နာဂစ်ပေးတဲ့ဒဏ်ရာ အခုထိမကျက်သေးဘူး

ပို့စ်တင်ချိန် - 4/30/2014 06:49:00 PM



ထွန်းခိုင်
အတွဲ (၁၃)၊ အမှတ်(၈)
ကြိမ်ချောင်းကြီးကျေးရွာ စကားဝိုင်းများတွင် ယခုတစ်လော ထိပ်တန်းသတင်းအဖြစ် နေရာယူနေသည်က ညညရွာထိပ်နားတွင် သရဲခြောက်သည်ဆိုသည့်သတင်းပင် ဖြစ်သည်။

ညညဖြတ်သွားဖြတ်လာ လုပ်ကြသူများ၊ ရွာထိပ်တွင် ညအိပ်ရပ်နားလေ့ရှိသည့် မော်တော်ယာဉ်အစောင့်များကို ခြောက်လှန့်ခဲ့သည်ဆိုသည့် သတင်းများသည် ရွာထဲက စကားဝိုင်းများတွင် မပါမဖြစ်ဆိုသလောက်ပင်။

သည်ခြောက်လှန့်မှုများသည် လွန်ခဲ့သည့် ခြောက်နှစ်က သူတို့ရွာတွင် လူပေါင်း ၃၀၀၀ ကျော် အသက်သေဆုံးခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအတွင်း ကွယ်လွန်သွားခဲ့ပြီး မကျွတ်မလွတ်ဘဲ ဖြစ်နေသူများက ခြောက်လှန့်နေခြင်းဖြစ်ကြောင်း ရွာသားအချို့က ယုံကြည်လျက်ရှိသည်။ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့အတွင်းရှိ အဆိုပါရွာကလေးသည် မုန်တိုင်းအပြီး ခြောက်နှစ်ကျော်ကြာခဲ့ပြီဖြစ်သော်လည်း နာဂစ်၏အရိပ်ဆိုးက သူတို့ကို ခြောက်လှန့်နေဆဲဖြစ်သည်။

မုန်တိုင်းဒဏ်ကြောင့် မသေမပျောက်ကျန်ရစ်သူများသည် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီကြောင့် နာဂစ်အပြီး ခြောက်နှစ်အကြာတွင် နေအိမ်အဆောက်အအုံ စသည့် ရုပ်ပိုင်းဆိုင်ရာအခြေအနေများ တိုးတက်လာသော်လည်း အလွယ်တကူမမြင်နိုင်သည့် စိတ်ပိုင်းဆိုင်ရာပြဿနာများကိုတော့ ရင်ဆိုင်နေရဆဲဖြစ်သည်။

သေဆုံးသူများထဲမှ မကျွတ်လွတ်သေးသူများက ခြောက်လှန့်သည်ဟု ခံစားရခြင်း၊ အသက်မသေဘဲ ကျန်ရစ်ခဲ့သော်လည်း ကွယ်လွန်သွားခဲ့ကြသည့် မိသားစုဆွေမျိုးများကို မကယ်တင်နိုင်ခဲ့သောကြောင့် အပြစ်ရှိသည်ဟု စိတ်ထဲခံစားနေရခြင်း၊ လေပြင်းပြင်းတစ်ချက်တိုက်လိုက်တိုင်း ဆောက်တည်ရာမရဖြစ်ကြခြင်း စသည့် မျက်စိဖြင့် အလွယ်တကူ မမြင်တွေ့နိုင်သည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလည်း ခံစားခဲ့ကြရခြင်းဖြစ်သည်။

ထိုအထဲတွင် ဘိုကလေးမြို့တွင် ကျပန်းအလုပ်သမားတစ်ဦးအဖြစ် အသက်မွေးနေသည့် ဦးစိုးဝင်းတစ်ယောက်လည်း အပါအ၀င်ဖြစ်သည်။ လွန်ခဲ့သည့်ခြောက်နှစ်က ဘိုကလေးမြို့နယ်အတွင်းရှိ ပင်လယ်ဝရွာကလေးတစ်ခုတွင် ရေလုပ်သားအဖြစ် အသက်မွေးခဲ့သည့် ဦးစိုးဝင်းသည် နာဂစ်မုန်တိုင်းအတွင်း သူ၏ဇနီး၊ သားနှစ်ဦးနှင့် သမီးတစ်ဦးတို့ ဆုံးရှုံးခဲ့ရသည်။

နာဂစ်မုန်တိုင်းအတွင်း ရုန်းကန်ရင်း အသက်ရှင်သန်ခဲ့သော်လည်း သူ၏မိသားစုဝင်အားလုံး သေဆုံးခဲ့ရခြင်းသည် သူ့တွင် တာဝန်မကင်းကြောင်း စိတ်ထဲခံစားနေရကြောင်း ဦးစိုးဝင်းကပြောသည်။ ထိုကြေကွဲဖွယ်ဖြစ်ရပ်ကြောင့် သူသည်လည်း အရက်ကို စွဲစွဲလမ်းလမ်းသောက်သုံးသူတစ်ဦးအဖြစ် ရောက်ရှိခဲ့သည်။

‘‘လှိုင်းတစ်ချက်အပုတ်မှာ ကျွန်တော့်လက်ထဲက အငယ်ကောင်လေး လွတ်ထွက်သွားတယ်။ ဘယ်လိုမှ ရှာမရတော့ဘူး။ နောက်ပိုင်း ၂ နှစ်၊ ၃ နှစ်လောက် ကလေးပေါက်စလေးတွေတွေ့တိုင်း ကျွန်တော်အသုံးမကျလို့ ကလေးသေတယ်လို့ပဲ တွေးတွေးပြီး ငိုနေရတယ်။ နောက်တော့လည်း သူ့ကံပါသလောက်ပဲလို့ဆိုပြီး ဖြေသိမ့်ခဲ့ရတယ်’’ဟု ဦးစိုးဝင်းကပြောသည်။

ထိုကဲ့သို့ ခံစားခဲ့ရသည်မှာ ဦးစိုးဝင်းတစ်ယောက်တည်းမဟုတ်ခဲ့။ နာဂစ်မုန်တိုင်းကြောင့် သေဆုံးသွားခဲ့သည့် လူပေါင်း ၁၃၈,၀၀၀ ကျော်၏ မိသားစုဝင်များလည်း အပါအ၀င်ဖြစ်သည်။

မုန်တိုင်းလာမည်ကို ကြိုတင်သိထားကြသော်လည်း ဒီလောက်ထိ ပြင်းထန်မည်ကို မသိခဲ့သောကြောင့် မြစ်ဝကျွန်းပေါ်နေသူများက ကြိုတင်ပြင်ဆင်မှု မပြုလုပ်ထားခဲ့ကြ။

‘‘မုန်တိုင်းမတိုက်ခင်အစလောက်မှာ အပင်တွေလဲတာ။ သွပ်တွေပျံနေတာကြည့်ပြီး လူတွေတောင် ပျော်နေကြသေးတယ်’’ဟု လူ ၃,၅၀၀ ခန့်ရှိသည့် သူတို့ရွာတွင်လူ ၅၀၀ ခန့်သာ အသက်ရှင်ခွင့်ရခဲ့သည့် ၂၀၀၈ နာဂစ်မုန်တိုင်းအခြေအနေကို ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် ကြိမ်ချောင်းကြီးကျေးရွာမှ ကိုသန်းထိုက်အောင်က ပြန်ပြောပြသည်။

တကယ်တမ်း မုန်တိုင်းတိုက်ခတ်သည့်အခါ တစ်နာရီလျှင် ပျမ်းမျှလေတိုက်နှုန်းမိုင် ၁၂၀၊ မြစ်ဝကျွန်းပေါ်ဒေသနေသူများအတွက် ကံဆိုးမိုးမှောင်ကျသည့်နေ့ ဖြစ်ခဲ့ရသည်။ လူပေါင်းတစ်သိန်းသုံးသောင်းသေဆုံးခဲ့ပြီး သန်းနဲ့ချီသောသူများ ဒုက္ခရောက်ခဲ့ကြရသည်။

ကော်ဇောပြင်တစ်ချပ် ဖြန့်ခင်းထားသလို ပြန့်နေသည့် မြစ်ဝကျွန်းပေါ်ဒေသ၏ မြေမျက်နှာသွင်ပြင်ကလည်း သေဆုံးစာရင်းကို တိုးစေခဲ့သည်။ မုန်တိုင်းနှင့်အတူ တက်လာသည့် မုန်တိုင်းဒီရေများဆီမှ လွတ်ရာကျွတ်ရာပြေးရန် ကုန်းမြေမြင့်ကမရှိခဲ့။ နာဂစ်မုန်တိုင်းအပြီး ၂ နှစ်အကြာ ၂၀၁၀ တွင် ရခိုင်ပြည်နယ်သို့ နာဂစ်လေတိုက်နှုန်းအတိုင်း ဂီရိမုန်တိုင်း တိုက်ခတ်ခဲ့သော်လည်း ကုန်းမြေမြင့်၊ ရေကာလေကာများကြောင့် သေဆုံးသူ ၆၀ ဦးခန့်သာရှိခဲ့သည်။

မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်ကြီးအတွင်း ကျန်ရစ်ခဲ့သူများအတွက် ခြောက်နှစ်တာကာလအတွင်း ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီများရရှိခဲ့သော်လည်း စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ပေးမှုများအတွက်တော့ လုံလောက်သည့်အကူအညီများ မရခဲ့ကြပေ။

အချိန်ကာလကြာသွားသည်နှင့်အမျှ မေ့မေ့ပျောက်ပျောက်နှင့် ဖြေဆည်နိုင်သူများရှိသလို ယခုအချိန်အထိ မိသားစုဆုံးရှုံးမှုဒဏ်ကြောင့် စိတ်စွဲလမ်းကာ တုန်လှုပ်ချောက်ချားနေသူများလည်း ရှိနေဆဲဖြစ်သည်။

သဘာဝဘေးအပါအ၀င် တုန်လှုပ်ချောက်ချားစရာအဖြစ်အပျက်များ ကြုံတွေ့ပါက သွေးပျက်ချောက်ချားမှုများ ဖြစ်ပေါ်တတ်သည်မှာ သဘာဝဖြစ်သော်လည်း အချိန်ကာလတစ်ခုအထိ မပျောက်ဘဲ စွဲလမ်းမှုများဖြစ်ပေါ်နေပြီး စိတ်ဒဏ်ရာရသွားသည့် အခြေအနေအထိ ဖြစ်ပေါ်ခဲ့ပါက လုံလောက်သော ဆေးဝါးကုသမှု ခံယူသင့်ကြောင်း စိတ်ပညာရှင် ဒေါက်တာအောင်မြတ်ကျော်စိန်ကပြောသည်။

‘‘ဥပမာ ဗုံးပေါက်တာကို ကြုံတဲ့သူက နောက်တစ်ခါကားဘီးပေါက်သံကြားရင် လန့်လန့်တတ်တာမျိုးပေါ့။ ဒါမျိုးနောက်တစ်ခါ၊ နှစ်ခါကြုံရင် ဘီးပေါက်တာကိုသိပြီး ပုံမှန်အတိုင်းဖြစ်သွားတယ်ပေါ့။ ဒီလိုမှမဟုတ်ဘဲ အမြဲလန့်နေရင် စိတ်ရောဂါလိုအသွင်ပြောင်းသွားတယ်လို့ ဆိုနိုင်တာပေါ့။ နာဂစ်ဒေသက လူတွေလည်း အချိန်အတော်ကြာတဲ့အထိ ပြန်မြင်ယောင်နေတာမျိုးဆိုရင် ကုသမှုခံယူသင့်တယ်’’ဟု မော်လမြိုင်တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်ကပြောသည်။

လူ့အသက်ပေါင်းများစွာကို ချေဖျက်သွားခဲ့သည့် နာဂစ်ကပေးခဲ့သည့် သင်ခန်းစာများကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွင် မုန်တိုင်းကြိုတင်ကာကွယ်ရေးအသိပညာများ၊ မုန်တိုင်းရှောင်နိုင်သည့်နေရာများ တိုးတက်လာခဲ့သော်လည်း တကယ်တမ်းနဖူးတွေ့၊ ဒူးတွေ့ မုန်တိုင်းနှင့် ကြုံလာမည်ကိုတော့ ကြောက်လန့်နေကြဆဲဖြစ်သည်။

‘‘အနီရောင်တို့၊ အ၀ါရောင်တို့ဆို ကြောက်နေကြပြီ။ ဘယ်ပြေးလို့ပြေးရမှန်းမသိတဲ့လူတွကလည်းရှိတယ်။ တချို့ဆို နာဂစ်အပြီး ၂ နှစ်၊ သုံးနှစ်လောက်အထိ မုန်တိုင်းဆိုတုန်နေကြတဲ့သူတွေလည်းရှိတယ်’’ဟု ကြိမ်ချောင်းကြီးကျေးရွာမှ ဒေါ်အေးမြင့်ကပြောသည်။

သိန်းနှင့်ချီသောလူများ သေဆုံးသွားခဲ့သည့် နာဂစ်မုန်တိုင်းအပြီးတွင် မကျွတ်မလွတ်သေးသူများက ခြောက်လှန့်သည်ဆိုသည့် စိတ်ခံစားမှုများကလည်း အသက်ရှင်ကျန်ရစ်သူများကို ခြောက်လှန့်နေဆဲဖြစ်သည်။ နာဂစ်ဖြတ်သန်းရာ လမ်းကြောင်းတစ်လျှောက်တွင်လည်း သရဲတစ္ဆေဇာတ်လမ်းများမှာ တစ်နေရာနှင့်တစ်နေရာ မရိုးအောင် ကြားနေရသည်။

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့ တစ်ဖက်ကမ်းနှင့် ကြိမ်ချောင်းကြီးကျေးရွာသို့ တစ်နာရီကျော်ကြာ သွားရောက်ရသည့် လမ်းတစ်လျှောက်သည် နာဂစ်တစ္ဆေဇာတ်လမ်းများနှင့် ပြည့်နှက်နေသည့် လမ်းတစ်ခုဖြစ်သည်။ လမ်းတစ်လျှောက် နေရာလေးခုထက်မနည်းတွင် နာဂစ်မုန်တိုင်းကြောင့် သေဆုံးပြီး မကျွတ်မလွတ်သေးသူများ ခြောက်လှန့်နေကြောင်း လူအများက ယုံကြည်လျက်ရှိသည်။

နာဂစ်မုန်တိုင်းကြောင့် သေဆုံးပြီး မကျွတ်မလွတ်သေးသူများကို ဘာသာရေးအရ နှစ်စဉ်ရည်စူးပြီး အမျှအတန်းပေးဝေခဲ့သော်လည်း မကျွတ်မလွတ်သေးသူများ ရှိနေဆဲဖြစ်ကြောင်း လူအချို့၏စိတ်ထဲတွင် ယုံကြည်ထိတ်လန့်နေဆဲဖြစ်ကြောင်း ကြိမ်ချောင်းကြီးကျေးရွာမှ ဆရာတော်ဦးကောဝိဒကမိန့်သည်။

လာမည့်ရက်အနည်းငယ်အတွင်း နာဂစ်မုန်တိုင်းတိုက်ခတ်မှုမှာ (၆)နှစ်ပြည့်မည်ဖြစ်သည်။ ခြောက်နှစ်တာကာလအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကြောင့် နေအိမ်အဆောက်အအုံကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာအခြေအနေများ တိုးတက်လာခဲ့ပြီး မုန်တိုင်းအသိပညာများလည်း တိုးတက်လာခဲ့ကြသည်။ သို့သော်လည်း မုန်တိုင်းကပေးသည့် စိတ်ဒဏ်ရာများကတော့ သူတို့ခံစားနေရဆဲဖြစ်သည်။

နာဂစ်မုန်တိုင်း (၂၀၀၈ မေ ၂/၃)

မုန်တိုင်းအမည်- နာဂစ်
သေဆုံး/ပျောက်ဆုံး- ၁၃၈,၃၇၃ ဦး
ပျက်စီးဆုံးရှုံးမှုတန်ဖိုး- ကျပ်သန်း ၁၁ ဒသမ ၇ ထရီလီယံ
တစ်နာရီပျမ်းမျှလေတိုက်နှုန်း- မိုင် ၁၂၀
ထူးခြားချက်များ-   မြန်မာ့သမိုင်းတွင် လူအသေအပျောက်အများဆုံး သဘာဝဘေးအန္တရာယ်။
-  ကမ္ဘာပေါ်တွင် ရှစ်ခုမြောက် လူအသေအပျောက်အများဆုံး ဆိုင်ကလုန်းမုန်တိုင်း။

7 day daily