ဆော်ဒီအာရေးဗီးယားတွင် မားစ်ရောဂါ ဖြစ်ပွားသူ ၃၄၅ ဦးရှိ၊ လူနာ ၃ ပုံ ၁ ပုံ သေဆုံး

ပို့စ်တင်ချိန် - 4/30/2014 02:23:00 PM

ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - ရိုက်တာ)


ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ တိရိစ္ဆာန်ကနေ လူကို ကူးစက်တဲ့ မားစ်ရောဂါ ဖြစ်ပွားသူ ၃၄၅ ယောက် ရှိခဲ့ပြီး လူနာ ၃ ပုံ ၁ ပုံက သေဆုံးသွားတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ရောဂါ ဗိုင်းရပ်ကို လင်းနို့နဲ့ ကုလားအုပ်တွေမှာ တွေ့ရပြီး ကျွမ်းကျင်သူတွေက ကုလားအုပ်ကတဆင့် ကူးစက်တာ ဖြစ်ဖို့ များတယ်လို့ သုံးသပ်ကြပါတယ်။

ဒီ ရောဂါ ခံစားရတဲ့အခါမှာ ကိုယ်အပူရှိန် တက်လာတာနဲ့ အဆုတ်ရောဂါ ခံစားရတဲ့ လက္ခဏာတွေ ပေါ်ပေါက်ပြီး တချို့က ကျောက်ကပ်ရောဂါကို ခံစားရတဲ့ လက္ခဏာတွေ ပြသပါတယ်။ ရောဂါစဖြစ်တာ နှစ်နှစ် ရှိသွားပြီး ဖြစ်ပါတယ်။
တိရိစ္ဆာန်ကနေတဆင့် လူကို စတင်ကူးစက်တဲ့ရောဂါ ဆိုပေမယ့် အခု နောက်ပိုင်း ဆေးရုံတက်ကုသနေရတဲ့ လူနာတွေဟာ လူလူချင်း ကူးစက်ခံရသူတွေ ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ကျန်းမာရေးဝန်ကြီး အဒယ်လ် ဖေကီရ်က ဆေးပညာ ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံအပြီးမှာ လူတွေကို ဖျားနာနေတဲ့ ကုလားအုပ်တွေနဲ့ ဝေးဝေးနေကြတဲ့ သတိပေးလိုက်ပါတယ်။

ရောဂါရဲ့ ဇစ်မြစ်ကို စုံစမ်းဖို့ ဆောဒီအစိုးရက နိုင်ငံရပ်ခြားက ကျွမ်းကျင်သူတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။

ကျွမ်းကျင်သူတွေက လူတွေကို ကုလားအုပ် နို့စိမ်းတွေ၊ ကုလားအုပ် နို့စိမ်းပါတဲ့ အစားအသောက်တွေကို ရှောင်ကြဖို့ အကြံပြုထားပါတယ်။

သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ နာတာရှည်ရောဂါ ခံစားနေရသူတွေလည်း အောက်တိုဘာအစောပိုင်း ဘုရားဖူးခရီးစဉ်တွေကို ရွှေ့ဆိုင်းထားကြဖို့ ဆောဒီ ကျန်းမာရေး ၀န်ကြီးက တိုက်တွန်းလိုက်ပါတယ်။

မားစ်ရောဂါ ကူးစက်မှုနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုင်တွယ်ပုံ၊ သတင်းထုတ်ပြန်မှုတွေဟာ ပွင့်လင်းမြင်သာမှု အားနည်းတယ်လို့ လူထုကြားမှာ ဝေဖန်မှုတွေ ပေါ်ပေါက်ခဲ့တဲ့နောက်မှာ အရင် ကျန်းမာရေးဝန်ကြီး နုတ်ထွက်ခဲ့ရပါတယ်။

DVB Burmese