ချောင်းသာကြိုးပြင်တောတွင် မြန်မာ့သစ်လုပ်ငန်းမှ စွယ်စုံဆင်တစ်ကောင် ရေနစ်သေဆုံး

ပို့စ်တင်ချိန် - 3/24/2014 09:17:00 AM


ပုသိမ်၊ မတ်လ ၂၄ ။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ရွှေသောင်ယံမြို့နယ်ခွဲ၊ သဘော့ကန်ကျေးရွာအုပ်စု၊ ချောင်းသာကြိုးပြင်တော         (ခန့်မှန်း မ.ပ.ည FP615935)တွင် ကြယ်တံဆိပ်နှင့် မှတ်ပုံတင်အမှတ် (၅၇၀၉) မြန်မာ့သစ်လုပ်ငန်းမှဆင်တစ်ကောင်ရေနစ် သေဆုံးခဲ့ကြောင်း ပုသိမ်မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မတ်လ(၂၁)ရက်နေ့ ကိုးနာရီအချိန်ခန့် ကရွှေသောင်ယံမြို့နယ်ခွဲ သဘော့ကန်ကျေးရွာတွင်နေထိုင်သူ ဦးခင်ကိုကိုမှ ဂဏန်းထောင်သွားစဉ်နွံနစ်ကာရေနစ်သေဆုံးနေသည့် ဆင်အားစတင်တွေ့ရှိရာမှ သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ၄င်းကဆက်လက်ပြောကြားသည်။

သေဆုံးသောမြန်မာ့သစ်လုပ်ငန်းသုံးဆင်မှာ အသက်(၃၀)နှစ်ခန့် စွယ်စုံ ဆင်ထီးတစ်ကောင်ဖြစ်ပြီးခန့်မှန်း အမြင့် (၂၁၀)စင်တီမီတာ၊ လုံးပတ် (၃၁၀) စင်တီမီတာကျော်၊ အလျား (၂၇၇.၅) စင်တီမီတာ ၊အမြီး (၁၀၇) စင်တီမီတာရှိပြီး အစွယ်နှစ်ချောင်းမှာ လုံးပတ် (၂၇.၅) စင်တီမီတာ၊ အလျား (၆၂.၅) စင်တီမီတာ ရှိကြောင်းသိရှိရသည်။

“ စားကျက်လွန် လမ်းမှားပြီး ပင်လယ်ဒီရေကျချိန် လတာပြင်မှာ ခြေလေးချောင်းကနွံနစ်ပြီး ပြန်လည်ရုံးမထွက်နိုင်တော့ဘဲ ဒီရေပြန်တက်လာတဲ့အခါမှာ ရေနစ်ပြီးသေဆုံးခဲ့တာဖြစ်နိုင်တယ်လို့ခန့်မှန်း သုံးသပ်ရပါတယ် ” ဟု ပုသိမ်မြို့နယ် သစ်တောဝန်ထမ်းတစ်ဦးကပြောသည်။

မောင်သုံည(ပုသိမ်)


The Myanma Age