နေရေးအခက်ကြောင့် အသက်နှင့်လဲ ထွက်ပေါက်ရှာသောအခါ

ပို့စ်တင်ချိန် - 4/30/2014 07:30:00 PM



မြန်မာနိုင်ငံတွင် ကျောချစရာနေရာ တစ်နေရာအတွက် အိမ်ငှားခ မပေးနိုင်သောကြောင့် မိမိကိုယ်မိမိ အဆုံးစီရင်သွားမှုမျိုး ဖြစ်ခဲ့ပြီ ဖြစ်သည်။ အိမ်ပိုင်ရှင်အား အိမ်ခန်းငှားခပေးရန် သတ်မှတ်ရက် ပြည့်သည့်နေ့တွင် အိမ်ငှားနေထိုင်သည့် အသက်(၇၂)နှစ်အရွယ် အဘိုးဦးလှရွှေ(နာမည်ပြောင်း)တစ်ယောက်  အိမ်ငှားခမတတ်နိုင်တော့၍ နေအိမ်ထုပ်တန်းတွင် ဆွဲကြိုးချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတစ်ခု တောင်ဒဂုံမြို့နယ် ၁၀၆ ရပ်ကွက်တွင် ဧပြီ ၁၈ ရက်က ဖြစ်ပွားခဲ့သည်။

ထိုသေဆုံးမှုသည် အိမ်ငှားခမပေးနိုင်သောကြောင့် ကိုယ့်ကိုယ်ကိုယ်သတ်သေမှု ပထမဆုံးအကြိမ်မဟုတ်ပါ။ ၂၀၁၄ နှစ်ဦးပိုင်းက သင်္ဃန်းကျွန်းမြို့နယ်တွင်လည်း အဘိုးအိုတစ်ယောက် အိမ်ငှားခမပေးနိုင်၍ ဆွဲကြိုးချသေဆုံးမှုဖြစ်ခဲ့ပါသည်။

အိမ်ငှားခမပေးနိုင်သောကြောင့် ရက်စေ့သည့်နေ့တွင် ကိုယ့်ကိုယ်ကိုယ်ကြိုးဆွဲချ၍ သတ်သေသည့်အမှုမှာ ၂၀၁၄ ခုနှစ်အတွင်း သိသာထင်ရှားသော အမှုနှစ်မှုရှိသွားပြီဖြစ်သည်။ ထို့အပြင် အိမ်ငှားခပြဿနာဖြင့်ပင် လင်မယားချင်းစကားများကာ မောင်းနှင်လာသည့် ရထားအောက်ပြေးဝင်၍ သေဆုံးမှုမျိုးလည်း ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘သေမှုသေခင်းဖွင့်တဲ့ အမှုတချို့ကို အသေးစိတ်စစ်ကြည့်တော့ စားဝတ်နေရေးကျပ်တည်းပြီး နည်းအမျိုးမျိုးနဲ့ထွက်ပေါက်ရှာကြတာ။ လာနေတဲ့ ရထားအောက်ပြေးဝင်ပြီး သေဆုံးမှုမျိုးတွေဖြစ်လာတော့ အထက်ဌာနတွေနဲ့ သီးသန့်အစည်းအဝေးထိုင်ဖြစ်တယ်။ ဥပမာ-ရပ်ကွက်တွေနဲ့ ထိစပ်နေတဲ့ ရထားလမ်းတွေကို သံဆန်ခါကာပေးဖို့နဲ့ ပညာပေးစာစောင်ကပ်ဖို့တွေ အကောင်အထည်ဖော်သွားမယ်’’ဟု အဆိုပါရဲအရာရှိကပြောသည်။

လက်ရှိဖြစ်ပေါ်နေသော အိမ်ငှားခဈေးနှုန်းများသည် စားဝတ်နေရေးအတွက် နိစ္စဓူဝ ရုန်းကန်လှုပ်ရှားနေရသည့် အခြေခံလူတန်းစားများအတွက် အဓိက၀န်ထုပ်ဝန်ပိုးဖြစ်နေသည်။ နေ့စဉ်ဝင်ငွေ၏ ရာခိုင်နှုန်းအများစုမှာ အခြားအရေးအားလုံးတွင် သုံးရသော ငွေစုစုပေါင်းထက် နေရေးတစ်ခုတည်းတွင် အသုံးပြုနေရသည်။

‘‘အိမ်လခမပေးနိုင်တော့ရင် ဆင်းပေးရမယ်လို့ အိမ်ရှင်က ပြောပြီးနောက်နေ့မှာ အဘက သူ့ကိုယ်သူ ဆွဲကြိုးချသတ်သေသွားတာ’’ဟု တောင်ဒဂုံမြို့နယ် (၁၀၆) ရပ်ကွက်တွင် နေထိုင်သော သေဆုံးသူအဘိုးအိုနှင့် အိမ်နီးချင်းကိုမြမောင်ကပြောပါသည်။

အိမ်ရှင်က ပုံမှန်အတိုင်း ပြောဆိုသတိပေးသွားခြင်း ဖြစ်သော်လည်း ပေးစရာငွေမရှိ၊ နေစရာအိမ်မရှိသော တစ်ကိုယ်တည်းနေ သက်ကြီးရွယ်အို အဘဦးလှရွှေကတော့ တမလွန်က မသေချာသောနေရာသို့ လည်ပင်းကြိုးကွင်းစွပ်လျက် ထွက်သွားခဲ့သည်။

ဦးလှရွှေပေးရန်မရှိခဲ့သည့် အိမ်ငှားခမှာ တစ်လလျှင် မြန်မာငွေကျပ်တစ်သောင်းခွဲဖြစ်ပြီး ၎င်းနေထိုင်ရာအိမ်မှာလည်း ဆယ်ပေခန့်သာကျယ်သည့် ယိုင်လုလုတဲအိမ်ဖြစ်ပါသည်။

ဦးလှရွှေနေထိုင်ခဲ့ရာ တောင်ဒဂုံမြို့နယ် (၁၀၆) ရပ်ကွက်တွင် အိမ်ငှားနေထိုင်သူများစွာရှိပြီး ၎င်းတို့တွင်လည်း အိမ်ပိုင်မရှိသူများအား ဈေးကွက်ထဲတွင် တစ်ဖက်သတ် အနိုင်ပိုင်းထားသည့် အိမ်လခပေးချေနိုင်ရန်အတွက် အခက်အခဲပေါင်းစုံရှိနေသည်။

‘‘ပိုက်ဆံမရှိတော့လည်း အိမ်ငှားဘ၀နဲ့ နပန်းလုံးနေရတာ။ ထမင်းတစ်လုတ်စားရတော်ပြီဆိုပြီး အိမ်ငှားခကို အလျဉ်မီအောင် ပေးနေရတာပေါ့။ မပေးနိုင်ရင် ဆင်းပေးရမှာလေ’’ ဟု တောင်ဒဂုံမြို့နယ် (၁၀၆) ရပ်ကွက် မြိုင်တန်းသာ (၂)လမ်းနေ ဒေါ်ကြိုင်ကြိုင်ကပြောသည်။

ဒေါ်ကြိုင်ကြိုင်တို့အိမ်တွင် မိသားစုဝင်ငါးယောက်ရှိပြီး အိမ်ဆေးသုတ်သည့် အလုပ်လုပ်ကိုင်နေသည့် ယောက်ျားဖြစ်သူ၏ တစ်နေ့ဝင်ငွေ ၇,၀၀၀ ကျပ်ဖြင့် လုံလောက်အောင် သုံးစွဲနေရခြင်းဖြစ်သည်။ ဒေါ်ကြိုင်ကြိုင်ငှားနေသည့် အလျား ၁၀ ပေ၊ အနံ ပေ ၂၀ ရှိသော သွပ်မိုးပျဉ်ထောင်အိမ်မှာ တစ်လလျှင် လေးသောင်းကျပ်ဖြင့် ခြောက်လစာချုပ်ချုပ်ကာ နေထိုင်ခြင်းဖြစ်သည်။

‘‘အိမ်ငှားစာချုပ်ချုပ်တုန်းက ခြောက်လစာ ပိုက်ဆံမရှိလို့ ဆွဲကြိုးလေးသွားရောင်းပြီး ပေးခဲ့ရတာ။ ဒီဘက်မှာ အလုပ်အကိုင်လည်းရှားတယ်။ သွားရေး၊ လာရေးလည်း ခက်တယ်။ ဒါပေမဲ့ အိမ်ငှားခနည်းနည်းသက်သာတဲ့နေရာ လိုက်ရွေးနေရတာ။ ဒီမှာ ဈေးမြင့်လာရင် နောက်ထပ်တစ်နေရာရှာရမှာပဲ’’ဟု ၎င်းကပြောသည်။

‘‘အိမ်ငှားသံသရာ ဘယ်လောက်ရှည်နေပြီလဲဆိုရင် ရွာက အမျိုးတွေနဲ့တောင် ဆွေခန်းမျိုးခန်းပြတ်တဲ့အထိပဲ။ ကိုယ်တွေက ဟိုရောက်လိုက်၊ ဒီရောက်လိုက် ဖြစ်နေတာလေ။ ရွာကလူတွေ ဘယ်လိုလုပ်ရှာနိုင်တော့မလဲ’’ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် တစ်နှစ်နေခဲ့ပြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်အနီး ၁၅ ရပ်ကွက်သို့ ပြောင်းလာသူ ဦးလွန်းမြင့်ကပြောသည်။

လူဦးရေ သန်း ၆၀ ကျော်ရှိပြီး မြေနေရာကျယ်ဝန်းသော မြန်မာနိုင်ငံတွင် မြေဧရိယာနှင့်မျှတသော လူဦးရေရှိသော်လည်း အလုပ်အကိုင်အခွင့်အလမ်းပေါသည်ဟု ယူဆကြကာ စီးပွားရေးမြို့တော် ရန်ကုန်သို့ ဒေသအနှံ့မှ စုပြုံရောက်ရှိနေကြသည်။ ရှိနေသည့် အဆောက်အအုံအိမ်ရာနှင့် လူဦးရေမှာ မျှတမှုမရှိဘဲ အိမ်ရာနည်းပါးနေခြင်းက အိမ်ငှားဈေးကွက်တွင် အိမ်ပိုင်ရှင်တို့ အောင်ပွဲခံနေနိုင်ခြင်း၏ အဓိကအကြောင်းရင်းဖြစ်နေသည်။

ငွေကြေးအတော်အသင့် တတ်နိုင်သူများက မြေလွတ်များဝယ်၍ ဈေးပေါပေါနှင့်ရသော သစ်အဟောင်းများဖြင့် ၁၀ ပေ (သို့) ပေ ၂၀ ခန့်ကျယ်သည့် အိမ်များ ပြီးစလွယ်ဆောက်၍ အိမ်ငှားသူလက်ထဲ လွှဲထားခဲ့ခြင်းဖြစ်ပြီး အိမ်အများစုမှာ ဆောက်လက်စမှာပင် နေထိုင်လိုသူများက စာချုပ်ထားပြီးဖြစ်နေသည်။

‘‘ငှားချင်တဲ့သူက အဆမတန်များနေတယ်။ အိမ်ရှင်နဲ့ အိမ်ငှားအချိုးအစားက မမျှဘူး။ ဒါကြောင့် အိမ်ရှင်တွေပြောတဲ့ ဈေးပေးနေရတာ။ ဒီအခြေအနေကို အစိုးရက စီမံချက်တစ်ခုအနေနဲ့ အလျင်အမြန်ထိန်းချုပ်သင့်တယ်’’ဟု တောင်ဒဂုံမြို့နယ်မှ စူပါအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မန်နေဂျာဦးစန်းအောင်က ပြောသည်။

မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန အငြိမ်းစားညွှန်ကြားရေးမှူး ဦးမြင့်ဆွေက အစိုးရသစ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုသည့် ခေါင်းစဉ်အောက်တွင် အိမ်ရာဖွံ့ဖြိုးမှုအပိုင်းပါ ကပ်ပါမလာဘဲ နောက်ကျကျန်နေကြောင်း သုံးသပ်သည်။ ရန်ကုန်မြို့တွင် တိုးတက်နေသော လူဦးရေကြောင့် တစ်နှစ်လျှင် တိုက်ခန်းပေါင်းနှစ်သောင်း လိုအပ်သော်လည်း အခန်း ၇၀၀၀ သာ တည်ဆောက်နိုင်သည်။ နိုင်ငံရေးအပြောင်းအလဲကြောင့် အိမ်ခြံမြေဈေးနှုန်းများ အဆမတန်မြင့်တက်နေရာ အများစုဖြစ်သည့် အခြေခံလူတန်းစားမှာ အိမ်ပိုင်ဝယ်နိုင်ရန် အလှမ်းဝေးသွားပြီး ငှားသည့်ဈေးကွက်ဘက်သို့သာ ဦးတည်သွားသောကြောင့် အိမ်ပိုင်ရှင်များအကြိုက် ဖြစ်နေကြောင်း ပြောသည်။

‘‘အားနည်းနေတဲ့လူမမာကို ဆေးသွင်းပေးဖို့ လိုအပ်သလိုပဲ။ အိမ်ပိုင်မ၀ယ်နိုင်တဲ့သူတွေကို အစိုးရပိုင်းကနေ ထိရောက်တဲ့ ထောက်ပံ့မှုတွေ လုပ်ပေးသင့်တယ်။ လူအများစုက အိမ်ရာအာဟာရပြတ်နေကြတယ်’’ဟု ဦးမြင့်ဆွေကဆိုသည်။

လက်ရှိတွင် အစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များက တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော်နေသော်လည်း အရစ်ကျပေးရန် သတ်မှတ်ထားသည့် အချိန်ကာလမှာ တိုတောင်းလွန်းသောကြောင့် မှားယွင်းသော စီမံခန့်ခွဲမှုမျိုးဖြစ်နေကြောင်း ဒိုင်းမွန်းအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မန်နေဂျာဦးမြသာကပြောကြားသည်။

‘‘စာချုပ်အတိုင်းမပေးရင် အရေးယူမယ်ဆိုတဲ့အပိုင်းလည်းရှိနေတာပဲ။ အိမ်ပိုင်ဝယ်လိုသူတွေကို ခိုင်မာတဲ့စာချုပ်တွေချုပ်ပြီး ကာလရှည်ငွေသွင်းခွင့်ပေးလိုက်ရင် အတော်အသင့် ပြေလည်သွားပါလိမ့်မယ်’’ဟုဆိုသည်။

မိုးရာသီ၌ထီးပြင်ကာ နွေနှင့် ဆောင်းရာသီ၌ ဖိနပ်ပြင်သည့် အလုပ်လုပ်ကာ အကြမ်းဖျင်းတစ်ရက်ဝင်ငွေ လေးထောင်ကျပ်ရသော ဦးတင့်စိန်ကလည်း ၎င်းမိသားစုအတွက် အဓိကအခက်အခဲမှာ နေရေးဟုပြောသည်။ ၎င်းကိုယ်တိုင်လည်း အသက် (၆၀) နှစ်ရှိပြီဖြစ်ပြီး အလုပ်မရှိသော အချိန်များ၌ အိမ်ဆေးသုတ်အလုပ်လုပ်သည့် သားမက်ဖြစ်သူ၏ ၀င်ငွေကိုသာ မှီခိုနေရသူဖြစ်သည်။

‘‘ဟိုမှာယိုင်နေတဲ့အိမ်က ကျွန်တော်တို့ ငှားနေတဲ့အိမ်ပဲ။ တစ်လကို နှစ်သောင်းပေးရတယ်။ ရေနဲ့မီးက ကိုယ့်ဘာသာကိုယ် ဖန်တီးရတာ။ နေလည်းပြင်း၊ အလုပ်ကလည်းပါးတော့ အပြင်မထွက်နိုင်ဘဲ သားမက်မျက်နှာရိပ်၊ မျက်နှာကဲကြည့်ပြီး ထမင်းစားနေရတာ’’ဟု နေပူပူအောက် မြေနိမ့်နေရာတစ်ခုတွင် တည်ဆောက်ထားသည့် ၁၀ ပေခန့်သာ ကျယ်သည့် အိမ်ကို လက်ညှိုးညွှန်ပြရင်း ဦးတင့်စိန်ကဆိုသည်။

လက်ရှိအစိုးရ ခေါင်းအခဲဆုံးဖြစ်နေသည့် ကျူးပြဿနာမှာလည်း တစ်ဦးချင်းဝင်ငွေပြဿနာနှင့် နေထိုင်မှုအတွက် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေခြင်းက တိုက်ရိုက်သက်ဆိုင်နေသည်။ ကျူးဟုနာမည်မကျော်ခင် မူလအစက အိမ်ခြေမဲ့များသည် နာဂစ်ကဲ့သို့သော သဘာဝဘေးအန္တရာယ်များကြောင့် မူလနေရပ်ကို ကျောခိုင်းကာ စီးပွားရေးမြို့တော်သို့ ခြေချလာသူများဖြစ်သည်။ နာဂစ်အောက် ပြားပြားမှောက်ကာ ရန်ကုန်မြို့သို့ ရောက်လာကြသော လူဦးရေအများစုမှာ ရန်ကုန်မြို့တော်တွင် နှစ်ကာလကြာမြင့်သည့်အထိ အခြေမကျသေးဘဲ အိမ်ရာမဲ့ (သို့) အိမ်ငှားဘ၀နှင့်ပင် ရုန်းကန်နေသေးသည်။

‘‘နာဂစ်ပြီးကတည်းက မနေရဲတော့လို့ ဖြစ်ချင်ရာဖြစ်ဆိုပြီး ရန်ကုန်ကို ထွက်လာခဲ့တာ။ အခုတော့လည်း ဘ၀ပေးက ဖြစ်ချင်တိုင်းကို ဖြစ်နေတုန်းပဲ။ ရပ်ကွက်လူကြီးရဲ့ထောက်ခံချက်နဲ့နေရပြီး ပြောင်းဆိုပြောင်းပေးရမှာလေ’’ဟု တောင်ဒဂုံမြို့နယ် ၁၇ ရပ်ကွက်ရှိ စက်မှုဇုန်မြေကွက်တွင် တဲထိုးနေထိုင်သူ ဒေါ်မြဦးကပြောကြားသည်။

ဒေါ်မြဦး၏သားက စက်မှုဇုန်အတွင်းရှိ ကားပစ္စည်းစက်ရုံတွင် အလုပ်လုပ်နေပြီး သား၏လစာကိုမှီခိုနေရကာ နာဂစ်အပြီး ခြောက်နှစ်ကြာသည်အထိ အိမ်ပိုင်မ၀ယ်သေးဘဲ ငှား၍ပင်မနေနိုင်သေးကြောင်း ပြောသည်။

စိန်ခေါ်မှုများနှင့် ပြည့်နေသည့် မြန်မာနိုင်ငံ၏ အပြောင်းအလဲကာလတွင် အစိုးရအနေဖြင့် နောက်တစ်ကြိမ် ရွေးကောက်ပွဲအတွက် အလုပ်ရှုပ်နေသည့်အပြင် ဖြေရှင်းရမည့်ပြဿနာများအနက်မှ အိမ်ခြံမြေပြဿနာကိုလည်း မေ့လျော့နေဟန်ရှိသည်။ အိမ်ပိုင်မရှိသေးသည့် အိမ်ငှားနေထိုင်သူများက အိမ်ငှားခလစဉ်ပေးနိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးစားနေရသလို ဒေါ်မြဦးတို့လို နီးစပ်ရာမြေလွတ်တွင် နားလည်မှုဖြင့် နေထိုင်နေရသူများကတော့ စားဝတ်နေရေးကို သေရေးရှင်ရေးတမျှ နေ့စဉ်ရုန်းကန်နေရပေဦးမည်။

အသက်(၇၂)နှစ်အရွယ် ဦးလှရွှေကတော့ အိမ်လခပေးရန် ရွေးချယ်စရာလမ်းမရှိသည့်အဆုံး အဖန်ငါးရာ၊ ငါးကမ္ဘာဆိုသည့် ၀ဋ်ကြွေးကိုပင် မကြောက်ရွံ့တော့ပဲ တမလွန်ကို ရွေးချယ်သွားခဲ့သည်။

 သူ၏ နောက်ဆုံးထွက်သက်တွင် စိတ်ရော၊ ကိုယ်ပါ နာကျင်နေပါလိမ့်မည်။       ။

အောင်သစ်လွင်
7Day News Journal အတွဲ (၁၃)၊ အမှတ်(၈)