ပဋိပက္ခဖြစ်ပွားနေသော ဒေသများရှိ ကလေးသူငယ်၊ အမျိုးသမီးများ အပါအ၀င် မသန်စွမ်းသူများ၏ လူမှုဘ၀ အခြေအနေမှာ ပိုမိုဆိုးရွားလာပြီး အကြမ်းဖက်ခံရမှုများလည်း များပြားနေဟုဆို

ပို့စ်တင်ချိန် - 3/24/2014 05:18:00 PM


ပဋိပက္ခဖြစ်ပွားနေသော ဒေသများရှိ ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအ၀င် မသန်စွမ်းသူများ၏ လူမှုဘ၀ အခြေအနေမှာ ပိုမိုဆိုးရွားလာပြီး အကြမ်းဖက်ခံရမှုများလည်း ပိုမိုများပြားလာကြောင်း လူမှုအဖွဲ့အစည်းများ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိပဋိပက္ခ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် ကယ်ဆယ်ရေးစခန်း စုစုပေါင်း ၁၈ ခုရှိပြီး ဒုက္ခသည်ပေါင်း တစ်သိန်းလေးသောင်းကျော် နေထိုင်လျက်ရှိကြောင်းနှင့် ကချင်ဒေသတွင် ဒုက္ခသည်စခန်းပေါင်း ၁၆၅ ခု၊ လူဦးရေ စုစုပေါင်း ၁၂၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

ဒုက္ခသည်စခန်းများတွင် ပညာရေး၊ ကျန်းမာရေး စသည့်လူမှုရေးကဏ္ဍများတွင် လိုအပ်ချက် များစွာရှိနေသည့်အပြင် ကချင်ပြည်နယ် တရုတ်နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများရှိ အမျိုးသမီးများတွင် အကြမ်းဖက်ခံရမှုနှင့် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရမှုများလည်း အများအပြား ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ် တရုတ်နယ်စပ် တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများသည် ကေအိုင်အို/ကေအိုင်အေ ထိန်းချုပ်မှုအောက်တွင်ရှိပြီး မြို့ပေါ်ရှိ အစိုးရ ထိန်းချုပ်နယ်မြေများရှိ ဒုက္ခသည်စခန်းများထက် လိုအပ်ချက် ပိုမိုများပြားနေကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်အတွက် အလှူရှင်မရှိဘဲ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။

“Camp တွမှာရှိတဲ့ အမျိုးသမီးတွေမှာ အဓိကဖြစ်နေတာက Privacy မရှိတာဘဲ။ နေထိုင်ရတဲ့ပုံစံက စိတ်ချမှု လုံးဝမရှိဘူး။ ဒီလို မလုံခြုံတော့ အကြမ်းဖက်မှုတွေ ရှိလာတယ်။ အကြမ်းဖက်မှုတွေကလည်း အမျိုးမျိုးပဲ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် လူမှုရေးပိုင်းရော၊ အိမ်တွင်းအကြမ်းဖက်မှုတွေပါ များလာတယ်။ အဲလိုလုပ်တဲ့ သူတွေထဲမှာ Camp ထဲမှာနေတဲ့သူ အချင်းချင်းလည်း ပါသလို အပြင်ကသူတွေလည်း ပါနေတာကို တွေ့ရတယ်။ နောက် အလုပ်အကိုင်ရော၊ စားစရာနေရာ မရှိတော့ တရုတ်ပြည်ဘက်ကို လူကုန်ကူးခံရတာပဲ” ဟု Kachin Women Peace Network မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဒေသတွင်း ပဋိပက္ခများ အဆုံးသတ်ရန်အတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်း အသီးသီးမှ တောင်းဆိုမှုများ အသီးသီး ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်အထိ အဆုံးသတ်နိုင်ခြင်း မရှိသေးကြောင်းနှင့် ပဋိပက္ခများသည် မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသော ပြုပြင်ပြောင်းလဲရေးကို ထိခိုက်စေပြီး မြန်မာနိုင်ငံရှိ ကလေးသူငယ်များ အပါအ၀င် ပြည်သူအားလုံးအပေါ်လည်း အနုတ်လက္ခဏာဆောင်မည့် ဂယက်ရိုက်ခတ်မှု ဖြစ်ပေါ်စေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ ယူနီဆက်(ဖ်)ဌာနေကိုယ်စားလှယ် မစ္စတာဘက်ထရန်ဘိန်းဗဲလ်က ဆိုသည်။

“ကိုယ့်နေရပ်ကနေ အခြားနေရာကို ရွှေ့ပြောင်းခြင်းဟာ ကလေးတွေအတွက် မိသားစုနဲ့ ခွဲခွာရဖို့၊ အိမ်တွင်းအကြမ်းဖက်ခံရဖို့၊ ကျောင်းမနေနိုင်ဖို့အပြင် စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါ တွေ့ကြုံရမယ့် အန္တရာယ် ပိုများစေပါတယ်။ ဖျက်ဆီးမှုတွေ၊ ရွှေ့ပြောင်းနေထိုင်မှုတွေက ကလေးငယ်တွေ မိသားစုဝင်တွေနဲ့ ရပ်ရွာလူထုတွေရဲ့ ဘ၀ကို ပျက်စီးစေပါတယ်” ဟု မစ္စတာဘက်ထရန်ဘိန်းဗဲလ်က ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်းများတွင် လူဦးရေ စုစုပေါင်း တစ်သိန်းလေးသောင်းကျော်ခန့် ရှိနေပြီး ယင်းတို့အနက် လူဦးရေ ရှစ်သောင်းလေးထောင်ခန့်မှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်များဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများရှိ မသန်စွမ်းသူများ (အထူးသဖြင့် အမျိုးသမီးများ၏ လူမှုဘ၀ အခြေအနေမှာ ပိုမိုဆိုးရွားနေပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများလည်း ကြုံတွေ့နေရကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးရာတွင်လည်း မသန်စွမ်းသူများ ပါဝင်လုပ်ဆောင်ခွင့် မရကြောင်းလည်း ‘အမျိုးသမီးများ၏ အခန်းကဏ္ဍနှင့် အဆင့်အတန်းကို မြှင့်တင်ခြင်းဖြင့် ဖွံ့ဖြိုးမှုဆီသို့ လျှောက်လှမ်းကြပါစို့’ ဖိုရမ်၏ ပြောကြားချက်များအရ သိရသည်။

ကချင်ပြည်နယ် ဒုက္ခသည်စခန်းတစ်ခုရှိ စာသင်ကျောင်း၌ ကလေးငယ်များ စာသင်ကြားနေစဉ်

Eleven Media Group