ပုဂံကို ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရန် ယူနက်စကို ပြန်ဖိတ်ခေါ်

ပို့စ်တင်ချိန် - 3/24/2014 03:33:00 PM


ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်လည်ပတ်မှုများတဲ့ မြန်မာ့ရှေးဟောင်းအမွေအနှစ် ပုဂံဒေသကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းအဖြစ် သတ်မှတ်နိုင်ဖို့ ပြန်ပြီး လျှောက်ထားဖို့ ယူနက်စကိုက ဖိတ်ခေါ်မှုတွေ ရှိနေပြီလို့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ် ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးက ခုလိုပြောဆိုလိုက်တာ ဖြစ်ပြီး ပုဂံကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ဖို့ တင်သွင်းခဲ့ပေမယ့် နဂို မူလလက်ရာအတိုင်း မဟုတ်ဘဲ ပြင်ဆင်ထားမှုများ၊ သတ်မှတ်ဇုန်အတွင်း ဟိုတယ်နဲ့ အဆောက်အဦ တည်ဆောက်ထားမှုများ၊ လူနေထိုင်မှု ရှိခြင်းများ စတာတွေကြောင့် ပယ်ချခံခဲ့ရကြောင်း သူက ရှင်းပြပါတယ်။

ဒီအတွက် ပုဂံဒေသကို ယူနက်စကိုရဲ့ သတ်မှတ်ချက်တွေနဲ့ အညီ ပြင်ဆင်ပြီးရင် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ပေးဖို့ ပြန်တင်ပြသွားဦးမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်

DVB Burmese