇၇၇ လေယာဉ်ကို ရှာဖွေနေသော ဇုန်အတွင်း သြစတြေးလျနိုင်ငံ ပါ့သ်မြို့၏ အနောက်တောင်ဘက် မိုင် ၁,၅၀၀ ခန့်ပင်လယ်ပြင်တွင် ယင်းအပိုင်းအစများ မျောနေသည်ကို ဂြိုဟ်တုမှ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

တွေ့ရှိမှုနှင့်ပတ်သက်၍ အသေးစိတ်ကို မေးမြန်းသောအခါ ၀န်ကြီးချုပ် အဘော့တ်က “သြစတြေးလျက ရှာဖွေနေတဲ့ဇုန်အတွင်းမှာ ခပ်သေးသေး အရာဝတ္ထုလေးတွေကို ခပ်စိတ်စိတ် အစုလိုက်တွေ့ရတယ်။ ကုန်တင်တဲ့ သစ်သားပြားတွေလို့ ယူဆရတာပဲ” ဟု ပြောသည်။

သြစတြေးလျ ပင်လယ်ရေကြောင်း ဘေးကင်းလုံခြုံရေး အာဏာပိုင်အဖွဲ့ (AM SA) က တွေ့မြင်ရသော အရာဝတ္ထုများသည် လေယာဉ်အမှတ် MH370 နှင့် ဆက်စပ်မှုရှိမရှိ သေချာအောင် နောက်ထပ်ကြိုးစား မည်ဟု ကြေညာခဲ့ပြီး နာရီပေါင်းများစွာ ကြာပြီးနောက် ၀န်ကြီးချုပ်က အထက်ပါအတိုင်း ထုတ်ဖော်ပြော ဆိုခဲ့သည်။

လက်ရှိအချိန်အထိ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ဝေးလံခေါင်ဖျားသော ရေပြင်တွင် အပျက်အစီးအပိုင်းအစ ဟု ယူဆရသော အရာဝထ္ထုများအား သြစတြေးလျ၊ တရုတ်နှင့် ပြင်သစ်နိုင်ငံတို့မှ တွေ့ရှိထားသည်။ဤကိစ္စ နှင့်ပတ်သက်၍ သြစတြေးလျဝန်ကြီးချုပ်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မပြုခဲ့ပေ။

Mizzima Burmese