ဆီထမင်းနှင့်ငါးသလဲထိုးကြော်

ပို့စ်တင်ချိန် - 4/30/2014 11:43:00 AM




ဆီထမင်း

ကောက်ညှင်းဆန် နို့ဆီဗူး ၁ ဗူးကို ရေဆေးကာ မိနစ် ၂၀ လောက်ရေစိမ်ထားပြီး ရေပြန်စစ်ထားပါ။ရေစိမ်ထားလျှင် ဆီထမင်းထိုးတဲ့အခါ ကောက်ညှင်းမြန်မြန်ကျက်ပါတယ်။ ဆီထမင်းထိုးမည့် ဒယ်အိုးထဲတွင် ဆီ ၂ ကျပ် ခွဲသားခန့်ထည့်၍ ပါးပါးလှီးထားသော ကြက်သွန်နီ ၅ လုံးကို နနွင်းအသင့်အတင့်တို့ ဖြင့်ကြော်ပါ။ကြက်သွန်နီများ ရဲပြီးရွှေရောင်သမ်းလာပါက သုံးပုံ နှစ်ပုံကို ခတ်ယူ၍ ဆီစစ်ထားပါ။ ကျန်ကြက်သွန်နီကြော်များ ထဲသို့ ရေစစ်ထားသော ကောက်ညှင်းဆန်များနှင့်ဆားအနည်းငယ်ထည့်ပြီး မွှေပေးပါ။ရေနွေးကို ကောက်ညှင်းဆန်မမြုတ်တမြုတ်ထည့်ကာ မွှေပြီး အဖုံးအုပ်ထားပါ။ရေများကုန်သွားပြီး ကောက်ညှင်းဆန်မာနေသေးလျှင် ရေနွေးနည်းနည်းလေးလောက်ပဲ ထည့်ပြီးမွှေပေးပါ။ရေခန်းပြီး ကောက်ညှင်းအနေတော်ဖြစ်လျှင် ချိုးကပ်နေသော အောက်ဖက်ကို အထက်သို့ လှန်ပေးပါ။ မွှေးပျံ့ပြီးအရသာရှိသော ဆီထမင်းလေးကို ကြက်သွန်နီကြော်၊နှမ်းထောင်း၊ငါးသလဲထိုးကြော် တို့နှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်။

ငါးသလဲထိုးကြော်

ငါးသလဲထိုးများကို ဆား(သို့)ပြာနှင့်ပွတ်ပြီး ရေစင်အောင် ဆေး၍ ဆား၊နနွင်း တို့ဖြင့်နယ်ကာ ဆီပူပူထဲတွင် မီးအနေတော်ဖြင့် ကြွပ်နေအောင် ကြော်ပေးပါ။ အရသာရှိသော ငါးသလဲထိုးကြော်လေးကို ကြက်သွန်နီကြော်၊ ဆီထမင်းလေးပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်။
ဒေါ်ပု လက်ရာ