စံနှုန်းသတ်မှတ်အပြီး ခြောက်လအတွင်း အိမ်၊ ခြံ၊ မြေ အခွန်ဆောင်သူ သုံးထောင်ကျော်ရှိ

ပို့စ်တင်ချိန် - 3/24/2014 06:25:00 PM


ရန်ကုန်၊ မတ် ၂၃

အိမ်၊ ခြံ၊ မြေ စံနှုန်းသတ်မှတ်ပြီးနောက် ခြောက်လတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ပြုလုပ်မှုများအတွက် ၃၂၆၇ ဦး အခွန်လာရောက် ပေးဆောင်ကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ အခွန်နှုန်းထားများကို အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ယင်းသတ်မှတ်ချက်များအတိုင်း အခွန် ပေးဆောင်ခဲ့ရခြင်း ဖြစ်ပြီး မြို့သစ်များမှ အခွန်လာရောက် ဆောင်သူ ပိုမိုများပြားကာ မြို့တွင်းမှ အနည်းငယ်သာ ရှိကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တကယ်တော့ ဈေးနှုန်း ကွာခြားခြင်းကလည်း အခွန်ဆောင်ရာမှာ အတားအဆီးတစ်ခု ဖြစ်နေတာပေါ့။ မြို့သစ်တွေက ဈေးနည်းတယ်လေ။ မြို့ထဲတွေကျ ပြင်ပပေါက်ဈေးက အရမ်းများနေတော့ အခွန် လာမဆောင်နိုင်ဘူး ဖြစ်နေတာ။ ပြီးတော့ မြို့သစ်ဘက်တွေက အရောင်းအဝယ် ဖြစ်တာလည်း များတာကြောင့်ပါ” ဟု ၎င်းကဆိုသည်။

မတ်လ ပထမပတ်အတွင်းမှ စတင်၍ အရောင်းဘက်မှ အခွန်ဆောင်သူ ပိုမို များပြားလာလျက်ရှိပြီး အဝယ်ဘက်တွင်မူ ပုံမှန်အတိုင်းသာ ရှိကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံးထံမှ သိရသည်။

အရောင်းဘက်မှ အခွန်ဆောင်သူ တိုးလာခြင်းမှာ ကုမ္ပဏီများက နှစ်ချုပ်စာရင်းများ အပြီးသတ်ချုပ်ရန်နှင့် အပြီးသတ် စည်းကြပ်မှု ခံယူရန်တို့ကြောင့် ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။

The Voice Weekly Myanmar