ကွန်ပျူတာဖွံ့ဖြိုးရေး ဥပဒေကို ပြင်ဆင်သင့်သည်ဟုဆို

ပို့စ်တင်ချိန် - 3/24/2014 05:50:00 PM


၁၉၉၆ ခုနှစ် စက်တင်ဘာလတွင် ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ ကွန်ပျူတာဖွံ့ဖြိုးရေးဥပဒေသည် ခေတ်နှင့် လျော်ညီမှုမရှိသည့်အတွက် ပြင်ဆင်သင့်ပြီဖြစ်ကြောင်း မြန်မာကွန်ပျူတာပညာရှင်များ အသိုင်းအဝိုင်းက ပြောဆိုခဲ့သည်။ အမျိုးသားအဆင့် အိုင်စီတီအခန်းကဏ္ဍ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံကွန်ပျူတာပညာဖွံ့ဖြိုးရေး ဥပဒေကို ပြင်ဆင်သင့်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ် အတွင်ရေးမှူး ဦးဇော်မင်းဦးက အစိုးရထံ အကြံပြုပြောကြားခဲ့သည်။



ယခင်က ကွန်ပျူတာအသုံးပြုသည့် ခေတ်ဖြစ်အသည့်အတွက် ကွန်ပျူတာဖွံ့ဖြိုးရေးဥပဒေနှင့် လိုက်လျောညီထွေမှုရှိခဲ့သော်လည်း ယခုအခါ အိုင်စီတီခေတ်သို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်သင့်သည်ဟု ကွန်ပျူတာအသင်းများကိုယ်စား အစိုးသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။



မြန်မာနိုင်ငံ ကွန်ပျူတာအသင်းများ စုစည်းပြီး အဆိုပါ ဥပဒေကို ပြင်ဆင်နိုင်ရန် စတင်လုပ်ကိုင် ဆောင်ရွက်နေပြီဖြစ်သည့်အတွက် မေလအတွင်း ပြင်ဆင်မည့် မူကြမ်းများ ပြီးစီးမည်ဟု ခန့်မှန်းထားကြသည်။ ရေးဆွဲထားသည့် ဥပဒေပြင်ဆင်ရေး မူကြမ်းကို အစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ပြီး အတည်ပြုမှုအပိုင်းသည် အစိုးရနှင့်သာ အဓိက သက်ဆိုင်သည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အဖွဲ့ဝင်တစ်ဦးက ပြောသည်။



ဥပဒေသည် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်၏ အဓိကအချက်ဖြစ်သည့်အတွက် ကွန်ပျူတာဖွံ့ဖြိုးရေး ဥပဒေကို ပြင်ဆင်လုပ်ကိုင်နိုင်မှသာ အိုင်စီတီအခန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာမည်ဟု သိရသည်။ တယ်လီကွန်းအခန်းကဏ္ဍ တိုးတက်ပြောင်းလဲလာခြင်းသည် ဥပဒေကို ပြင်ဆင်လုပ်ကိုင် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး အိုင်စီတီအခန်း ကဏ္ဍတိုးတက်ပြောင်းလဲလိုပါက အလားတူ ပြင်ဆင်လုပ်ကိုင်ရန်လိုအပ်ကြောင်း ကွန်ပျူတာပညာရှင် တချို့က ပြောသည်။



ကွန်ပျူတာဖွံ့ဖြိုးရေးဥပဒေကို အစိုးရအနေဖြင့် မဖြစ်မနေ ပြင်ဆင်ပေးရန်လိုအပ်နေပြီး ပြင်ဆင်သည့်အခါ၌ အိုင်စီတီအခန်းကဏ္ဍအတွက် လိုအပ်သည့် အခြေခံပိုင်းဆိုင်ရာမှစတင်၍ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့်ရမည့် အသေးစိတ်အချက်အလက်များကို ထည့်သွင်းရေးဆွဲရန် လိုအပ်ကြောင်း သိရသည်။ လက်ရှိအချိန်၌ နည်းပညာအသိုင်းအဝိုင်းမှ တိုက်တွန်းပြောဆိုခဲ့သည့် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေအဖြစ် လွှတ်တော်မှတစ်ဆင့် အတည်ပြုပေးခဲ့သည်။



မြင့်ကျော်လှိုင်
Internet Journal