သမ္မတဖြစ်လို၍မဟုတ်၊ ပြည်သူနှင့်တပ်မတော် တစ်သားတည်းဖြစ်ဖို့ ဖွဲ့စည်းပုံပြင်လိုဟု ဒေါ်စုပြော

ပို့စ်တင်ချိန် - 3/24/2014 07:02:00 PM


ဉဏ်လှိုင်လင်း၊ အောင်ကိုဦး

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော်ကို သီးသန့်ရပ်တည်နေစေခြင်းကြောင့် ပြည်သူနှင့်တပ် မတော် တစ်သားတည်းဖြစ်ရန် ဖွဲ့စည်းပုံကို ပြင်ဆင်လိုခြင်းဖြစ်သည်ဟု မတ်လ ၂၃ ရက်က မိုးကုတ် ပြည်သူလူထုနှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

“တပ်မတော်ဟာ ပြည်သူနဲ့ တစ်သွေးတည်းတစ်သားတည်းမဟုတ်ဘဲနဲ့ သီးသန့် ရပ်တည်တယ်ဆိုရင် တပ်မတော်အတွက်လည်း မကောင်းပါဘူး။ နိုင်ငံအတွက်လည်း မကောင်းပါဘူး။ ဒါကြောင့်မို့လို့ တပ်မ တော်ကို သီးသန့်ရပ်တည်နေတဲ့ပုံစံဖြစ်စေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အားလုံး ၀ိုင်းပြီးတော့ ပြုပြင် ပြောင်းလဲပေးဖို့လိုတယ်လို့ ကျွန်မတို့ ယူဆပါတယ်”ဟု မိုးကုတ်မြို့ ကျပ်ပြင်အားကစားကွင်း၌ ပြုလုပ် သည့် လူထုနှင့်တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လက်ရှိဖွဲ့စည်းပုံအရ ကာကွယ်ရေးဦးစီးချုပ်သည် ဥပဒေပြုရေး၌ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ် ခန့်အပ်ခွင့်ရှိသည်။ ထို့ပြင် နိုင်ငံ၏အရေးအရာများ ဆုံးဖြတ်ရသည့် ကာကွယ်ရေးနှင့် လုံ ခြုံရေးကောင်စီတွင် ဥပဒေပြုရေးနှင့်အုပ်ချုပ်ရေးဘက်မှ ပါဝင်ခွင့်ရသူများထက် ပိုမိုများသောဦးရေကို ရယူ ထားသည်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် တကယ်အရေးကြီးတဲ့ကိစ္စတွေကို ဆုံးဖြတ်မှာက တပ်မတော်က ဆုံးဖြတ်မှာဖြစ်ပါတယ်။ တပ်မတော်သားဆိုတာ ပြည်သူထဲက ပြည်သူပဲလို့ ကျွန်မတို့က ဒီလိုပဲမြင်ပါ တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်အရ ပြင်လိုလျှင် အနိမ့်ဆုံးလိုအပ်ချက်အဖြစ် လွှတ်တော်၏ ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံမှုရရန် လိုအပ်နေသည်။ ထို့ကြောင့် လွှတ်တော်အတွင်း ကာကွယ်ရေးဦးစီးချုပ်က တာ ၀န်ပေးထားသည့် တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏ ရပ်တည်မှုသည် အရေးကြီးသည့် အခြေအနေ၌ ရှိနေသည်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူလူထုကို ဘယ်လောက်တန်ဖိုးထားလဲ၊ အဓိကအရေးကြီးတဲ့ကိစ္စ တွေမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိရဲ့လားလို့ ကျွန်မတို့ သုံးသပ်ရမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ထို့ပြင် စစ်အစိုးရခေတ်လွန် မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး
ရှေ့ခရီး အဘယ်သို့ရှိမည်ဆိုသည်မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လိုခြင်း၊ မပြင်လိုခြင်းက သက်သေပြသွားလိမ့်မည်ဟုလည်း ပြောသည်။

“တကယ်ပဲ ဒီမိုကရေစီလမ်းပေါ်ကို ဖြောင့်ဖြောင့်မတ်မတ် လျှောက်မှာလားဆိုတာကို ဘာကပြမလဲဆို တော့ ဒီမိုကရေစီနဲ့ အင်မတန်မှဆန့်ကျင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မလား မပြင်မလားဆိုတာ က သက်သေပြသွားမှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

မတ်လ ၂၃ ရက် မွန်းလွဲပိုင်းတွင် မန္တလေးမှစာရေးဆရာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပြင်ဦးလွင်မြို့ အင်းထိတ်ဦးရွာရှိ တော်ဝင်နှင်းဆီ ခြံတွင် တွေ့ဆုံခဲ့သည်။

“ကျွန်မ သမ္မတဖြစ်ဖို့မဟုတ်ဘူး။ ပြည်သူတွေအတွက်၊ နိုင်ငံတော်အတွက် လုပ်နေတာဖြစ်ပါတယ်။ မန္တ- လေးက စာပေသမားတွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ထောက်ခံတာကို ၀မ်းသာပါတယ်။ ကျွန်မ အနေနဲ့ စာပေသမားတွေကို တန်ဖိုးထားတယ်၊ လေးစားတယ်”ဟု
ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပန်းတိုင်ရောက်အောင် စာပေသည်လည်း တွန်းအားတစ်ခုဖြစ်ပြီး၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြည်သူများ ကျယ် ကျယ်ပြန့်ပြန့် သိရှိကြစေရန် စာပေသမားများက ကြိုးပမ်းပေးစေလိုသည်ဟု တိုက်တွန်းခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ညီပုလေး၊ ကျော်ရင်မြင့်၊ စိုးနိုင်(မန္တလေးတက္ကသိုလ်)၊ ကိုငြိမ်း(မန္တလေး)၊ သင့် နော်၊ ကိုထက်၊ ညိုထွန်းလူ၊ မင်းနဒီခ၊ သာဇော်၊ ဆူးငှက်၊ ကာတွန်း အောင်မော်၊ ကိုလေး (အင်းဝဂုဏ် ရည်)စသည့် စာပေပညာရှင် ၅၀ ကျော် တက်ရောက်ခဲ့သည်။

Mizzima - News in Burmese